ရီးယဲလ်နည်းပြဘဝ ရာသီအဖွင့်အကောင်းဆုံးစွမ်းဆောင်ရည်မှတ်တမ်းကို အန်ဆယ်လော့တီပိုင်ဆိုင်

ရီးယဲလ်နည်းပြဘဝ ရာသီအဖွင့်အကောင်းဆုံးစွမ်းဆောင်ရည်မှတ်တမ်းကို အန်ဆယ်လော့တီပိုင်ဆိုင်
Photo: Carlo Ancelotti
Photo: Carlo Ancelotti
Published 4 December 2023

ရီးယဲလ်မက်ဒရစ်အသင်း၏ အီတလီလူမျိုး ၀ါရင့်နည်းပြ အန်ဆယ်လော့တီသည် ဒီဇင်ဘာ (၃) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ် (၁၅) ရီးယဲလ်မက်ဒရစ် (၂-၀) ဂရန်နာဒါပွဲစဉ်အပြီးတွင် ရီးယဲလ်အသင်းနည်းပြဘဝ ရာသီအဖွင့် ပြိုင်ပွဲစုံပွဲ (၂၀) အပြီး ရလဒ်အကောင်းဆုံးစွမ်းဆောင်ရည်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိ ၂၀၂၃-၂၄ ရာသီအတွင်း ပြိုင်ပွဲစုံပွဲ (၂၀) ယှဉ်ပြိုင်ကစားထားပြီး (လာလီဂါပွဲစဉ် (၁၅)ပွဲနှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅)ပွဲ) ယင်းပွဲ (၂၀)တွင် (၁၇)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ခဲ့ကာ အန်ဆယ်လော့တီအတွက် နည်းပြဘဝစံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းအား ပထမအကြိမ်ကိုင်တွယ်စဉ် ၂၀၁၄-၁၅ ရာသီက ရာသီအဖွင့်ပြိုင်ပွဲစုံ ပွဲ (၂၀)ယှဉ်ပြိုင်ကစားခဲ့ရာ၌ (၁၈)ပွဲနိုင်၊ (၂)ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ခဲ့ပြီး ယခုရာသီတွင်မူ ပွဲ (၂၀)အပြီး၌ ရှုံးပွဲတစ်ပွဲ သာကြုံတွေ့ခဲ့ခြင်းကြောင့် ယခင် စံချိန်ကောင်းကို ကျော်ဖြတ်နိုင်ခဲ့သည်။

ရီးယဲလ်အသင်းသည် ယခုရာသီ လာလီဂါအမှတ်ပေးဇယားတွင် အဆင့် (၁)နေရာ၌ရပ်တည်နေသလို၊ ချန်ပီယံလိဂ်တွင်လည်း ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပြီး အန်ဆယ်လော့တီအတွက် နည်းပြဘဝတစ်လျှောက် ရာသီအဖွင့်ပွဲ (၂၀)အပြီး ပြိုင်ပွဲစုံရှုံးပွဲအနည်းဆုံးရာသီအဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့သည်။

အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းအား ပထမအကြိမ် (၂၀၁၃-၁၄နှင့် ၂၀၁၄-၁၅ ရာသီ)ကိုင်တွယ်စဉ်က ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ဆုဖလား (၄)လုံးရယူနိုင်ခဲ့ပြီး၊ ယခုဒုတိယအကြိမ် (၂၀၂၁-၂၂ ရာသီမှ လက်ရှိအထိ) ကိုင်တွယ်ရာ၌လည်း ချန်ပီယံလိဂ်၊ လာလီဂါချန်ပီယံဆုများအပါအဝင် ဆုဖလား (၆)လုံးအထိ ရယူထားနိုင်ခဲ့သူဖြစ်သည်။ 

Most Read

Most Recent