ရီးယဲလ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဒီဇင်ဘာ(၂၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် Globe Soccer Awards ဆုချီးမြှင့်ပွဲတွင် ယခုနှစ်အတွက် (၉)ခုမြောက်အကောင်းဆုံးဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။Globe Soccer Awards ဆုချီးမြှင့်ပွဲမှာ ဒူဘိုင်းစော်ဘွားများက ကမကထပြုလုပ်ပြီး ရွေးချယ်ချီးမြှင့်သည့် ဆုပေးပွဲဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။၎င်းတို့က ဘောလုံးလောက၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ အကောင်းဆုံးအေးဂျင့်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုများကို စတင်ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံး နည်းပြဆုများကိုလည်း ချီးမြှင့်လာခဲ့သည်။ဒူဘိုင်းတွင် ယခုနှစ်ပြုလုပ်ခဲ့သည့် ဆုပေးပွဲ၌ စုစုပေါင်းဆု(၁၀)ခု ချီးမြှင့်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို စီရော်နယ်လ်ဒို၊ ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်၊ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းဆုကို ရီးယဲလ်၊ ကမ္ဘာ့အကောင်းဆုံး အသင်းဥက္ကဋ္ဌဆုကို ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်၊ ကမ္ဘာ့အကောင်းဆုံး ဒိုင်လူကြီးဆုကို အင်္ဂလန်ဒိုင်လူကြီး ကလက်တန်ဘတ်၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအေးဂျင့်ဆုကို အီတလီအေးဂျင့် ရွိုင်အိုလာတို့ ရရှိခဲ့ကြသည်။ကျန်ဆု(၄)ဆုမှာမူ ဒေသဆိုင်ရာ ဆုများဖြစ်ပြီး ပင်လယ်ကွေ့အကောင်းဆုံးဘောလုံးသမားဆုကို အယ်လ်အိန်းအသင်းမှ ယူအေအီးကစားသမား အက်ဘ်ဒူရာမန်၊ ပင်လယ်ကွေ့အကောင်းဆုံးအသင်းဆုကို ဆော်ဒီကလပ် အယ်လ်ဟီလယ်လ်၊အာရပ်အကောင်းဆုံးဘောလုံးသမားဆုကို အီဂျစ်ကစားသမား ဆာလာ၊ တရုတ်အကောင်းဆုံးဘောလုံးသမားဆုကို ကွမ်ကျိုးအဲဗားဂရင်းအသင်းမှ ကျန်ဇီတို့ ရရှိခဲ့ကြောင်း သိရှိရသည်။စီရော်နယ်လ်ဒိုသည် ဆုချီးမြှင့်ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိဘဲ ဗီဒီယိုမက်ဆေ့ချ်ပေးပို့၍သာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။ယခုဆုမတိုင်မီ ၂၀၁၆ ခုနှစ်အတွင်း စီရော်နယ်လ်ရရှိခဲ့သည့် အကောင်းဆုံးဆုများမှာ Ballon d'Or ဆု၊ UEFA မှ ချီးမြှင့်သည့် ဥရောပအကောင်းဆုံးကစားသမားဆု၊ World Soccer မှ ချီးမြှင့်သည့်ဆု၊ Four Four Two မှ ချီးမြှင့်သည့်ဆု၊ ESPN မှ ချီးမြှင့်သည့်ဆု၊ ဒီစတီဖာနိုဆု၊ Goal.com မှ ချီးမြှင့်သည့်ဆု၊ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရွှေဘောလုံးဆုတို့ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၆ Globe Soccer Awards ဆုချီးမြှင့်ပွဲတွင် စီရော်နယ်လ်ဒို ယခုနှစ်အတွက် (၉)ခုမြောက် အကောင်းဆုံးဆုရရှိ