မြန်မာအသင်းမှာ ပထမအကျော့တွင် ဖိအားများအောက်၌ ရှိနေခဲ့သည်ဟု ထင်မြင်မိကြောင်းနှင့် ဒုတိယအကျော့တွင် ပိုမိုကောင်းမွန်လာလိမ့်မည်ဟု ထိုင်းအသင်းနည်းပြ ကိုင်တီဆက် ပြောကြား

မြန်မာအသင်းမှာ ပထမအကျော့တွင် ဖိအားများအောက်၌ ရှိနေခဲ့သည်ဟု ထင်မြင်မိကြောင်းနှင့် ဒုတိယအကျော့တွင် ပိုမိုကောင်းမွန်လာလိမ့်မည်ဟု ထိုင်းအသင်းနည်းပြ ကိုင်တီဆက် ပြောကြား
Published 6 December 2016

မြန်မာ့လက်ရွေးစင် အသင်းနှင့် ထိုင်းလက်ရွေးစင် အသင်းသည် ၂၀၁၆ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပထမအကျော့အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက (၂-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းအသင်းနည်းပြ ကိုင်တီဆက်က မြန်မာအသင်းမှာ ဖိအားများအောက်၌ ရှိနေခဲ့သည်ဟု ထင်မြင်မိကြောင်းနှင့် ဒုတိယ အကျော့တွင် မြန်မာအသင်း၏ ကစားပုံ ယခုထက် ပိုမိုကောင်းမွန်လာလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ကိုင်တီဆက်က “ကျွန်တော်တို့ရဲ့ ပစ်မှတ်က ဗိုလ်လုပွဲ ရောက်ဖို့ပါ။ ပြီးရင်တော့ ချန်ပီယံ ဖြစ်ဖို့ပါပဲ။ ဒါကို ဒီနေ့ပွဲမှာ ကျွန်တော်တို့ သက်သေပြနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ် အားနည်းခဲ့လို့ ဒီထက် ဂိုးပိုမရခဲ့တာပါ။ ကျွန်တော် ထင်ပါတယ်။ သူတို့ (မြန်မာ) အသင်းဟာ ဖိအားတွေအောက်မှာ ရှိနေခဲ့ပုံ ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့အသင်းဟာ ဒုတိယအကျော့မှာ ယခုထက် ကစားပုံ ပိုမိုကောင်းမွန်လာမှာပါ” ဟု ပြောကြားခဲ့သည်။ ထိုင်းလက်ရွေးစင် အသင်းသည် ပထမအကျော့တွင် အဝေးကွင်းအဖြစ် လာရောက်ယှဉ်ပြိုင် ကစားခဲ့သော်လည်း ဝါရင့်တိုက်စစ်မှူး တီယာဆေးလ်ဒန်ဒါ၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုင်းလက်ရွေးစင် အသင်းသည် ဗိုလ်လုပွဲသို့ ရောက်ရှိရန် အခွင့်အလမ်း ကောင်းသွားပြီဖြစ်သည်။
ထိုင်းလက်ရွေးစင် အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့၏ အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ကို လာမည့် ဒီဇင်ဘာ ၈ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ ထိုင်းအသင်းသည် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံဆု လေးကြိမ်၊ ဒုတိယဆု သုံးကြိမ်ဖြင့် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေသည်။

Most Read

Most Recent