စီးရီးအေကလပ် နာပိုလီအသင်းသည် လီဗာပူးလ်အသင်းတွင် ရုန်းကန်နေရသည့် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဒါဝင်နူးနက်ဇ်သည် ၂၀၂၃ နွေရာသီတွင် ဘင်ဖီကာအသင်းမှ လီဗာပူးလ်အသင်း သို့ Add-ons ကြေးအပါအဝင် ပေါင် (၈၅)သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
၎င်းသည် နည်းပြဟောင်း ယာဂန်ကလော့ပ်လက်ထက်တွင် ပွဲထွက်ခွင့်ရခဲ့သော်လည်း လက်ရှိနည်းပြ အာနယ်ဆလော့လက်ထက်တွင် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူ ဖြစ်သည်။
ဒါဝင်နူးနက်ဇ်သည် ယခုရာသီတွင် လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၄၅)ပွဲ ပါဝင်ကစားထားသော်လည်း အများစုမှာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး (၇)ဂိုးသာ သွင်းယူထားနိုင်သေးသည်။
ထို့ကြောင့် ယင်းအခြေအနေကို ဒါဝင်နူးနက်ဇ်ကိုယ်တိုင် စိတ်ပျက်နေပြီး လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာရန် အသင့်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
လက်ရှိတွင် ၎င်းအား ခေါ်ယူရန် ဆော်ဒီပရိုလိဂ်က အဓိကစိတ်ဝင်စားနေပြီး ယခုအခါ နာပိုလီအသင်းကပါ စိတ်ဝင်စားလာခြင်းဖြစ်သည်။
နာပိုလီအသင်း၏အားကစားဒါရိုက်တာဖြစ်သူ မန်နာသည် ဒါဝင်နူးနက်ဇ်အား ခေါ်ယူရန်အတွက် လီဗာပူးလ်မြို့သို့ သွားရောက်ပြီး ဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။
လီဗာပူးလ်အသင်းသည် အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဒါဝင်နူးနက်ဇ်အတွက် ပေါင်သန်း (၆၀)နှင့်အထက် အလိုရှိနေကြောင်း သိရသည်။ ဒါဝင် နူးနက်ဇ်ကို ခေါ်ယူရန် အက်သလက်တီကိုကလည်း စိတ်ဝင်စားနေသည်။
Photos : X















