ထွန်းထွန်းမင်းနှင့် ဒေ့ဗ်လက်ဒပ် ယှဉ်ပြိုင်ထိုးသတ်မည့် Air KBZ ရွှေအောင်လံလုပွဲ ဒီဇင်ဘာ ၁၁ ရက် ကျင်းပမည်

ထွန်းထွန်းမင်းနှင့် ဒေ့ဗ်လက်ဒပ် ယှဉ်ပြိုင်ထိုးသတ်မည့် Air KBZ ရွှေအောင်လံလုပွဲ ဒီဇင်ဘာ ၁၁ ရက် ကျင်းပမည်
Published 10 December 2016

Air KBZ ရွှေအောင်လံလုပွဲ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူ အားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းနှင့် ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်တို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကစားသမား နှစ်ဦးသည် ပထမအကြိမ် တွေ့ဆုံစဉ်က အရှုံးအနိုင် မပေါ်ဘဲ သရေကျခဲ့သောကြောင့် စိတ်မကျေပွဲ ပြန်လည် ထိုးသတ်ခြင်းဖြစ်သည်။
ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်သည် မြန်မာရိုးရာ လက်ဝှေ့၏ နာမည်ကြီး ကစားသမားများဖြစ်သည့် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနှင့် တူးတူးတို့ကို သရေထိုးသတ်ထားနိုင်သူဖြစ်ကာ မြန်မာ့ရိုးရာလက်ဝှေ့တွင် ဆိုင်းရပ်စ်ပြီးနောက် နာမည်ရလာသည့် နိုင်ငံခြားသား လက်ဝှေ့သမားလည်း ဖြစ်သည်။ ယင်းစိန်ခေါ်ပွဲတွင် အမျိုးသမီးပွဲစဉ် တစ်ပွဲလည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပွဲစဉ်များအဖြစ် လွမ်ချိုင်းနှင့် စိန်လုံးချော၊ ထွန်းမင်းနိုင်နှင့် မိုက်သွေး၊ စွမ်းထက်နိုင်နှင့် ဒေါင်းဖြူ၊ ချိုင်းထူးနှင့် စောသဲဦး၊ ဗိုစိုးအောင်နှင့် ထွန်းနိုင်ဦး၊ ရာမာဉ်နှင့် ထက်အောင်ဦး၊ ဖျံသွေးနှင့် ဟာဒီ (အီရန်)၊ ထွန်းထွန်းမင်းနှင့် ဒေ့ဗ်လက်ဒပ်တို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ကာ အမျိုးသမီးပွဲစဉ်အဖြစ် ရွှေစင်မင်းနှင့် မိုမိုကို (ဂျပန်) တို့ ယှဉ်ပြိုင်မည် ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အရှုံးအနိုင်ပေါ်သည့် ပွဲများတွင် ဆုတံဆိပ်၊ အောင်လံနှင့် ရွှေခါးပတ်တို့ ချီးမြှင့်မည်ဖြစ်ပြီး သရေကျပါက ရွှေတံဆိပ်ဆုသာ ချီးမြင့်မည်ဖြစ်ကြောင်း သိရသည်။ ထွန်းထွန်းမင်းနှင့် ဒေ့ဗ်လက်ဒပ်တို့ ယှဉ်ပြိုင်ထိုးသတ်မည့် စိတ်မကျေပွဲမှာ ပရိသတ် အကြိုက်တွေ့နိုင်သည့် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပြီး အရှုံးအနိုင် ထွက်ပေါ်လာရန်လည်း မျှော်လင့်လျက် ရှိသည်။ တူးတူးနှင့် ထိုးသတ်ရာတွင် အစီး သရေထိုးနိုင်ခဲ့သည့် ဒေ့ဗ်လက်ဒပ်သည် ထွန်းထွန်းမင်းနှင့် ဆက်လက် ယှဉ်ပြိုင်ရာတွင်လည်း သရေထပ်မံ ရယူခဲ့သူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent