၂၀၀၄ ခုနှစ်၊ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပေါ် တို ဗိုလ်စွဲတော့ ဘောလုံးရပ်ဝန်းတစ်ခုလုံး ထိတ်လန့်သွားတယ်။ ၂၀၁၀ ခုနှစ်၊ ချန်ပီယံလိဂ် ဖိုင်နယ်မှာလည်း ဒီအတိုင်းပဲ။ မော်ရင်ဟိုတော့ လုပ်ချလိုက်ပြန်ပြီဆိုပြီး အံ့အားသင့်နေကြတယ်။ ချန်ပီယံလိဂ်မှာ ပေါ် တိုအသင်း ဗိုလ်စွဲတုန်းက သွင်းဂိုးတွေနဲ့ သူရဲကောင်းဖြစ်ခဲ့သူ တောင်အာဖရိကတိုက်စစ်မှူး မက္ကာသီက "မော်ရင်ဟိုက သိပ်ပြီးစိတ်ဓာတ်ပြင်းထန်ပါတယ်။ နည်းစနစ်ပါရဂူပါ။ သူလိုလူမျိုး မမြင်ဖူးပါဘူး။ မော်ရင်ဟိုက ကစားသမားတစ်ယောက်ချင်းစီရဲ့အကြောင်း သိထားသူပါ။ ကစားသမားရဲ့ နောက်ခံသမိုင်းကြောင်း၊ ကစားသမားရဲ့ မိသားစု ဝင်တွေအကြောင်း၊ ကစားသမားရဲ့မိဘတွေ အသက်ရှိနေသေးလားကအစ သိပါတယ်။ သူက ကစားသမားတစ်ဦးကို စိတ်ဓာတ်မြင့်တက်အောင် လူပ်ပေးနိုင်သူပါ။ မော်ရင်ဟိုအတွက် ကစားပေးရတာ တကယ်ပျော်စရာပါ။ သူ့အတွက် ကစားသမားတွေက နံရံကြီးလိုတည်ရှိခဲ့တယ်"လို့ ပြောပြတယ်။
မော်ရင်ဟိုက မိသားစုတစ်ခု ဖန်ဆင်းခဲ့ဖူးတယ်။ မန်ယူနိုက်တက်နဲ့ စပါးအသင်းမှာ ကစားသမား ထိန်းချုပ်နိုင်စွမ်းညံ့တယ်ဆိုပြီး ဝေဖန်ခံရတဲ့မော်ရင်ဟိုရဲ့အတိတ်မှာ မိသားစုတစ်ခု ရှိခဲ့ဖူးတယ်။ သူကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့ မိသားစုလေး နာမည်က အင်တာမီလန်ပါ။ မန်ယူနိုက်တက်မှာ ပေါ့ဘာ၊ စပါးမှာ အယ်လီတို့ဟာ မော်ရင်ဟိုကို သူပုန်ထပေမဲ့ အင်တာမီလန်ကစားသမားတွေအတွက် မော်ရင်ဟိုက Father Figure ဖြစ်ခဲ့ ဖူးတယ်။ အင်တာမီလန်ရဲ့၂၀၁၀ ချန်ပီယံလိဂ်အောင်ပွဲက မမေ့နိုင်စရာပါ။ အဲဒီနှစ်မှာပဲ ဖလားသုံးလုံးအောင်ပွဲ ပိုင်ဆိုင်ခဲ့လို့ ဒဏ္ဍာရီလည်း ဆန်ပါတယ်။ အဲဒီအချိန်တုန်းကတော့ မော်ရင်ဟိုဟာ Master man-manager ဖြစ်ကာ လူထုကို စည်း ရုံးနိုင်စွမ်းမြင့်မားပြီး အသင်းတစ်သင်းရဲ့အသွေးအသားဝိညာဉ်ကို တည်ထောင်နိုင်သူပါ။
အင်တာမီလန်အသင်းမှာ အသင်းခေါင်း ဆောင်ဖြစ်ခဲ့သူ ဇနက်တီက "မော်ရင်ဟိုက မိသားစုတစ်ခုကို ဖန်ဆင်းခဲ့တယ်။ မော်ရင်ဟို ရောက်လာ ပြီးရက်သတ္တပတ်အတွင်းမှာပဲ ကျွန်တော်တို့ အသင်းက မိသားစုလိုမျိုး စည်းလုံးခဲ့ပါတယ်။ မော်ရင်ဟိုအတွက်ဆိုရင် ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် မီးရှို့ပစ်ဆိုလည်း ရှို့ရဲပါတယ်။ ကျွန်တော်တို့နှစ်ဦးကြားဆက်ဆံရေးက နည်းပြနဲ့ကစားသမား၊ နည်းပြနဲ့ အသင်းခေါင်းဆောင်ဆိုတာထက် ပို တယ်။ ကျွန်တော်တို့နှစ်ဦးကြားဆက်ဆံရေးက သိပ်ပြီးခိုင်မြဲခဲ့တယ်။ ကျွန်တော်တို့ အတူရှိခဲ့တဲ့နှစ်ကာလတွေဟာ နှလုံးသားထဲ အမြဲတည်ရှိနေတာပါ။ မော်ရင်ဟိုက ကျွန်တော်တို့ကို အများကြီးသင်ကြားပေးပြီး သမိုင်းတစ်ခုဖန်တီးခွင့်ရအောင် ယုံကြည်စိတ်ပေးခဲ့သူပါ"လို့ ပြောပြတယ်။
ဘဝမှာ အလှပဆုံးအရှုံးဆိုတာ ရှိပါတယ်။ မော်ရင်ဟိုရဲ့အင်တာမီလန်နည်းပြဘဝမှာလည်း အလှပဆုံးအရှုံးကို ပိုင်ဆိုင်ဖူးတယ်။ ၂၀၀၉-၁၀ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အလှပဆုံးအ ရှုံးကို မော်ရင်ဟို ပိုင်ဆိုင်ခဲ့တာပါ။ အင်တာမီလန်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ကတ်တလန်သားတွေက အဲဒီအရှုံးကိုလက်မခံနိုင်ဘူး။ Comeback ကြွေးကြော်သံတွေ ဆူညံခဲ့တယ်။ တကယ်တမ်း ဆီမီးဖိုင်နယ် ဒုတိယအကျော့ကစားချိန်မှာ ဘာစီလိုနာ ပြန်မလာနိုင်ဘူး။ အင်တာမီလန်ကို (၁-ဝ)ဂိုးနဲ့သာ အနိုင်ရလို့ ဖိုင်နယ်နဲ့ ဝေးခဲ့ရပေါ့။အဲဒီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဟာ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာကြား ပထမဆုံး စီးချင်းထိုးပွဲတွေပါ။ ဆာဘော်ဘီရော့ဘ်ဆင် အရိပ်ခိုလှုံဖူးတဲ့ နည်းပြနှစ်ဦးရဲ့ ပထမဆုံး ပဋိပက္ခတွေပါ။ မော်ရင်ဟိုက အဲဒီ၂၀၀၉-၁၀ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဘာစီလိုနာကို ရှုံးတဲ့အပေါ် အလှပဆုံးအရှုံးဆိုပြီး တင်စားတယ်။
၂၀၀၄ ခုနှစ်၊ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပေါ် တို ဗိုလ်စွဲတော့ ဘောလုံးရပ်ဝန်းတစ်ခုလုံး ထိတ်လန့်သွားတယ်။ ၂၀၁၀ ခုနှစ်၊ ချန်ပီယံလိဂ် ဖိုင်နယ်မှာလည်း ဒီအတိုင်းပဲ။ မော်ရင်ဟိုတော့ လုပ်ချလိုက်ပြန်ပြီဆိုပြီး အံ့အားသင့်နေကြတယ်။ ချန်ပီယံလိဂ်မှာ ပေါ် တိုအသင်း ဗိုလ်စွဲတုန်းက သွင်းဂိုးတွေနဲ့ သူရဲကောင်းဖြစ်ခဲ့သူ တောင်အာဖရိကတိုက်စစ်မှူး မက္ကာသီက "မော်ရင်ဟိုက သိပ်ပြီးစိတ်ဓာတ်ပြင်းထန်ပါတယ်။ နည်းစနစ်ပါရဂူပါ။ သူလိုလူမျိုး မမြင်ဖူးပါဘူး။ မော်ရင်ဟိုက ကစားသမားတစ်ယောက်ချင်းစီရဲ့အကြောင်း သိထားသူပါ။ ကစားသမားရဲ့ နောက်ခံသမိုင်းကြောင်း၊ ကစားသမားရဲ့ မိသားစု ဝင်တွေအကြောင်း၊ ကစားသမားရဲ့မိဘတွေ အသက်ရှိနေသေးလားကအစ သိပါတယ်။ သူက ကစားသမားတစ်ဦးကို စိတ်ဓာတ်မြင့်တက်အောင် လူပ်ပေးနိုင်သူပါ။ မော်ရင်ဟိုအတွက် ကစားပေးရတာ တကယ်ပျော်စရာပါ။ သူ့အတွက် ကစားသမားတွေက နံရံကြီးလိုတည်ရှိခဲ့တယ်"လို့ ပြောပြတယ်။ အသင်းတစ်သင်းက ကစားသမားအင်အားပြည်စုံရုံနဲ့ မရပါဘူး။ နည်းပြရဲ့သြဇာအာဏာ၊ ကစားသမားတွေကို စည်းရုံးသိမ်းသွင်းနိုင်စွမ်း၊ ကစားသမားတွေရဲ့ စိတ်အားထက်သန်မှုစတာတွေက သိပ်ပြီးအရေးကြီးတယ်။
စိတ်အားထက်သန်မှုဆိုတာ ဂျိုဆေးမော်ရင်ဟိုရဲ့ DNA အစိတ်အပိုင်းတစ်ခုပါပဲ။ ဆုဖလားအောင်မြင်မှုဆိုတာ ဂျိုဆေးမော်ရင်ဟိုရဲ့ယဉ်ကျေးမှုပဲ။ သူ့ရဲ့ ဘယ်သူမှ သောက်ဂရုမစိုက်တဲ့ မျက်နှာပေးဟာ ဆုဖလားအောင်မြင်မှုတွေကြောင့် ပိုပြီး မာန်ဝင့်ခဲ့ပေါ့။ ဘဝမယ် အကြီးအကျယ် ခမ်းနားခဲ့ပြီးမှ ဇာတာကျသူတစ်ဦးဟာလည်း ဂျိုဆေးမော်ရင်ဟိုပါပဲ။ မော်ရင်ဟိုအလင်းဟာ ဘယ်တုန်းကမှ တိုးဖျမနေခဲ့ဘူး။ မော်ရင်ဟိုဟာ သူ့ ကြွယ်ဝမှုနဲ့သူ၊ မော်ရင်ဟိုဟာ သူ့ အိုင်ဒီယော်လော်ဂျီနဲ့ သူ၊ မော်ရင်ဟိုဟာ သူ့ အတ္တနဲ့ သူ၊ နောက်ဆုံး မော်ရင်ဟိုဟာ သူ့ ပရိသတ်နဲ့သူ တည်ရှိနေတာပါ။
မော်ရင်ဟိုက သူ့ဘဝမှာ ဂုဏ်ယူစရာ အကောင်းဆုံးအချိန်တွေအကြောင်း ပြောပြဖူးတယ်။ အထူးသဖြင့် မန်ယူနည်းပြဘဝကို မော်ရင်ဟို သိပ်ပြီးဂုဏ်ယူခဲ့တယ်။ ပရီးမီးယားလိဂ်မှာ သူဘာ ကောင်လဲဆိုတာ ပြန်လည်ပြသနိုင်အောင် မန်ယူက ကြားခံနယ်မြေ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မန်စီးတီးနဲ့ လီဗာပူးလ်က ခေတ်သစ်တစ်ခုဆီ အားကောင်းမောင်းသန် ချီတက်နေပြီ။ စမတ်ကျတဲ့ စီမံခန့်ခွဲမှုနဲ့ ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်တို့လို နည်းပြတွေရဲ့လက်အောက်မှာ စည်ပင်ဖွံ့ဖြိုးနေပြီ။ မန်ယူက ဆာအဲလက်စ်ဖာဂူဆန်ခေတ်လွန်မှာ ပြန်လည်တည်ထောင်ရေးကာလထဲ တဝဲလည်လည်၊ မော်ရင်ဟိုလည်း စွမ်းသလောက်ကယ်တင် ခဲ့ပါတယ်။ မန်ယူရဲ့ဆုဖလားငတ်မွတ်မှုဝေဒနာကို ဖြေသိမ့်ပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဆင့်(၂) ရအောင် ရုန်းကန်ပေးခဲ့ပါတယ်။ မန်ယူနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် မော်ရင်ဟို နောင်တရမနေဘူး။ သူ့ရဲ့နည်းပြဘဝသက်တမ်းမှာ ဂုဏ်ယူစရာအကောင်းဆုံး အခိုက်အတန့်ဆိုပြီး တင်စားတယ်။
ချယ်လ်ဆီးကို တစ်ခေတ်တည်ထောင် ပေးခဲ့တာ၊ ရီးယဲလ်မှာ ရှင်သန်ခဲ့တာတွေထက် မော်ရင်ဟိုရဲ့အင်တာမီလန်နည်းပြဘဝက ပိုပြီးဂုဏ်ယူစရာ ဖြစ်နေမှာပါ။ မော်ရင်ဟိုကို အရင်တုန်းက ကြည့်မရဘူး။ မောက်မာလွန်းတယ်လို့ ထင်မိတယ်။ ပေါ်တိုနဲ့အတူ သူ့ရဲ့ခမ်းနားအောင်ပွဲတွေဟာ ကမ္ဘာကုန်ကျယ်သရွေ့ တောက်ပခဲ့ပေမဲ့ သိပ်ပြီး Feel မလာခဲ့ဘူး။ ခင်ဗျားတို့ရော မော်ရင်ဟိုကို ဘယ်လို သဘောထားလဲ။ မောက်မာသူလား၊ စကားပရိ ယာယ်ကြွယ်ဝသူလား၊ အောင်ပွဲရ စစ်သူကြီးလား။ လူတွေက မော်ရင်ဟိုကို ချစ်နေဆဲမှာပဲ မသိစိတ်ထဲ မော်ရင်ဟို မုန်းနေမိပြန်တယ်။ မော်ရင်ဟိုနဲ့ ပတ်သက်ရင် ခံစားချက်ဟာ အမြဲတမ်း ရောထွေးနေတတ်တယ်။ ကျွန်တော်လည်း မော်ရင်ဟို ပရိသတ် မဖြစ်ခဲ့ဘူး။ ချယ်လ်ဆီးမှာ မော်ရင်ဟိုရဲ့ ပရိသတ် မဟုတ်ခဲ့ဘူး။ မော်ရင်ဟိုပရိသတ် မဟုတ်တဲ့အပြင် တစ်ခါတလေမှာ ကြည့်မရခဲ့ဘူး။ အဲဒီအချိန်တုန်းက ငွေကြေးနဲ့တည်ထောင်တဲ့အသင်းတွေ၊ ငွေနဲ့ ဖန်ဆင်းတဲ့အသင်းတွေဆိုရင် ကြည့်မရတဲ့ငယ် စိတ်လေးကြောင့် ဖြစ်မယ်ထင်တာပဲ။ ဒါပေမဲ့ အင်တာမီလန်ရောက်ချိန်မှာ မော်ရင်ဟိုကို စကြွေပါပြီ။ အင်တာမီလန်မှာ မော်ရင်ဟို ဖန်ဆင်းသမျှအရာအားလုံးဟာ အနှစ်တွေချည်းပဲ။ သူ့ရဲ့ နည်းပြ သက်တမ်းတစ်လျှောက် ဂန္ထဝင်အဆန်ဆုံး အောင်ပွဲကို မော်ရင်ဟို ပိုင်ဆိုင်ခဲ့တာပါ။ အင်တာမီလန်မှာမော်ရင်ဟိုက ဂန္ထဝင်အောင်ပွဲ ဖန်ဆင်းပြခဲ့တယ်။ မမေ့နိုင်စရာသမိုင်းကို ဖန်ဆင်းပြခဲ့တယ်။ အဲဒီအရာတွေထက် မော်ရင်ဟိုက အင်တာမီလန်မှာ ကိုယ်ပိုင်မိသားစုဘ၀ ရှိခဲ့ဖူးတယ်။ မော်ရင်ဟို တမ်းတလွမ်းမောနေရမယ့် ဘဝလေးပါပဲ။
Photo : X















