အဓိပတိဖွား တေးစီးရီးသစ်ဖြင့် အောင်မြင်မှု မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည့် တေးသံရှင် ဝေလ

အဓိပတိဖွား တေးစီးရီးသစ်ဖြင့် အောင်မြင်မှု မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည့် တေးသံရှင် ဝေလ
Published 25 December 2016
လင်းလင်းခိုင်

၂၀၁၆ ခုနှစ်အတွင်း ထပ်မံထွက်ရှိခဲ့သည့် အဓိပတိဖွား တစ်ကိုယ်တော် တေးစီးရီးသစ်ဖြင့် အောင်မြင်မှု မှတ်တိုင် စိုက်ထူနိုင်ခဲ့သည့် တေးသံရှင်ဝေလကို ယခုနှစ်၏ ထင်ရှားသည့် ဂီတအနုပညာရှင် တစ်ဦးအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။ တေးသံရှင်ဝေလ၏ အဓိပတိဖွား တေးစီးရီးမှာ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်ပြီး စတင်ထွက်ရှိစဉ် ကတည်းကပင် ပရိသတ်လက်ခံ အားပေးမှု များပြားခဲ့သည့် တေးစီးရီးခွေ ဖြစ်သည်။
အဓိပတိဖွား တေးစီးရီးတွင် တေးရေး ညီညီသွင်၊ ရွှေဂျော်ဂျော်၊ ဗီနိုထွန်း၊ အောင်ကိုမြင့်နှင့် ဝေလတို့ ရေးသားထားသည့် တေးသီချင်းများ ပါဝင်ပြီး ဝေလ၏ ကိုယ်ပိုင်ဟန်အတိုင်းပင် ထူးခြားသည့် သီချင်းစာသားရေးဖွဲ့မှု၊ မတူကွဲပြားသည့် ဂီတပုံစံတို့ဖြင့် ဖန်တီးသီဆိုထားခြင်း ဖြစ်သည်။ ‘အနီးဆုံးရန်သူ၊ လွယ်လွယ်လေးရခဲ့တော့၊ ၃၆၀၊ နောင်တ၊ လူဖြစ်ခွင့်ပေး’ စသည့် တေးသီချင်းများမှာ အခွေထွက်ရှိပြီး အချိန်ပိုင်း အတွင်းပင် ပရိသတ်များကြားထဲ၌ ရေပန်းစား ပျံ့နှံ့ခဲ့သည့် တေးသီချင်းများ ဖြစ်ခဲ့သည်။ ‘အနီးဆုံးရန်သူ’ တေးသီချင်းပါ ‘၁၅ မိနစ်ကျော်ရင် အလိုလို လွမ်းလာတယ်’ စာသားမှာ ပရိသတ်များကြား အသုံးများ ပျံ့နှံ့ခဲ့သည့် စာသားတစ်ခု ဖြစ်လာခဲ့သည်။
“အဓိပတိဖွား တေးစီးရီးက ကျွန်တော်ဖန်တီးချင်တဲ့ အနုပညာကို ထပ်မံဖန်တီးခဲ့တာပါပဲ။ စိတ်ထဲမှာ ခံစားရနေတဲ့အရာ၊ နှလုံးသားမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာကို ခံစားသီဆိုလိုက်တဲ့ သဘောပါပဲ။ ပရိသတ်တွေ ကြိုက်တယ်ဆိုတော့ ဝမ်းသာပါတယ်။ တချို့သီချင်းတွေက ပရိသတ်နဲ့ ထပ်တူကျသလို တချို့သီချင်းတွေက ထပ်တူမကျတာတွေလည်း ရှိပါတယ်။ ကျွန်တော့်အနေနဲ့တော့ အကောင်းဆုံး အားထုတ်မှုတွေကို အမြဲတမ်း လုပ်နေမှာပါ” ဟု တေးသံရှင်ဝေလက ဆိုသည်။
တေးသံရှင်ဝေလသည် ၁၉၈၂ တစ်ကိုယ်တော် တေးစီးရီး ဦးစွာထွက်ရှိခဲ့ပြီး ‘ဆိုင်းဘုတ်ကိုင်ပြီးလမ်းလျှောက်မယ်’ တေးသီချင်းနှင့် ပရိသတ်စတင် သတိထားမိစေသူ ဖြစ်သည်။ ထို့နောက် ‘မိတ်ကပ်မကြိုက်သောသီချင်းများ’ တွင် ပါဝင်ခဲ့သော တေးသီချင်းများဖြင့် ပရိသတ်အားပေးသည့် တေးသံရှင်တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် တတိယမြောက် တစ်ကိုယ်တော် တေးစီးရီးအဖြစ် ‘အဓိပတိဖွား’ ကို ထွက်ရှိပြီးနောက် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ‘ကုတင် အမှတ် ၁၈’ မီနီအယ်လ်ဘမ် ထွက်ရှိထားသည်။ 

Most Read

Most Recent