လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဆာလာသည် ဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်(FWA)က ပေးအပ်ချီးမြှင့်သည့် ၂၀၂၄-၂၅ ရာသီ အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရ သည်။
ဆာလာ(၃၂ နှစ်)သည် ယင်းဆုကို သုံးကြိမ်မြောက် (၂၀၁၇-၁၈၊ ၂၀၂၁- ၂၂၊ ၂၀၂၄-၂၅) ရရှိခြင်းဖြစ်ပြီး အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီနှင့်အတူ အကြိမ်အများဆုံးရရှိသူအဖြစ် ပူးတွဲရပ်တည်နိုင်ပြီဖြစ်သည်။
ဆာလာသည် လီဗာပူးလ်အသင်း ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ပွဲစဉ် ၃၆ မတိုင်ခင်အထိ ပွဲစဉ်အားလုံး ပွဲထွက်ကစားခွင့် ရရှိထားသလို၊ ဂိုးအများဆုံးစာရင်းတွင် ၂၈ ဂိုးနှင့် ဂိုးဖန်တီးမှု အများဆုံးစာရင်းတွင် ၁၈ ကြိမ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။
ထို့ကြောင့် ၎င်းအနေဖြင့် အင်္ဂလန်နိုင်ငံတစ်ဝန်းရှိ ဘောလုံးဂျာနယ်လစ် ၄၀၀ ဝန်းကျင်၏ စုစုပေါင်းမဲပေးမှု ရာခိုင်နှုန်း ၉၀ နီးပါး ရရှိခဲ့ပြီး ၂၁ ရာစုအတွင်း ဒုတိယနေရာမှ ကစားသမားနှင့် မဲရာခိုင်နှုန်းကွာဟမှု အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လီဗာပူးလ်အသင်းဖော် နောက်ခံလူ ဗန်ဒိုက်က ဒုတိယ၊ နယူးကာဆယ်အသင်းတိုက်စစ်မှူး အီဆက်ခ်က တတိယနှင့် အာဆင်နယ်အသင်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က စတုတ္ထမဲအများဆုံးရရှိခဲ့သည်။
င်္FWA ဆုကို လီဗာပူးလ်ကစားသမားများက ၁၆ ကြိမ်ဖြင့် အကြိမ်အများဆုံး ဆွတ်ခူးရရှိထားသည်။
အမျိုးသမီး အကောင်းဆုံးကစားသမားဆုကို အာဆင်နယ်အသင်းတိုက်စစ်ကစားသမား ရူဆိုက ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။















