ဒီတစ်ပတ်မှာ ဆင်းရဲမှုလျှော့ချရေးကို အထောက်အကူဖြစ်စေနိုင်မယ့် ကုန်သွယ်မှု လုပ်ငန်းတွေကနေ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အကျိုးပြုနိုင်စေဖို့ စိုက်ပျိုးရေး ထုတ်ကုန်တွေနဲ့ ပတ်သက်တာတွေကို ရေးသားတင်ပြပေးမှာ ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ ကုန်သွယ်မှုကနေ နိုင်ငံစီးပွား တိုးတက်လာပြီး ဆင်းရဲမှုလျှော့ချရေးကို အလေးအနက်ထား လုပ်ဆောင်နိုင်စေမယ့် ကုန်ကြမ်းပစ္စည်းတွေ များစွာရှိပါတယ်။ သို့ပေမဲ့ အတိတ်ကာလရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကနေ ဆင်းရဲချမ်းသာ ကွာဟမှု မြင့်မားလာစေခဲ့တယ်။
မိုင်ပေါင်း ၁၀၀၀ ရဲ့အစက ပထမဦးဆုံးလှမ်းလိုက်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ ပထမလှမ်းခဲ့တဲ့ ခြေလှမ်းက ဦးတည်ချက်မှန်ကန်ဖို့ လိုအပ်တယ်။ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီမိုကရေစီအသွင်း ကူးပြောင်းရေးကာလကို နိုင်ငံသားတွေ အားလုံးနီးပါးက အကောင်းဘက်ကနေ မျှော်မှန်းခဲ့ကြတယ်။ နိုင်ငံတစ်နိုင်ငံမှာ ခေါင်းဆောင်လုပ်သူရဲ့အနာဂတ်အမြင်နဲ့ အတွေးတွေကောင်းစေဖို့ရှိသင့်တဲ့ အရှိပညာ၊ သိသင့်တဲ့ အသိပညာတွေရှိဖို့ လိုအပ်တယ်။ သို့ပါမှ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ရလာစေမှာ ဖြစ်ပါတယ်။ အစပြုကြွေးကြော်သံကတော့ အင်မတန်ကောင်းပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံခန့်ခွဲမှု (Good Governance) နဲ့ သန့်ရှင်းတဲ့အစိုးရ (Clean Government) တဲ့လေ။ နိုင်ငံသားတွေက ဟုတ်နိုးဟုတ်နိုးနဲ့ တွေးဆမျှော်မှန်းခဲ့ပေမယ့် ဖြစ်မလာခဲ့ပါ။ ပြီးရင် လုပ်ပိုင်ခွင့်အာဏာနဲ့ ငွေကြေးတွေနဲ့ ဆင်းရဲသားတွေရဲ့ မြေယာတွေ သိမ်းဆည်းခဲ့ရာမှာ ဆင်းရဲမှု ပပျောက်ရေးဆိုတဲ့ ကြွေးကြော်သံအတိုင်း ဆင်းရဲသားတွေ ပိုမိုဆင်းရဲလာစေပြီး ဆင်းရဲချမ်းသာ ကွာဟမှုမြင့်တက် ဆင်းရဲတွင်း နက်လာစေခဲ့တယ်။
ဒီလိုနဲ့ လူထုအင်အားပြုတဲ့ ပါတီကို မဲပုံအောပေးခဲ့ရာမှာ လူထုအားနဲ့ ပုံဖော်ပေးမယ့် အစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့တယ်။ သို့ပေမဲ့ အတိတ်က လုပ်ဆောင်ချက် အမှားတွေကြောင့် ကျန်ရစ်ခဲ့တဲ့ အရှုပ်ထုပ် အမှိုက်ထုပ်ကို ရှင်းနေရတာနဲ့ ရှေ့ကိုလှမ်းမယ့် ခြေလှမ်းတွေမှာ အားနည်းလာခဲ့တယ်။ အတိတ်ကာလ ဖန်တီးခဲ့တဲ့ အကျင့်ပျက်ခြစားမှုက နေရာတိုင်းမှာ ရှိနေဆဲဖြစ်တယ်ဆိုတာ ပြည်သူ့အသံတွေမှာ အမြဲကြားနေရတယ်။ ဒါကို အမြင်ကောင်းနဲ့ မမြင်နိုင်အောင် လုပ်ဆောင်ခဲ့တဲ့ ပညာသားပါပါ ရည်ရွယ်ချက်ရှိရှိ ပုံဖော်ခဲ့တဲ့ နည်းလမ်းသုံးသွယ်ဖြစ်တဲ့ ကြောက်စိတ်များစေမှု၊ ပညာမဲ့စေမှုနဲ့ ဆင်းရဲတွင်းနက်စေမှုက လူတွေကို အရာရာမှာ အတွေးချော်မှုတွေ ဖြစ်လာစေခဲ့တယ်။ လက်ရှိအုပ်ချုပ်သူ အဖွဲ့တွေမှာ ရာခိုင်နှုန်းပြည့် ခြောက်ပြစ်ကင်း သဲလဲမစင်သေးတာတွေ ရှိနေသေးတယ်လို့ ဆိုနေကြတယ်။ လူရဲ့သဘောက အာဏာရှိလာရင် အာဏာကို အသုံးချတတ်ကြတယ်။ ငွေရှိရင် ငွေနဲ့အရာရာကို အသုံးချလုပ်ဆောင် တတ်ကြတာက ဓမ္မတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့အနှစ် ၂၀ ဝန်းကျင်လောက်က စာရေးသူ သိထားသလောက် ကမ္ဘာ့နိုင်ငံတွေကို ဖွံ့ဖြိုးဆဲနိုင်ငံ (Developing Countries)၊ ဖွံ့ဖြိုးသည့်နိုင်ငံ (Developed Countries) နဲ့ စက်မှုနိုင်ငံ (Industrialized Countries) တွေလို့ သုံးမျိုးခွဲခြားထားတာ သိခဲ့ရပေမယ့် အစဉ်အမြဲ ပြောင်းလဲလာနေတဲ့ ဒီကနေ့ခေတ်မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ စာရင်းတွေမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေပါ ထည့်သွင်းလာရာမှာ အဲဒီအထဲက စာရေးသူတို့နိုင်ငံပါ ပါသွားတာက ဝမ်းနည်းဖွယ်ရာ ဖြစ်ပါတယ်။ သယံဇာတတွေ ဒီလောက်ပေါကြွယ်ဝတဲ့ နိုင်ငံက ဘာကြောင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းမှာ ပါသွားရတာလဲ။ အရင်းစစ်တော့ အမြစ်မြေကဆိုတာလို စာရေးသူတို့နိုင်ငံကို စစ်အာဏာရှင်စနစ်နဲ့ နှစ်ပေါင်းရာစုနှစ်ဝက်ကျော် အုပ်ချုပ်ခဲ့သူတွေရဲ့ မတော်လောဘနဲ့ နိုင်ငံရဲ့သယံဇာတတွေ ရယူပိုင်ဆိုင်သွားကြတဲ့ အချက်က အဓိကပင်ဖြစ်နေတယ်။
စာရေးသူတို့နိုင်ငံက စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံ ဖြစ်တယ်။ လယ်လုပ်သူ လယ်ပိုင်စေရမယ်ဆိုတာက ကြွေးကြော်သံအဖြစ်သာရှိခဲ့ပြီး တကယ်တမ်းမှာ လယ်သမားတွေရဲ့ မြေတွေက လယ်မလုပ်သူတွေ လက်ထဲရောက်သွားတယ်။ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ရင်းအမှန်ရှိကြရင် မိမိတို့မတော်မတရား ရယူထားတဲ့မြေတွေ ယာတွေ ဥစ္စာဓနတွေကို နိုင်ငံတော်ကို စနစ်တကျပြန်လည် ပေးအပ်ကြစေလိုတယ်။
ဒီနေရာမှာ ဆင်းရဲမှုလျှော့ချရေး (Poverty Alleviation) ရဲ့တိုင်းတာမှုတစ်ခု ဖြစ်တဲ့လူတွေကို ဆင်းရဲတွင်းကနေ မတင်ဆွဲထုတ်နိုင်စေရမှုက စီးပွားရေးနဲ့ လူသားဆန်စွာ ထားရှိရမယ့် အကြင်နာတရား ထားရှိနိုင်စေမှု နှစ်မျိုးစလုံး ပါဝင်တယ်လို့ ဖော်ညွှန်းထားပါတယ်။ ဆိုလိုတာက လူနည်းစုတွေကနေ အကြင်နာတရား ကင်းမဲ့စွာနဲ့ သူတို့ရဲ့ ကိုယ်ကျိုးသက်သက် ချမ်းသာစေဖို့မဟုတ်ဘဲ အများအတွက် စိတ်ကောင်းစေတနာရှိစွာနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။
စီးပွားရေးကောင်းမွန်စေပါမှ နိုင်ငံတစ်နိုင်ငံ အတွင်းမှာရှိကြသူတွေက စားရေး၊ ဝတ်ရေး၊ နေရေးတွေ အားလုံးအဆင်ပြေသွားစေမှာ ဖြစ်တယ်။ စီးပွားရေးက အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာစေမှုနဲ့လည်း ဆက်စပ်ပါတယ်။ စာရေးသူဆိုလိုချင်တာက စိုက်ပျိုးရေး အခြေခံကောင်းတွေကို ခေတ်မီစိုက်ပျိုးရေး နည်းပညာတွေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပုံဖော်ကြရမှာဖြစ်တယ်။ ၁၈၂၀ ပြည့်နှစ်လောက်က လူတွေက တစ်ဦးကို တစ်ရက် ၁ ဒေါ်လာအောက် ရရှိတဲ့ဝင်ငွေနဲ့ ရပ်တည်ခဲ့ကြရတယ်။ ၇၅ ရာခိုင်နှုန်းက ဤပမာဏသာ ရရှိခဲ့ကြတယ်။ စာရေးသူတို့နိုင်ငံရဲ့ ဒီကနေ့ မျက်မှောက် တစ်ရက်လုပ်ခက ကျပ် ၃၆၀၀ ဆိုတော့ ၂ ဒေါ်လာနဲ့ ၃ ဒေါ်လာ ကြားလောက်သာ ရှိပါတယ်။ အဲဒီဝင်ငွေက ဒီကနေ့ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ဆိုရင် အင်မတန်နည်းတဲ့ ပမာဏမျှသာ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်း ကျဆင်းလာနိုင်စေမယ့် ငွေကြေးဆိုင်ရာ သဘောတရားကို ရှာဖွေနိုင်ဖို့ လိုအပ်တယ်။
လယ်ယာကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြရတဲ့ တောင်သူလယ်သမားတွေ၊ တစ်နည်း နိုင်ငံရဲ့ အခြေခံလူတန်းစားတွေရဲ့ ဝင်ငွေတွေ တိုးတက်မြင့်မားလာအောင် လုပ်ဆောင်ပေးကြရမှာ ဖြစ်တယ်။ စာရေးသူရဲ့ အဓိကဆန္ဒကတော့ အဲဒီအခြေခံ လူတန်းစားတွေရဲ့ ဝင်ငွေတွေ တိုးတက်လာစေဖို့ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product) (OVOP) ကိုစနစ်တကျ အကောင်အထည်ဖော်စေလိုတယ်။ အဲဒီကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးနဲ့ လယ်ယာထုတ်ကုန်တွေကို စနစ်တကျထုတ်လုပ်ပြီး ကျေးရွာတွေကနေ အများပိုင်ကုမ္ပဏီတွေ ထူထောင်လုပ်ဆောင်နိုင်ရင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရရှိလာ၊ လိုအပ်ရင် နိုင်ငံတကာ အကူအညီတွေပါ ရရှိလာမယ်ဆိုရင် အရှိန်အဟုန် ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးနဲ့ နိုင်ငံစီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ လက်ရှိအားဖြင့် စာရေးသူတို့ရဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံကို အဆိုပြုလွှာ တင်ထားပြီး ဖြစ်ပါတယ်။ စီးပွားရေးကော်မတီ အဖွဲ့ဝင်တစ်ဦးနဲ့လည်း ဆောင်ရွက်ရမယ့် လုပ်ငန်းသဘောတရားတွေကို ဆွေးနွေးပြီးဖြစ်တာမို့ မကြာမီမှာ ကနဦးစီမံကိန်း Pilot Project ပုံစံနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ တစ်ဆင့်ပြီးတစ်ဆင့် ပုံဖော်မယ်ဆိုရင် လူငယ်တွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ လိုအပ်လာမှာဖြစ်သလို ကုန်သွယ်မှု သဘောတရားတွေ၊ ငွေကြေးဆိုင်ရာ သဘောတရားတွေကို ကျယ်ကျယ်ပြန့်ပြန့် သိမြင်လာနိုင်ပြီး နိုင်ငံတော်ကို လူငယ်တွေရဲ့အားနဲ့ ဆက်လက်ပုံဖော်လာနိုင်စေမှာ ဖြစ်တယ်လို့ စာရေးသူက မျှော်မှန်းထားပါတယ်။
လူငယ်တွေ အနာဂတ်ကို ပိုင်စိုးသူတွေ ပုံဖော်ပေးမယ်ဖြစ်လို့ လူငယ်တွေကို အသိပညာအမွေ လက်ဆင့်ကမ်းပေးရမှာ ဖြစ်တယ်။ စာရေးသူက လုပ်ငန်းနေရာတိုင်းမှာ လူငယ်တွေကို လက်ဆင့်ကမ်း အမွေပေးစေလိုပါတယ်။ နိုင်ငံတကာကနေ ကုန်သွယ်မှု အဟန့်အတားတွေကို ဖြေလျှော့ပေးလိုက်တာတွေရယ် နိုင်ငံတကာ အကူအညီတွေနဲ့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ချက်တွေဖြစ်တဲ့ ၁၉၈၆ ခုနှစ်မှာ နိုင်ငံပေါင်း ၁၂၃ နိုင်ငံနဲ့ ပဋိညာဉ်ပြု အဖွဲ့ဝင်တွေအဖြစ် ဥရုဂွေး (Uruguay) နိုင်ငံ၊ Puntadel Este ကနေ စတင်ပုံဖော်လုပ်ဆောင်ခဲ့တဲ့ Uruguay Round လို့အမည်ရတဲ့ စီးပွားရေးလုပ်ငန်း ပေါင်းစည်းလုပ်ဆောင်မှုမှာ အဓိကရည်ရွယ်ချက်တွေဖြစ်တဲ့
- စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းတွေ နိမ့်ကျသွားမှုတွေ လျှော့ချနိုင်စေရေး
- နိုင်ငံခြားက ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ကန့်သတ်ထားမှုတွေကို ဖယ်ရှားပစ်ရေး
- ကုန်သွယ်မှု လုပ်ငန်းစဉ်တွေ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေနဲ့ အာမခံလုပ်ငန်းတွေကနေ အစပြုပုံဖော် လုပ်နိုင်စေရေးတွေ ဖြစ်ပါတယ်။
ကုန်သွယ်မှုလုပ်ငန်းတွေ တိုးတက်လာစေဖို့ နောက်ထပ် ပေါင်းစည်းလုပ်ဆောင်မှုတွေက ဒိုဟာဖွံ့ဖြိုးတိုးတက်စေခြင်းမှ ပေါင်းစည်းလုပ်ဆောင်မှု (Doha Development Round) ကို ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ မိမိနိုင်ငံရဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကုန်သွယ်မှု တိုးတက်စေဖို့ နိုင်ငံတကာမှာ ဥရောပယူနီယံ (European Union) နဲ့ အမေရိကန်ပြည်ထောင်စု (US) တို့မှာ လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ကုန်သွယ်မှု သဘောတရားတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။










