၂၀၁၆ ခုနှစ်အတွင်း ပေါ်ပေါက်လာသည့် စာအုပ်တိုက်များ၏ အိမ်တိုင်ရာရောက်စာအုပ် ပို့ဝန်ဆောင်မှု

၂၀၁၆ ခုနှစ်အတွင်း ပေါ်ပေါက်လာသည့် စာအုပ်တိုက်များ၏ အိမ်တိုင်ရာရောက်စာအုပ် ပို့ဝန်ဆောင်မှု
Published 25 December 2016
ပြည့်စုံနေဝင်း

၂၀၁၆ ခုနှစ် စာပေလောကအတွင်း ဈေးကွက်သစ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်မှာ စာအုပ်တိုက်များ၏ အိမ်တိုင်ရာရောက် စာအုပ်ပို့ ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည်။
စာဖတ်သူများအတွက် စာအုပ်ဆိုင် ရှားပါးလာခြင်း၊ နယ်မြို့များသို့ အသစ်ထွက် စာအုပ်များ အချိန်နှင့်တစ်ပြေးညီ မရောက်ရှိနိုင်ခြင်းနှင့် အချိန်ရှားပါးသည့် လက်ရှိလူနေမှုဘဝတွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အချိန်မပေးနိုင်သည့် စာဖတ်သူများအတွက် အစရှိသည့် ခေတ်၏တောင်းဆိုမှုများအရ ယခုနှစ်အတွင်း အိမ်တိုင်ရာရောက် စာအုပ်ပို့ဝန်ဆောင်မှုလုပ်ငန်း ပေါ်ပေါက်လာသည်။
လူတန်းစား အသီးသီးကြား ကျယ်ပြန့်လာသည့် လူမှုကွန်ရက်ကို အသုံးပြုကာ အသစ်ထွက်ရှိသည့်စာအုပ်၊ စာရေးဆရာအလိုက် စုစည်းထားသည့် စာအုပ်များ၊ အကြောင်းအရာအလိုက် စုစည်းထားသည့် စာအုပ်စာရင်းများ အစရှိသည်တို့ဖြင့် စာဖတ်သူများကို ဆွဲဆောင်ကာ အိမ်အရောက် ပို့ဆောင်ပေးသည့် အိမ်တိုင်ရာရောက် ဝန်ဆောင်မှု စနစ်သည် စာဖတ်သူများအတွက် အဆင်ပြေသည့်အပြင် စာအုပ်တိုက်များ အတွက်လည်း အခြေအနေတစ်ခုအထိ အောင်မြင်ခဲ့သည်။
ငါတို့စာပေမှ တည်ထောင်ခဲ့သည့် WE Destribution အွန်လိုင်း အခြေစိုက်စာအုပ် အရောင်းဆိုင်သည် တည်ထောင်သည့် သုံးလတာအတွင်း စာအုပ်ပေါင်း ၂၀၀၀၀ ကျော် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့ရသည်။
“စာပေလောကမှာ လူတွေက ပြောကြတယ်။ စာအုပ်တွေ ရောင်းမကောင်းဘူး။ လူတွေ စာဖတ်အားကျလို့ စာမဖတ်ကြလို့လို့ ပြောကြတယ်။ တကယ်တော့ စာဖတ်အား မကျပါဘူး။ စာဖတ်ချင်တဲ့သူတွေဆီ စာအုပ်တွေ မရောက်တာ။ ဝယ်ချင်လာအောင် မရောင်းနိုင်တာတွေက အဓိက အချက်လို့ မြင်ပါတယ်။ အမှာတွေကလည်း ပိုပိုတိုးလာနေပါတယ်။ လူပိုသိလေ ပိုများလေပါပဲ။ အခုခေတ်မှာ မြို့မှာနေတဲ့သူတွေကလည်း အချိန်မရတာနဲ့ ကားပိတ်တာနဲ့ စာအုပ်ဆိုင်တွေကို တကူးတက မသွားနိုင်ကြတာတွေ ရှိတယ်။ နယ်ကလူတွေမှာလည်း စာအုပ်တော့ ဖတ်ချင်ပေမယ့် ဝယ်ဖို့စာအုပ်ဆိုင် မရှိတာတွေ၊ စာအုပ်ဝယ်ဖို့ ခက်ခဲတဲ့ အခြေအနေတွေကြောင့် စာမဖတ်ဖြစ်တာတွေ ရှိတယ်။ ကျွန်တော်တို့ ထုတ်ဝေသူတွေဘက်မှာကျတော့လည်း နယ်တွေထိ အရောက်မဖြန့်နိုင်တဲ့ ဖြန့်ချိရေးစနစ် အခက်အခဲတွေ၊ စာအုပ်တင်လို့ရမယ့် စာအုပ်ဆိုင်မရှိတဲ့ အနေအထားတွေမှာ ဒီအိမ်တိုင်ရာရောက်ပို့ စနစ်က အဆင်ပြေစေပါတယ်” ဟု WE Destribution မှ ကိုစန်းမွန်အောင်က ပြောကြားသည်။
ထို့ပြင် စိတ်ကူးချိုချို စာအုပ်တိုက်မှလည်း ပို့ဆောင်ရေး လုပ်ငန်းနှစ်ခုနှင့် ချိတ်ဆက်ကာ စိတ်ကူးချိုချိုတိုက်ထုတ် စာအုပ်များကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုစနစ်ကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ စာအုပ်တိုက်များမှ တစ်ဆင့် အိမ်တိုင်ရာရောက် ပို့ဆောင်ခြင်းများအပြင် ပုဂ္ဂလိက ပို့ဆောင်ရေးအချို့မှလည်း စာအုပ်ပို့ဆောင်ပေးခြင်း ဝန်ဆောင်မှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ စာအုပ်ပို့ဆောင်ခများမှာ စာအုပ်၏ ဈေးနှုန်းအပြင် ကျပ် ၁၀၀၀ ဝန်းကျင်သာ ပိုမိုကျသင့်သဖြင့် မှာယူသူများဘက်မှလည်း အဆင်ပြေစေသည့်အပြင် နယ်မှမှာယူသူများ အနေဖြင့်လည်း သုံးရက်အတွင်း စာအုပ်ရောက်ရှိနိုင်ကြောင်း သိရသည်။ 

Most Read

Most Recent