အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၇ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဂ) ပွဲစဉ်များကို ဒီဇင်ဘာ ၂၀ ရက် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ခြေစစ်ပွဲ အုပ်စုပထမနေ့အဖြစ် ညနေ ၃ နာရီတွင် ထိုင်းအသင်းနှင့် ကာဂျစ္စတန်အသင်း၊ ညနေ ၆ နာရီတွင် အိမ်ရှင်မြန်မာအသင်းနှင့် ပါလက်စတိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ယင်းခြေစစ်ပွဲတွင် မြန်မာ၊ ပါလက်စတိုင်း၊ ထိုင်း၊ ကာဂျစ္စတန်အသင်းတို့ ပါဝင်နေပြီး တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၁၇ အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲကို အုပ်စုလေးခုခွဲ၍ ကျင်းပခဲ့ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု (ဂ) မှလွဲ၍ ကျန်အုပ်စုများမှာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ အုပ်စု (ဂ) မှာ အိမ်ရှင်နိုင်ငံ အပြောင်းအလဲကြောင့် ကျင်းပသည့်ရက် နောက်ကျနေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းခြေစစ်ပွဲယှဉ်ပြိုင်ရန် ကာလရှည် လေ့ကျင့်ပြင်ဆင်ထားပြီး လက်ရွေးစင်အသင်း၌ ရွေးချယ်ခံထားရသည့် ကစားသမားအချို့ ပါဝင်လျက်ရှိသည်။ အုပ်စုအနေအထားအရ မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရန် ထိုင်းအသင်းနှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေပြီး ပါလက်စတိုင်း၊ ကာဂျစ္စတန်အသင်းတို့နှင့် ပွဲများတွင် သွင်းဂိုးများစွာ သွင်းယူနိုင်ရန် လိုအပ်နေကြောင်း သိရသည်။ ကျင်းပပြီးစီးခဲ့သည့် ခြေစစ်ပွဲအုပ်စုများတွင် အုပ်စု (က) မှ သြစတြေးလျ၊ အုပ်စု (ခ) မှ ဥဇဘက်ကစ္စတန်၊ အုပ်စု (ဃ) မှ ဗီယက်နမ်အသင်းတို့ ခြေစစ်ပွဲ အောင်မြင်ထားသည်။ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးတစ်သင်းတည်းသာ ခြေစစ်ပွဲအောင်မည် ဖြစ်သည်။
၂၀၁၇ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဂ) ပွဲစဉ်များ ဒီဇင်ဘာ ၂၀ ရက် စတင်ကျင်းပမည် ခြေစစ်ပွဲ ပထမပွဲအဖြစ် ထိုင်းနှင့် ကာဂျစ္စတန်၊ အိမ်ရှင်မြန်မာနှင့် ပါလက်စတိုင်းတို့ ယှဉ်ပြိုင်ကစားမည်