လဝကဝန်ကြီးနှင့် UNFPA ယာယီညှိနှိုင်းရေးမှူး တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး 

လဝကဝန်ကြီးနှင့် UNFPA ယာယီညှိနှိုင်းရေးမှူး တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး 
Published 12 December 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့် အဖွဲ့တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဧည့်ခန်းမတွင် ပည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UNFPA တို့အကြား ယခင်ကတည်းက လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် ယခင်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှု၊ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး တာဝန်ပြီးဆုံးသော်လည်း UNFPA ဌာနေ ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ချိန်တွင် ဝန်ကြီးဌာန၏ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများတွင် တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်၊ ထိုင်းနိုင်ငံအခြေစိုက် UNFPA အာရှ - ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်နေမှုနှင့်ဝန်ကြီးဌာနနှင့် UNFPA တို့အကြား သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့၌ပင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့် အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၁)၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးရုံး (UNRCO) တို့အကြား လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent