အွန်လိုင်း အသုံးပြုသူများကြားတွင် ပျံ့နှံ့ခဲ့သည့် မြန်မာပေါကားများရပ် လှုပ်ရှားမှုမှာလည်း ၂၀၁၆ ခုနှစ်တွင် အနုပညာလောက အတွင်း၌ ထင်ရှားခဲ့သည့် ဖြစ်ရပ်တစ်ခုအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။ မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် ပါဝင်နေသည့် အားနည်းချက်များ၊ ယုတ္တိပိုင်းဆိုင်ရာ လျော့နည်းမှုများ၊ အနုပညာပိုင်းဆိုင်ရာ အားနည်းချက်များအပေါ် ပရိသတ်များ၏ အမြင်များကို စုစည်းထားသည့် မြန်မာပေါကားများရပ် လှုပ်ရှားမှုအဖြစ် Facebook Page တစ်ခုထောင်ကာ စတင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာပေါကားများရပ် လှုပ်ရှားမှုကို စတင်ခဲ့ပြီးသည့် နောက်ပိုင်းတွင် ပရိသတ်များစွာက မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ၏ အားနည်းချက်များကို ဝေဖန်ထောက်ပြသည့် စာသားများအား အဆိုပါ Facebook Page တွင် ဝင်ရောက်ရေးသား ဖော်ပြခဲ့ကြသည်။ မြန်မာပေါကားများရပ် လှုပ်ရှားမှုနှင့် ပတ်သက်၍ အနုပညာရှင်အချို့၏ တုံ့ပြန် ပြောဆိုမှုများမှာလည်း ပရိသတ်ဝေဖန်မှု ပိုမိုမြင့်တက်စေခဲ့သည်။
လူငယ်ဒါရိုက်တာ ညိုမင်းလွင် အပါအဝင် အနုပညာရှင်အချို့မှာမူ မြန်မာပေါကားများရပ် လှုပ်ရှားမှုသို့ လာရောက်ပါဝင်ရန် အစီအစဉ်ရှိပြီး မြန်မာဇာတ်ကားများ၏ အားနည်းချက်များအပေါ် ပရိသတ်များ၏ ဝေဖန်ထောက်ပြမှုများအား ကြားသိလိုခြင်းအတွက် ယင်းကဲ့သို့ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ မြန်မာပေါကားများရပ် လှုပ်ရှားမှုမှာ ဒီဇင်ဘာလကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် စီစဉ်ထားသည်။
မြန်မာပေါကားများရပ် လှုပ်ရှားမှုနှင့် ပတ်သက်၍ လူမှုကွန်ရက် အသုံးပြုသူ အများအပြားက စိတ်ဝင်စားပါဝင်ခဲ့ကြကြောင်း သိရသည်။ လက်ရှိတွင် မြန်မာရုပ်ရှင်ဇာတ်ကားများအား အရေအတွက် များစွာ ရိုက်ကူးလျက်ရှိပြီး ဇာတ်ကား ၁၀၀ ကျော် ရုံတင်ပြသရန် တန်းစီ စောင့်ဆိုင်းလျက်ရှိကာ ဗီဒီယို ဈေးကွက်မှာမူ သိသာစွာ ကျဆင်းသွားပြီး ထိပ်တန်းသရုပ်ဆောင် အများအပြားမှာ ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုအား လျှော့ချထားကြောင်း သိရသည်။ ဗီဒီယို ဈေးကွက်အတွင်းတွင် သရဲ၊ တစ္ဆေ၊ စုန်း၊ ဝိညာဉ်နှင့် သိုက်သမိုင်း ဇာတ်ကား အများအပြား ထွက်ရှိလျက်ရှိကြောင်းလည်း သိရသည်။
အွန်လိုင်း အသုံးပြုသူများကြားတွင် ပျံ့နှံ့ခဲ့သည့် မြန်မာပေါကားများရပ် လှုပ်ရှားမှု