ကမ္ဘာကျော် ဘောလုံးအားကစားသတင်း ဝက်ဘ်ဆိုက်ဖြစ်သည့် Goal.com သည် မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူး အောင်သူကို ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၏ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။
Goal.com မှ အယ်ဒီတာများနှင့် ယင်းဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူ (၃၀၀၀၀) ကျော်သည် ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၏ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် အောင်သူကို မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၂၀) ဝန်းကျင်သာ ရှိသေးသည့် မြန်မာ့လက်ရွေးစင်အသင်း နှင့် ရတနာပုံအသင်းတို့၏ လူငယ်တိုက်စစ် ကစားသမားဖြစ်သူ အောင်သူသည် ပြီးခဲ့သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် (၅) ပွဲကစားခဲ့ရာ၌ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့နှင့် ကစားခဲ့သည့်ပွဲများတွင် (၂) ဂိုး သွင်းယူပေးခဲ့သည်။
ထို့ပြင် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်သူသည် ဂိုးကန်သွင်းမှု (၁၄) ကြိမ်၊ ဂိုးပေါက်တည့်မှု (၁၀) ကြိမ်နှင့် ဂိုးဖန်တီးမှု (၁၂) ကြိမ်ရှိခဲ့ကြောင်း သိရသည်။ အောင်သူ သည် ၂၀၁၅ ခုနှစ် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ အကောင်းဆုံး လူငယ်ကစားသမားဆု (AFF Youth Player of the Year) ကို ရရှိထားခဲ့သူဖြစ်ကြောင်း သိရသည်။