လီဗာပူးလ်အသင်း၏ တိုက်စစ်မှူး ဆာလာက နည်းပြသစ် အာနယ်ဆလော့လက်ထက်တွင် အောင်မြင်မှု မြန်မြန်ဆန်ဆန်ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် ဂျာမန်နည်းပြ ယာဂန်ကလော့ပ်နှင့် လမ်းခွဲပြီးနောက် နယ်သာလန်နည်းပြ အာနယ်ဆလော့ကို ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။
အာနယ်ဆလော့သည် ပထမဆုံးရာသီမှာပင် လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ ဆာလာက France Football နှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် "ကျွန်တော်တို့ အခု လောက်မြန်မြန်ဆန်ဆန် ချန်ပီယံဆုရယူနိုင်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ပါဘူး။ အခုလောက်မြန်မြန်ဆန်ဆန် အောင်မြင်မှုရရှိအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဘယ်သူက ခန့်မှန်းနိုင်မှာလဲ။ ခန့်မှန်းနိုင်မယ့်သူ မရှိဘူးလို့ပဲ ကျွန်တော်ကတော့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဆာလာက အာနယ်ဆလော့သည် ရာသီကြိုကာလမှာကတည်းက မိမိထံမှ မည်သည့်အရာကို မျှော်လင့်နိုင်မည်နည်းဟု မေးမြန်းခဲ့သလို၊ ၎င်းနှင့် ၎င်းင်း၏နည်းပြအဖွဲ့ဝင်များက ပွင့်ပွင့်လင်းလင်းဆွေးနွေးခွင့်ပြုသောကြောင့် မိမိ၏စွမ်းဆောင်ရည် ပိုကောင်းလာခြင်းဖြစ်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ ဆာလာသည် ယခုရာသီတွင် ဥရောပဂိုးသွင်း ဘုရင်ဆုကိုလည်း မျှော်လင့်နိုင်စွမ်းရှိနေသည်။
Photos : X















