EA Sports FC25 ဂိမ်းတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ၁၆ နှစ်အတွင်း Rating အနိမ့်ဆုံးအမှတ်သို့ ရောက်ရှိ

EA Sports FC25 ဂိမ်းတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ၁၆ နှစ်အတွင်း Rating အနိမ့်ဆုံးအမှတ်သို့ ရောက်ရှိ
Photos: Radio Times
Photos: Radio Times
Published 11 September 2024

 

EA Sports FC25 ဂိမ်းတွင် အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီ၏ Rating သတ်မှတ်ချက်သည် ၁၆ နှစ်အတွင်း အနိမ့်ဆုံးအမှတ်သို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။ အသက်အရွယ်အရ ကစားသမားဘဝ အဆုံးသတ်ချိန် နီးလာပြီ ဖြစ်သည့်အတွက် Rating များ တဖြည်းဖြည်း လျော့ကျလာခဲ့ခြင်းလည်း ဖြစ်သည်။

EA Sports FC25ဂိမ်းကို ယခုလနှောင်းပိုင်းတွင် တရားဝင်ဖြန့်ဝေသွားမည် ဖြစ်ပြီး ယခုအခါ ပါဝင်မည့်ကစားသမားများ၏ Rating များကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မက်ဆီသည် ၁၆ နှစ်အတွင်း အနိမ့်ဆုံးသတ်မှတ်ချက်အဖြစ် 88 OVR သာ ရှိခဲ့ပြီး FIFA 08 ကတည်းက 90 အမှတ် အောက်ကို ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့ခြင်းလည်းဖြစ်သည်။ 

မက်ဆီ(၃၇ နှစ်)အနေဖြင့် ဖီးလ်ဖိုဒန်၊ ဂရီးဇ်မန်း၊ ရူဘင်ဒီယက်စ်၊ လီဝန်ဒေါစကီး၊ အိုဘလက်ခ်၊ ဗယ်လ်ဗာဒီ၊ ရူဒီဂါစသည့် ကစားသမားများနှင့် Rating တူအဖြစ် သတ်မှတ်ခံခဲ့ရသည်။ EA Sports FC25 ဂိမ်းတွင် Rating အမြင့်ဆုံးအဖြစ် အမ်ဘာပေ(ရီးယဲလ်မက်ဒရစ်)၊ ရိုဒရီ (မန်စီးတီး)နှင့် ဟာလန်း(မန်စီးတီး)တို့က 91 OVR ဖြင့် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။ 

EA Sports FC25 ဂိမ်း၏ မျက်နှာဖုံးရှင်ဖြစ်သူ ဘယ်လင်ဂမ်(ရီးယဲလ်မက်ဒရစ်)မှာ ဟာရီကိန်း(ဘိုင်ယန်မြူးနစ်)၊ ဗင်နီစီယပ်စ်(ရီးယဲလ်မက်ဒရစ်)၊ ဒီဘရိုင်းနား(မန်စီးတီး)စသည့် ကစားသမားများနှင့်အတူ 90 OVR သတ်မှတ်ခံခဲ့ရသည်။ 89 OVR တွင် ဗန်ဒိုက်(လီဗာပူးလ်)၊ စတီဂန်(ဘာစီလိုနာ)၊ ဆာလာ(လီဗာပူးလ်)၊ အော်ဒီဂွါ(အာဆင်နယ်)၊ လော်တာရိုမာတီနက်ဇ်(အင်တာမီလန်)၊ ဒွန်နာရမ်မာ (PSG)၊ ကော်တိုအာ(ရီးယဲလ်မက်ဒရစ်)စသည့် ကစားသမားများ ရှိနေသည်။ 

မက်ဆီသည် FIFA ဂိမ်းတွင် ၂၀၀၅ ခုနှစ်ကတည်းက စတင်ထည့်သွင်းခံရကာ  ပွဲဦးထွက်ဖြစ်သည့် FIFA 06 ဂိမ်း၌ Rating 78 သာရှိခဲ့ပြီး နောက်နှစ်တွင်မူ 84 သို့ မြင့်တက်လာခဲ့သည်။ FIFA 09 ဂိမ်းကတည်းက Rating 90 နှင့်အထက်တွင် ရှိခဲ့ပြီး အမြင့်ဆုံးအဖြစ် 94 အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ 

မက်ဆီသည် လက်ရှိအချိန်၌ ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် အပေါ့စားလေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိသည်။ မက်ဆီ၏မဟာပြိုင်ဘက်ဖြစ်သူ စီရော်နယ်လ်ဒိုမှာမူ ပြီးခဲ့သည့်နှစ် ဂိမ်းအတိုင်း Rating သတ်မှတ်ချက် 86 သာ ရှိခဲ့သည်။  

Most Read

Most Recent