ဘရာဇီးလ်ကလပ် ချာပီကိုအန်ဆီရီးယဲလ်အသင်းသည် Copa Sudamericana ချန်ပီယံဆုဖလားကို ဒီဇင်ဘာ ၂၁ ရက်က လက်ခံရယူခဲ့ကြောင်း သိရသည်။
ပါရာဂွေးနိုင်ငံ၌ ကျင်းပသည့် ၂၀၁၇ ရာသီ ကိုပါလီဘာတာဒိုးစ် ဖလားပြိုင်ပွဲ ပွဲစဉ်ရေးဆွဲခြင်း အခမ်းအနားတွင် ယင်းဆုဖလား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ချာပီကိုအန်ဆီအသင်း ဥက္ကဋ္ဌသစ် ပလီနီယိုဒေးဗစ်က လက်ခံရယူခဲ့သည်။ ချာပီကိုအန်ဆီအသင်းသည် ကိုလံဘီယာကလပ် အက်သလက်တီကိုနေစီယွန်နယ်အသင်းနှင့်Copa Sudamericana ပြိုင်ပွဲ ဗိုလ်လုပွဲ ပထမအကျော့ ယှဉ်ပြိုင်ကစားရန် သွားရောက်စဉ် နိုဝင်ဘာ ၂၈ ရက်က ကိုလံဘီယာနိုင်ငံ မယ်ဒယ်လင်မြို့၌ လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ချာပီကိုအန်ဆီအသင်း ကစားသမား ၁၉ ဦးအပါအဝင် လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၇၁ ဦးသေဆုံးခဲ့ရာ နေစီယွန်နယ်အသင်းက ၎င်းတို့အား ဂုဏ်ပြုသည့် အနေဖြင့် ချန်ပီယံဆုပေးအပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ချာပီကို အန်ဆီအသင်းဥက္ကဋ္ဌ ပလီနီယိုဒေးဗစ်သည် ဆုဖလား လက်ခံရယူစဉ် နေစီယွန်နယ် အသင်းဥက္ကဋ္ဌ ဂျီမီနက်ဇ်ကိုပါ ဖိတ်ကြားခဲ့ပြီး ပူးတွဲလက်ခံရယူကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ချာပီကိုအန်ဆီအသင်းသည် ယင်းပြိုင်ပွဲ၏ ချန်ပီယံဖြစ်သောကြောင့် ကိုပါလီဘာတာဒိုးစ်ဖလား ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။