အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၇ အာရှယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စု (ဂ) ဒုတိယနေ့ ကို ဒီဇင်ဘာ ၂၂ ရက် (ယနေ့) တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာ အသင်းသည် ကာဂျစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းသိရသည်။
ဒုတိယနေ့အဖြစ် ညနေ ၃ နာရီတွင် ထိုင်းအသင်းနှင့် ပါလက်စတိုင်းအသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် ကာဂျစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ပါလက်စတိုင်းနှင့် ကာဂျစ္စတန်အသင်းသည် ပထမပွဲတွင် ဂိုးပြတ်ရှုံးနိမ့်ထားသည့် အသင်းများဖြစ်ပြီး မြန်မာ၊ ထိုင်းအသင်းတို့နှင့် ခြေစွမ်းပိုင်း ကွာဟသောကြောင့် ယခုပွဲတွင်လည်း ပေးဂိုးနည်းရန်သာ ကြိုးပမ်းရဖွယ်ရှိနေသည်။ ခြေစစ်ပွဲ အောင်မြင်ရေး ကြိုးပမ်းနေသည့် မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ယခုပွဲတွင် ဂိုးပြတ်သွင်းယူနိုင်မှသာ နောက်ဆုံးပွဲတွင် သရေကျပါက ဂိုးကွာခြားချက်တွင် အသာရမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပထမပွဲတွင် မြန်မာအသင်းက ပါလက်စတိုင်းအသင်းကို (၁၀-ဝ) ဂိုး၊ ထိုင်းအသင်းက ကာဂျစ္စတန်အသင်းကို (၇-ဝ) ဂိုးဖြင့် အနိုင်ရထားသည်။ ပါလက်စတိုင်းအသင်း နည်းပြချုပ် ကန်နော့စ်ကလည်း မြန်မာနှင့် ထိုင်းအသင်းမှာ အသင်းကောင်းများဖြစ်ကြောင်း ပထမပွဲအပြီးတွင် သုံးသပ်ပြောကြားခဲ့သည်။ “ဒီအုပ်စုမှာ မြန်မာနဲ့ ထိုင်းက အသင်းကောင်းတွေဖြစ်ပါတယ်။ သူတို့တွေက တစ်မျိုးစီ ကောင်းတဲ့အသင်းတွေဖြစ်ပြီး ကစားပုံလည်း ဆင်တူပါတယ်။ ခြေစစ်ပွဲအောင်မယ့် အသင်းကိုတော့ မှန်းဆရခက်ခဲပါတယ်။ ထိုင်းနဲ့ပွဲမှာလည်း ပေးဂိုးနည်းအောင် ကြိုးစားမှာပါ” ဟု ၎င်းက ပြောကြားသည်။
အာရှ ယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲအုပ်စု ဒုတိယနေ့ပွဲများ ယနေ့ဆက်လက်ကျင်းပမည် ဖြစ်ပြီး အိမ်ရှင်မြန်မာ ယူ-၁၉ အသင်း ဂိုးပြတ်ရှုံးနိမ့်ထားသည့် ကာဂျစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ရမည်