မြန်မာ့ဇာတ်သဘင် လောကသားများအတွက် အားတက်ဖွယ် ဖြစ်စေခဲ့သည့် လှုပ်ရှားမှု၊ ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အဖွဲ့၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များအား Weekly Eleven News Journal ၏ ၂၀၁၆ ခုနှစ်အတွက် ထင်ရှားကျော်ကြားကဏ္ဍတွင် မြန်မာ့ဇာတ်သဘင် လောကမှ လုပ်ဆောင်ချက်တစ်ခုအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။
လက်ရှိတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အဖွဲ့ကို နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သဘင်ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ ဗဟိုအလုပ်အမှုဆောင်များ၏ သက်တမ်းကို နှစ်နှစ်သို့ ပြောင်းလဲသတ်မှတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။
အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) တွင် ဥက္ကဋ္ဌအဖြစ် မင်းသား ဖိုးချစ်၊ ဒုဥက္ကဋ္ဌ (၁) မန္တလေး နေဝင်း(ဆိုင်း)၊ ဒုဥက္ကဋ္ဌ (၂) ပဲခူးစိန်မြအောင်(ဆိုင်း)၊ အတွင်းရေးမှူး ဦးမိုးဝင်း၊ အတွင်းရေးမှူး(၁) မြန်မာပြည်ကျောက်စိမ်း(ဆိုင်း)၊ အတွင်းရေးမှူး (၂) ဖိုးသင်္ကြန် (ဆိုင်း)၊ စည်းရုံးရေးမှူး နန်းခင်မွှေး၊ ပြန်ကြားရေးမှူး ပတ္တမြားကေခိုင်၊ စာရင်းစစ်မအေးမော်၊ ဘဏ္ဍာရေးမှူး ကိုဇော်ဝင်း စသူတို့ အသီးသီးဖြင့် ရွေးချယ်ခံရပြီး တာဝန်ထမ်းဆောင်လျက် ရှိသည်။
မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အဆင့် အလုပ်အမှုဆောင် အဖွဲ့သစ် ဖွဲ့စည်းပြီးချိန်တွင် ပြည်နယ်၊ တိုင်းဒေသကြီးနှင့် မြို့နယ်အလိုက် အလုပ်အမှုဆောင်သစ်များ ပြန်လည်ဖွဲ့စည်းခြင်း၊ သဘင်ပညာရှင်များ၏ လူမှုရေး၊ ကျန်းမာရေးနှင့် အခြားသော ခက်ခဲမှုများအား ထောက်ပံ့ ကူညီနိုင်မည့် သဘင်လူမှုကူညီ စောင့်ရှောက်ရေး ကော်မတီများကို (ဗဟို) အဆင့်မှ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် သဘင်လူမှုကူညီ စောင့်ရှောက်ရေး ကော်မတီများ ဖွဲ့စည်းကာ သဘင်လောကသားများအတွက် ကူညီမှုများ လုပ်ဆောင်လျက် ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းမှ သဘင် အနုပညာရှင်များနှင့် ဇာတ်သဘင် တည်ထောင်သူ၊ ဆိုင်းအဖွဲ့ တည်ထောင်သူများအကြား ဖြစ်ပေါ်လာသည့် အခက်အခဲများကို တစ်ပြေးညီ ဖြေရှင်းနိုင်ရန်အတွက်လည်း စည်းကမ်းချက်များ ပြဋ္ဌာန်းနိုင်ခဲ့သည်။
သဘင်လောကသားများ ကြုံတွေ့နေရသည့် တည်ထောင်သူများအတွက် ငွေထုတ်ချေးမှုများကိုလည်း မြန်မာနိုင်ငံသဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) ၏ ဥက္ကဋ္ဌ ဖိုးချစ်၏ ကြိုးစားမှုနှင့်အတူ လုပ်ဆောင်ပေးလျက် ရှိသည်။ ထို့ပြင် သဘင်အနုပညာ ဖျော်ဖြေရေး၏ ပုံရိပ်ကို စွမ်းစွမ်းတမံ မြှင့်တင်ရန် မျှော်မှန်းချက်ရှိသည်နှင့်အညီ မြန်မာ့သဘင်၏ ဂုဏ်ယူဖွယ်ရာ၊ မြတ်နိုးဖွယ်ရာ ပုံရိပ်များကို ကိုယ်စားပြုသော သီချင်းတစ်ပုဒ် ထွက်ပေါ်လာရန် လိုအပ်သည်ဟု ခံယူထားခြင်းတို့ကြောင့် သဘင်သီချင်းပြိုင်ပွဲ ဖိတ်ခေါ်ထားပြီး သီချင်းရွေးချယ်မှု ပြုလုပ်လျက် ရှိသည်။
ထို့ပြင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာပင် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ ဦးဆောင်ကာ သဘင်လူမှုကူညီ စောင့်ရှောက်ရေးအဖွဲ့များ၏ ဝိုင်းဝန်း လုပ်ဆောင်မှုဖြင့် သဘင်သက်ကြီး ပူဇော်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိသည်။
သဘင်လောကသားများအတွက် အားတက်ဖွယ် ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)