အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် Big Six ပြိုင်ဘက်များကို နှစ်ရာသီဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းနှင့် သရေကျခဲ့ပြီးနောက် အဆိုပါမှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ အန်ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် လီဗာပူးလ်အသင်းက ပွဲချိန်(၂၁)မိနစ်မှာပင် (၂-ဝ)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အာဆင်နယ်အသင်းက ဒုတိယပိုင်းတွင် ချေပဂိုးများ ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ (၇၉)မိနစ်တွင် စပိန်ကစားသမား မယ်ရီနို နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသောကြောင့် အာဆင်နယ်အသင်း ရုန်းကန် ခဲ့ရသော်လည်း ဂိုးထပ်မပေးရအောင် တားဆီးသွားနိုင်ခဲ့သည်။ ထို့ကြောင့် အာဆင်နယ်အသင်းသည် Big Six ပြိုင် ဘက်များအား နှစ်ရာသီဆက် ရှုံးပွဲမရှိသည့်မှတ်တမ်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက Big Six ပြိုင်ဘက်များနှင့် ဆုံတွေ့ခဲ့သည့် (၁၀)ပွဲတွင် (၆)ပွဲနိုင်၊ (၄)ပွဲသရေကျခဲ့ပြီး ယခုရာသီ၌ (၅)ပွဲနိုင်၊ (၅)ပွဲ သရေကျခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း Big Six ပြိုင်ဘက်များကို ပရီးမီးယားလိဂ်တွင် ရှုံးနိမ့်ခြင်းမရှိတော့မှာ လီဗာပူးလ်နှင့်ပွဲအထိ ရက်ပေါင်း (၇၄၆)ရက် ကြာမြင့်သွားခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပွဲမကုန်မီ ရယူနိုင်ခဲ့သလို၊ Big Six ပြိုင်ဘက်များနှင့်ဆုံတွေ့မှု၌ အာဆင်နယ်ထက်ပို၍ အမှတ်ယူနိုင်ခဲ့ကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် Big Six ပြိုင်ဘက်များနှင့် ဆုံတွေ့ခဲ့သည့် (၁၀)ပွဲတွင် (၆)ပွဲနိုင်၊ (၃)ပွဲ သရေ၊ (၁)ပွဲရှုံးခဲ့သဖြင့် (၂၁)မှတ်ရရှိခဲ့ပြီး အာဆင်နယ်အသင်းမှာ အမှတ်(၂၀)သာ ရရှိခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်း အရှုံးပေးခဲ့ရသည့် Big Six ပြိုင်ဘက်မှာ ချယ်လ်ဆီးဖြစ်ပြီး Big Six ပြိုင်ဘက်များ၌ အနိုင်မယူသည့်အသင်းမှာမူ နှစ်ကျော့စလုံး သရေကျခဲ့သည့် အာဆင်နယ်အသင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် Big Six ပြိုင်ဘက်များထဲမှ မန်စီးတီးနှင့် စပါးတို့ကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့ပြီး မန်ယူကို တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ချယ်လ်ဆီးကို တစ်ပွဲနိုင်၊ တစ်ပွဲရှုံးခဲ့ ပြီး အာဆင်နယ်နှင့် နှစ်ကျော့စလုံး သရေကျခဲ့ခြင်းဖြစ်သည်။
Photos : X















