မြန်မာခေတ်ပြိုင် စာပေလောကတွင် ထင်ရှားခဲ့သည့် စာရေးဆရာကြီး ဇော်ဇော်အောင်
မြန်မာခေတ်ပြိုင် စာပေလောကတွင် ထင်ရှားခဲ့သည့် စာရေးဆရာကြီး ဇော်ဇော်အောင်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၉) နှစ်ရှိပြီဖြစ်သည့် ဆရာကြီး ဇော်ဇော်အောင်သည် နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ဆရာကြီး ဇော်ဇော်အောင်၏ အမည်ရင်းမှာ ဦးဇော်မြင့်သက် ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် မန္တလေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး ပထမနှစ်တွင်ပင် ကဗျာများ စတင်ရေးသားခဲ့ကာ ၁၉၅၄ ခုနှစ်တွင် သွေးသောက် မဂ္ဂဇင်းတွင် ဇော်သလ္လာ ကလောင်အမည်ဖြင့် စာညွန့်တစ်ပုဒ် ဖော်ပြခံခဲ့ရသည်။ ၁၉၅၆ ခုနှစ် မန္တလေးတက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် အကြော်သည်လေး (The Story of a Friend Pieseller) ဝတ္ထုတိုကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားခဲ့ပြီး စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ဆရာဇော်ဇော်အောင်၏ ထင်ရှားသည့် စာအုပ်အချို့မှာ ပီတာဇော်မြင့်နှင့် ယုဇနမခင်ပျို၊ ခံစားကြည့်ပါ မကြည်ပြာ၊ အနုပညာစံ၊ စာပေသဘော တရားအခြေခံကျမ်း၊ စာပေဝေဖန်ရေး သဘောတရား အခြေခံကျမ်း၊ စာပေါင်းသိုက်အက်ဆေး၊ ပို့စ်မော်ဒန်သီဝရီများ၊ မကြည်ပြာနှင့် ယုဇနမခင်ပျို အစရှိသည့် စာအုပ်များ ဖြစ်သည်။
စာရေးဆရာ ကဗျာဆရာကြီး မောင်လင်းယုန် (ရှမ်းပြည်)
ဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်) သည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ပန်ကရိယ ကင်ဆာဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် (၈၃) နှစ်ရှိပြီ ဖြစ်သည်။
စာရေးဆရာ၊ ကဗျာဆရာကြီး မောင်လင်းယုန် (ရှမ်းပြည်) သည် ရှမ်း (ဓနု) လူမျိုးဖြစ်ကာ ရန်ကုန်တက္ကသိုလ် ကလောင်အသင်း ဥက္ကဋ္ဌ၊ တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ကော်မတီ၊ အိုးဝေမဂ္ဂဇင်း ကော်မတီတို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ ဆရာကြီး မောင်လင်းယုန် (ရှမ်းပြည်) သည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ၊ ဆောင်းပါး၊ ပြဇာတ်တို့ကို ရေးသားခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာနတွင်လည်း အမှုထမ်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် မတရားအသင်းအက်ဥပဒေနှင့် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည်။
စွမ်းသူ့အားမာန် ဂျက်လန်ဒန်၏ ဝတ္ထုတိုများ၊ ငုယင်ဗန်တွိုင်း (ဇာနည်ချစ်လင်) ဘာသာပြန်၊ အားသစ် အင်သစ် စွမ်းမာန်သစ် (ပြဇာတ်ပေါင်းချုပ်)၊ ပွင့်ဦးမြေခ ကြွေလင့်ရလေပြီ (ပြဇာတ်ရှည်)၊ ရှမ်းရိုးမကဗျာများ (မောင်တင်မြိုင်(အင်းလေး)နှင့်ပူးတွဲ) အစရှိသည်တို့မှာ ဆရာကြီး၏ ထင်ရှားသည့် စာပေလက်ရာများ ဖြစ်သည်။
စာရေးဆရာကြီး မောင်သာရ
ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း၊ ကျဉ်တုတ်ခံဝံ့ မခံဝံ့၊ မတ်တပ်ရပ်လို့ လမ်းမှာငို အစရှိသည့် စာပေလက်ရာများ အပါအဝင် လုံးချင်းဝတ္ထုပေါင်း ၆၀ ကျော်၊ ဝတ္ထုတိုပေါင်း ၃၀၀ ကျော် ရေးသားခဲ့သည့် စာရေးဆရာ မောင်သာရသည် ဖေဖော်ဝါရီ ၂၉ ရက်တွင် အမေရိကန်နိုင်ငံ၌ ကွယ်လွန်ခဲ့သည်။
၁၉၉၉ ခုနှစ်တွင် နိုင်ငံရေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ဆရာကြီး မောင်သာရသည် ကွယ်လွန်ချိန်တွင် အသက် (၈၅) နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။ ဆရာ မောင်သာရ၏ အမည်ရင်းမှာ ဦးသိန်းလွင်ဖြစ်ပြီး မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ကာ ၁၉၅၁ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်၊ ပြန်ကြားရေးနှင့် ဝါဒဖြန့်ချိရေးဗျူရို အတွင်းရေးမှူးအဖြစ် တင်မြှောက်ခံခဲ့ရသည်။ ၁၉၅၃ ခုနှစ်တွင် မန္တလေးတက္ကသိုလ် ကျောင်းသားတပ်ဦး ခေါင်းဆောင်အဖြစ် တာဝန်ယူထားချိန်တွင် ဖမ်းဆီးခံခဲ့ရကာ ၁၉၅၅ ခုနှစ်အထိ ထောင်ချခံခဲ့ရပြီး ကျောင်းထုတ်ခံခဲ့ရသည်။
မောင်သာရသည် ၁၉၅၅ ခုနှစ်တွင် ရှုမဝမဂ္ဂဇင်း၌ ‘ညှာရွှေတစ်ခက် ကြွေရက်ကယ်စော’ ဝတ္ထုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ စာရေးဆရာ မောင်သာရသည် ၁၉၇၀ ပြည့်နှစ်တွင် ‘မတ်တတ်ရပ်လို့ လမ်းမှာငို’ ဝတ္ထုဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။ ‘မောင်သိန်းလွင်၏ မစန်းစန်းဝင့်’ စာအုပ်သည် ဆရာကြီး၏ အကြောင်းကို ရေးသားထားသည့် စာအုပ်ဖြစ်ကာ ထဘီကျွတ်၍ လွှတ်လိုက်မည်၊ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း၊ မတ်တတ်ရပ်လို့ လမ်းမှာငို၊ ကျဉ်တုတ်ခံဝံ့ မခံဝံ့၊ ယုန်နှင့်အတူပြေး ခွေးနှင့်အတူလိုက် အစရှိသည့် စာအုပ်များသည် ထင်ရှားသည့် စာအုပ်များ ဖြစ်သည်။
ဒေါက်တာရီဇော် အပါအဝင် ဘာသာပြန် စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည့် စာရေးဆရာ မြတ်ငြိမ်း
စာရေးဆရာကြီး မြတ်ငြိမ်းသည် ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ပင်လုံဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၈) နှစ်ရှိပြီဖြစ်သည့် စာရေးဆရာကြီး မြတ်ငြိမ်းသည် ဘာသာပြန် စာအုပ်ပေါင်းများစွာ ရေးသားခဲ့ပြီး ဒေါက်တာရီဇော် (ဖိလစ်ပိုင် လွတ်လပ်ရေး အာဇာနည် အမျိုးသားခေါင်းဆောင်)၊ ဘယ်သူ့ဒိန်ခဲ ငါနေရာရွှေ့လို့ရမည်လဲ၊ ဒီဘိုးနိုးဦးထုပ်ခြောက်လုံး ဖိနပ်ခြောက်ရန် တွေးခေါ်နည်းနှင့် လုပ်ဆောင်နည်း၊ အဖေပေးတဲ့ အမွေ၊ ဘဝကို ကြက်ခြေခတ်ခဲ့ရပေမယ့်၊ အနာဂတ် လက်ဆောင်မွန်၊ ချမ်းသာဖေဖေ ဆင်းရဲဖေဖေနဲ့ ချမ်းသာလူငယ် စမတ်လူငယ် အစရှိသည့် စာအုပ်များသည် ထင်ရှားသည့် စာအုပ်များ ဖြစ်သည်။ ဆရာမြတ်ငြိမ်းသည် ‘နှလုံးသားထဲမှာ အဖြေရှာ’ စာအုပ်ဖြင့်၂၀၀၁ ခုနှစ် အမျိုးသားစာပေဆု ရရှိခဲ့သည်။
မြန်မာသံစဉ်တေးသံရှင် ဟင်္သာတထွန်းရင်
မြန်မာသံစဉ်တေးသံရှင် ဟင်္သာတထွန်းရင်သည် နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ နေအိမ်၌ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ် ရှိပြီဖြစ်သည်။ ဟင်္သာတဦး ထွန်းရင်သည် ဓာတ်ပြားခေတ်၊ တိပ်ခွေခေတ်၊ စီဒီခေတ်များ၌ မြန်မာသံစဉ် တေးစီးရီးများစွာ သီဆိုခဲ့သူဖြစ်ပြီး မိဘမေတ္တာဖွဲ့ တေးသီချင်းများ၊ မင်္ဂလာတေးသီချင်းများစွာကို သီဆိုခဲ့သူလည်း ဖြစ်သည်။ ဟင်္သာတဦးထွန်းရင်သည် တေးသီချင်းများကို ကိုယ်တိုင်ရေးဖွဲ့ သီဆိုခဲ့သူ တစ်ဦးလည်းဖြစ်ပြီး အမေနဲ့ ရွာကိုလွမ်းတယ်၊ မိသားစု ကန်တော့ပွဲ၊ မွေးမေကျေးဇူးဆပ်ဖူးချင်တယ်၊ စိန်နားကပ်နဲ့ ပဲကြီးလှော်စသည့် တေးသီချင်းများမှာ အောင်မြင် ထင်ရှားခဲ့သည်။
ဟာသသရုပ်ဆောင် ရှက်တယ်
ဟာသလူရွှင်တော် သရုပ်ဆောင် ရှက်တယ်မှာ မေ ၂၁ ရက်တွင် အစာအိမ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ လူရွှင်တော် တစ်ဦးအဖြစ်သာမက ဟာသသရုပ်ဆောင် တစ်ဦးအဖြစ်လည်း ပရိသတ် အားပေးမှု ရရှိထားသူဖြစ်သည်။
စတီရီယို ခေတ်ဦးတေးသံရှင် ဇော်မင်းလေး
စတီရီယိုခေတ်ဦးတေးသံရှင် ဇော်မင်းလေးသည် မေ ၆ ရက်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၀) နှစ်ဖြစ်ကာ အောင်မြင်သည့် တေးသီချင်းများစွာကို သီဆိုခဲ့သူ ဖြစ်သည်။
တေးရေးဆရာ ဦးမောင်မောင်ဈာန်
အဆိုတော် ကိုင်ဇာသီဆိုခဲ့သည့် ‘မိုး’ တေးသီချင်းအား ရေးသားခဲ့မှုဖြင့် နာမည်ကျော်ကြားခဲ့သည့် တေးရေးဦးမောင်မောင်ဈာန်သည် စက်တင်ဘာ ၂၂ ရက်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၅၇) နှစ် ရှိပြီဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း ကြွေလွင့်ခဲ့သော အနုပညာရှင်များ