(၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များအစည်းအဝေးသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ခဲ့ပြီး ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ လာအိုနှင့် ဘရူနိုင်း နိုင်ငံတို့မှ တာဝန်ရှိသူများနှင့်လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး(25th ASEAN Chiefs of Army Multilateral Meeting - 25th ACAMM)သို့ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်စားတက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၁ ရက်တွင် Mabalacat မြို့ရှိ Hilton Clark Sun Valley Resort ၌ ကျင်းပသော (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသော အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက " Strengthening Partnership and Camaraderie Towards Regional Stability" ခေါင်းစဉ်နှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြကာ နေ့လယ်ပိုင်းတွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး သည် အာဆီယံကြည်းတပ် ဦးစီးချုပ်များနှင့်အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်ဖြစ်သူ Gen Mao Sophan ၊ ထိုင်းဘုရင့် တပ်မတော်၊ လက်ထောက်ကြည်းတပ်ဦးစီးချုပ် Gen. Wasu Chiemsuk ၊ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် Lt. Gen Roy M Galido ၊ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Maj. Gen Phanseng Bounphan ၊ ဘရူနိုင်းဘုရင့် တပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် Bri. Gen Haji Mohammad Shanonnizam bin Sulaiman တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ညနေပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဇနီးတို့သည် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido နှင့် ဇနီးတို့တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့်ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြကြောင်း သိရသည်။