ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုအပြီး နေတိုးနှင့် ယူကရိန်းတို့ အရေးပေါ်ဆွေးနွေးပွဲပြုလုပ်မည်

ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုအပြီး နေတိုးနှင့် ယူကရိန်းတို့ အရေးပေါ်ဆွေးနွေးပွဲပြုလုပ်မည်
Published 23 November 2024

ရုရှားက ယူကရိန်းကို စမ်းသပ်ဆဲအဆင့် ဟိုက်ပါဆောနစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နေတိုးနှင့် ယူကရိန်းတို့ နိုဝင်ဘာ ၂၆ ရက်တွင် အရေးပေါ်ဆွေးနွေးပွဲပြုလုပ်မည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းပဋိပက္ခသည် အဆုံးအဖြတ်ပေးသည့် အဆင့်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်းနှင့် အခြေအနေသည် အလွန်ပြင်းထန်လာကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တာ့စ်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၁ ရက်က ယူကရိန်း၏ နီပရိုမြို့ရှိ စစ်စခန်းတစ်ခုကို ရုရှားက စမ်းသပ်ဆဲအဆင့် ဟိုက်ပါဆောနစ်ပဲ့ထိန်းဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းတွင် လုံခြုံရေးကို တင်းကျပ်ခဲ့ကာ လွှတ်တော်အစည်းအဝေးကိုလည်း ဖျက်သိမ်းခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကမူ အမေရိကန်နှင့် ဗြိတိန်တို့က ယူကရိန်းကို ရုရှားနယ်နိမိတ်အတွင်းရှိပစ်မှတ်များကို တိုက်ခိုက်ရန် ၎င်းတို့ထောက်ပံ့ထားသည့် တာဝေးပစ်ဒုံးကျည်များအသုံးပြုခွင့်ပေးခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် တာလတ်ပစ်  Oreshnik ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ခွန်းပြောကြားခဲ့သည်။

အနောက်နိုင်ငံများ၏ လေကြောင်းကာကွယ်ရေးစနစ်များသည် ထိုဒုံးကျည်အသစ်ကို တားဆီးရန် စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။

Ref: AP

Most Read

Most Recent