အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ နောက်ဆုံးပွဲအဖြစ် မြန်မာနှင့် ထိုင်း ယနေ့ ယှဉ်ပြိုင်ကစားမည်

အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ နောက်ဆုံးပွဲအဖြစ် မြန်မာနှင့် ထိုင်း ယနေ့ ယှဉ်ပြိုင်ကစားမည်
Published 24 December 2016

အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၇ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စု (ဂ) နောက်ဆုံးနေ့ ပွဲစဉ်များကို ဒီဇင်ဘာ ၂၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်ရေး အဆုံးအဖြတ်ပွဲအဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။ နောက်ဆုံးနေ့ပွဲစဉ်အဖြစ် ညနေ ၃ နာရီတွင် ကာဂျစ္စတန်အသင်းနှင့် ပါလက်စတိုင်းအသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်း နှင့် ထိုင်းအသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အုပ်စု ဒုတိယနေ့ ပွဲစဉ်များအပြီးတွင် ခြေစစ်ပွဲအောင်မြင်ရန် နှစ်ပွဲစလုံး အနိုင်ရရှိထားသည့် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သာ မျှော်လင့်ချက်ရှိတော့ပြီး ကျန်နှစ်သင်း မှာ ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက်မရှိတော့ပေ။ အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် အသင်းများ အမှတ်တူနေပါက နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု စည်းမျဉ်းဖြင့် ဦးစားပေး ဆုံးဖြတ်မည်ဖြစ်သော်လည်း မြန်မာအသင်းနှင့် ထိုင်းအသင်းတို့မှာ နောက်ဆုံးပွဲတွင် ထိပ်တိုက် တွေ့ဆုံနေသောကြောင့် သရေကျခဲ့ပါက ဂိုးကွာခြားချက်ဖြင့်သာ ဆုံးဖြတ်ရမည် ဖြစ်သည်။
ထိုင်းအသင်းသည် ဂိုးကွာခြားချက်တွင်  မြန်မာအသင်းထက် အသာရနေသောကြောင့် နောက်ဆုံးပွဲတွင် သရေကျရုံဖြင့် ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ မြန်မာ အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းမြင့်သွင်ကမူ ထိုင်းအသင်းကို အနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ “ကာဂျစ္စတန်အသင်းနဲ့ပွဲမှာ ရသင့်တဲ့ဂိုးတွေ မရခဲ့တာကြောင့် ထိုင်းအသင်းထက် သွင်းဂိုးနည်းခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးပွဲမှာ ထိုင်းအသင်းကို အနိုင်ရမှ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။ မဖြစ်မနေ အနိုင်ကစားရမယ်ဆိုပေမယ့် ဖိအားမရှိပါဘူး။ ထိုင်းအသင်းကိုကျော်ဖြတ်ပြီး ခြေစစ်ပွဲအောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးဝင်းမြင့်သွင်က ပြောကြားသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် ၂၀၁၃ ပြိုင်ပွဲ၌ နောက်ဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent