နီနီခင်ဇော်၊ စိုးသူနှင့် ဝိုင်းစုခိုင်သိန်း အပါအဝင် အနုပညာရှင် အချို့၏ လူမှုရေး ပြဿနာဂယက်များ

နီနီခင်ဇော်၊ စိုးသူနှင့် ဝိုင်းစုခိုင်သိန်း အပါအဝင် အနုပညာရှင် အချို့၏ လူမှုရေး ပြဿနာဂယက်များ
Published 25 December 2016

နီနီခင်ဇော်၊ စိုးသူနှင့် ဝိုင်းစုခိုင်သိန်း အပါအဝင် အနုပညာရှင်အချို့၏ လူမှုရေး ပြဿနာ ဂယက်များမှာ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ပရိသတ်များကြားတွင် ပျံ့နှံ့ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်အတွင်း ထင်ရှားသည့် အနုပညာဖြစ်ရပ် တစ်ခုအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။
တေးသံရှင် နီနီခင်ဇော်၏ အိမ်ထောင်ရေးနှင့် ပတ်သက်သည့် သတင်းစကားတစ်ရပ်နှင့် ဓာတ်ပုံများမှာ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ဦးစွာထွက်ပေါ်လာခဲ့ပြီးနောက် တေးသံရှင် နီနီခင်ဇော် ကိုယ်တိုင် အွန်လိုင်းရုပ်သံ တစ်ခုဖြစ်သည့် Myanmar Celebrity ရုပ်သံနှင့် တွေ့ဆုံ ဖြေကြားမှုတစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါ ဖြေကြားမှုအပြီးတွင် နီနီခင်ဇော်၏ အိမ်ထောင်ရေးနှင့် ပတ်သက်သည့် ဝေဖန်ပြောဆိုမှုများ လူမှုကွန်ရက် စာမျက်နှာထက်တွင် ပိုမိုပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။ တေးသံရှင် နီနီခင်ဇော်က ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရေးသားပြောဆိုမှုများအား တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အတန်ငယ် ငြိမ်သက်သွားခဲ့သည်။  
နီနီခင်ဇော်နည်းတူ ၂၀၁၆ ခုနှစ်အတွင်း ထပ်မံပျံ့နှံ့ခဲ့သည့် အကြောင်းအရာ တစ်ခုမှာ သရုပ်ဆောင် အဆိုတော်စိုးသူ၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ဖြစ်သည်။ ဇနီးဟောင်းဖြစ်သူက ၎င်း၏လူမှုကွန်ရက် စာမျက်နှာများထက်တွင် ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် စိုးသူ လွဲှအပ်ထားသည့် ရှေ့နေမှ သရုပ်ဆောင်စိုးသူနှင့် ပတ်သက်သည့် ရေးသားဖော်ပြမှုများအပေါ် သတိပေး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နှစ်ကုန်ပိုင်း အတွင်းတွင် သရုပ်ဆောင် အဆိုတော်စိုးသူနှင့် စိုးမြတ်နန္ဒာတို့ အသုံးပြုသည့် လူမှုကွန်ရက် စာမျက်နှာများထက်တွင် နှစ်ယောက်တွဲ ရိုက်ကူးထားသည့် ဓာတ်ပုံများအား Cover Photo အဖြစ် တင်ပြီးနောက်တွင် ဇနီးဟောင်းဖြစ်သူကလည်း ၎င်းတို့၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ဖွင့်ဟဝန်ခံထားသည့် ဗီဒီယိုဖိုင်ကို အွန်လိုင်းတွင် တင်ပေးခဲ့သည်။ ယင်းနောက် သရုပ်ဆောင်စိုးသူကလည်း အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားမှုကို ၎င်း၏ လူမှုကွန်ရက် စာမျက်နှာထက်တွင် ရေးသားဖော်ပြခဲ့သည်။
အခြားဖြစ်စဉ်တစ်ခုမှာ ဝိုင်းစုခိုင်သိန်း၏ အိမ်ထောင်ရေး ကွာရှင်းခဲ့မှု ဖြစ်သည်။ အိမ်ထောင်သက် နှစ်နှစ်ကျော်အတွင်း မကြာခင် ကလေးယူတော့မည်ဟု အင်တာဗျူးအချို့တွင် ဖြေကြားပြီးနောက် မကြာမီတွင် တရားဝင် ကွာရှင်းပြတ်စဲပြီး ဖြစ်ကြောင်း ကြေညာချက်အား နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ ဝိုင်းစုခိုင်သိန်း၏ အိမ်ထောင်ရေး ကွာရှင်းပြတ်စဲမှု သတင်းနှင့် မရှေးမနှောင်းပင် ထပ်မံကွာရှင်း ပြတ်စဲခဲ့သူ တစ်ဦးမှာ တေးသံရှင်အောင်လဖြစ်ပြီး ဝိုင်းစုခိုင်သိန်းနှင့် အောင်လတို့၏ နှစ်ယောက်တွဲပုံများ အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ခြင်းကြောင့် ပရိသတ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်ခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်း ထပ်မံထင်ရှားသည့် အနုပညာဖြစ်ရပ် တစ်ခုမှာ ဂီတအနုပညာရှင်များစွာထံမှ ကျပ်သိန်းတစ်သောင်းကျော်ကို ကဗျာဘွဲ့မှူးက ရယူသွားကာ ပြန်လည်ပေးအပ်ရန် ရှောင်တိမ်းနေသည့် ဖြစ်စဉ်ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် အနုပညာရှင်များက သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး လက်ရှိအချိန်တွင် စီအိုင်ဒီမှ လွဲှပြောင်း ရယူကာ စစ်ဆေး ဆောင်ရွက်မှုမှုများ ပြုလုပ်လျက်ရှိသည်။      
အထက်ပါ ဖြစ်စဉ်များမှာ ၂၀၁၆ ခုနှစ်အတွင်း ပရိသတ်များကြား လှုပ်ခတ်စေခဲ့သည့် အနုပညာလောကအတွင်းမှ ထင်ရှားသည့် ဖြစ်ရပ်များ ဖြစ်သည်။

Most Read

Most Recent