မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန် မလေးရှားကလပ် ကီလန်တန်အသင်းသို့ ပြောင်းရွှေ့

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန် မလေးရှားကလပ် ကီလန်တန်အသင်းသို့ ပြောင်းရွှေ့
Photo: X
Photo: X
Published 7 September 2024

 

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်သည် မလေးရှားစူပါလိဂ်ကလပ် ကီလန်တန်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။

အောင်ကောင်းမာန်သည် ပြီးခဲ့သည့်ရာသီကုန်တွင် ထိုင်းလိဂ်-၁ သို့ တန်းတက်ခွင့်ရခဲ့သည့် နာခွန်ရတ်ချာစီမာအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းသစ်ရှာဖွေရာ မလေးရှားကလပ် ကီလန်တန်အသင်းနှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ အောင်ကောင်းမာန်သည် မလေးရှားလိဂ်သို့ ဒုတိယအကြိမ် သွားရောက်ကစားခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်က ဆရီပါဟန်းအသင်းတွင် ရာသီဝက် သွားရောက်ကစားခဲ့ဖူးသည်။ 

အောင်ကောင်းမာန်သည် ၁၀ သင်းမြောက် ပြည်ပကလပ် အသင်းအဖြစ် မလေးရှားကလပ် ကီလန်တန် အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး  ရာသီကုန်အထိ စာချုပ်ချုပ်ဆိုထားသည်။ ကီလန်တန်အသင်းသည် ယခုရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲတွင် ရုန်းကန်နေရပြီး စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်ကြောင့် ပြိုင်ပွဲခေတ္တ ရပ်နားထားချိန်တွင် ဇယားအောက်ဆုံးသို့ ရောက်ရှိနေသည်။

အောင်ကောင်းမာန်သည် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပကလပ်များသို့ စတင်သွားရောက်ကစားခဲ့ပြီး ထိုင်းကလပ်များဖြစ်သည့် ထရတ်၊ လမ်ပန်၊ ခွန်ကန်ယူနိုက်တက်၊ အူထုံထာနီ၊ ချောင်ဘူရီ၊ ကာစတန်ယူနိုက်တက်၊ အူထိုင်းထာနီ၊ နာခွန်ရတ်ချာစီမာအသင်း၊ မလေးရှားကလပ်များဖြစ်သည့် ဆရီပါဟန်း အသင်းတို့တွင် ကစားခဲ့ဖူးသည်။ 

ယခုရာသီ မလေးရှားစူပါလိဂ်တွင် အောင်ကောင်းမာန် အပြင် PDRM အသင်း၌ ကွင်းလယ်ကစားသမား ကျော်မင်းဦး၊ နီဂျီရီဆမ်ဘီလန်အသင်း၌ တောင်ပံကစားသမား ဟိန်းထက်အောင် တို့ ပါဝင်ကစားလျက်ရှိသည်။

Most Read

Most Recent