ဆိုင်းဘုတ်

ဆိုင်းဘုတ်
Published 6 December 2016
မျိုးကို

ဘဝမှာ လက်တွေ့အကျဆုံးနှင့် အနှစ်သာရ အရှိဆုံးဆိုင်းဘုတ်က မြို့တိုင်း၊ ရွာတိုင်းမှာတွေ့ရသည့် “သင့်ကြောင့် မီးမလောင်ပါစေနှင့်”ဟူသော ဆိုင်းဘုတ်ဖြစ်မည်ဟု ထင်သည်။ ထိုဆိုင်းဘုတ်နှင့်အတူ နွေရာသီရောက်သည်နှင့် အဆိုတော်ကြီး ကိုထွန်းရွှေ၏ “မီးသတိပြု” သီချင်းကို ရွာဘက်တွေမှာ နေ့စဉ်နီးပါး နားဆင်ကြရသည်။
ကြားဖန်များလို့ ရိုးသွားတာလားတော့မသိ။ ဒီလောက်အထိ သတိပေးနေသည့်ကြားကပင် မီးလောင်မှုတွေက နားသည်ဟူ၍မရှိ။ “နူရာဝဲစွဲ လဲရာသူခိုးထောင်း” ဆိုသလို ဆင်းရဲပါသည်ဆိုကာမှ မြန်မာပြည်တစ်ဝန်း လောင်လိုက်သည့်မီးတွေက ခဏခဏ။ ယခင်တုန်းက နွေရာသီရောက်မှလောင်သည် ဆိုပေမယ့် ဒီဘက်ပိုင်း နှစ်တွေမှာတော့ ရာသီမရွေး လောင်တတ်သည်မို့ ကိုထွန်းရွှေသီချင်းကိုပင် တစ်နှစ်ပတ်လုံး ဖွင့်ထားရမလိုလို။
နောက်ပြီး အခုခေတ်မီးက ဈေးတွေကို ကြိုက်ပုံရ၏။ ရန်ကုန်ကဈေး လောင်လိုက်၊ မန္တလေးကဈေး လောင်လိုက်၊ နိုင်ငံအနှံ့အပြားက ဈေးတွေလောင်လိုက်မို့ မီးမလောင်ဖူးသော ဈေးရယ်လို့ မြန်မာနိုင်ငံမှာကျန်ရော ကျန်သေးရဲ့လားမသိ။ “မီးဘေးရှောင် မလောင်ခင်တား” ဟုရေးထား၍သာ တော်တော့သည်။ “မီးလောင်ရာလေပင့်” လို့များ မှားရေးမိလို့ကတော့ တွေးပင်မတွေးရဲစရာ။ မီးလောင်နေတာနဲ့ပဲ နိုင်ငံကလှော်ရင်း နစ်ရလေသည်။ တစ်နေရာမှာ မီးလောင်၍ ကယ်ဆယ်နေရာချထားရေးတွေ လုပ်လို့မှ လက်စမသတ်သေးခင် နောက်တစ်နေရာက ထပ်လောင်ပြန်သည်။
“သင့်ကြောင့် မီးမလောင်ပါစေနှင့်”ဆိုင်းဘုတ်နှင့် ဆန့်ကျင်ဘက်ကတော့ “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”ဆိုသော ဆိုင်းဘုတ်ဖြစ်သည်။ ၁၉၉၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာအမျိုးသား ဘောလုံးအသင်း ဒုတိယရပြီးနောက် အားတက်လာရာက ပေါ်ထွက်လာသော ကြွေးကြော်သံဖြစ်မည် ထင်၏။ ထိုကြွေးကြော်သံ ပေါ်လာကတည်းက မြန်မာ့အားကစားမှာ ဘယ်လိုမှပင် ဘရိတ်အုပ်လို့ မရနိုင်တော့ဘဲ အောက်သို့ ဇောက်ထိုးပြုတ်ကျသွားခဲ့သည်။
နောက်တစ်ခုကတော့ အားကစားကဏ္ဍ တိုးတက်ရမည်ဆိုပြီး အသံကုန်ဟစ်နေပေမယ့် အားကစားနှင့်ဆိုင်သည့် အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံပိုင် ဘောလုံးကွင်း အသေးအကြီးတွေကို ရောင်းစားပစ်သလို မျိုးဆက်သစ်အား ကစားသမားတွေ ထွက်ပေါ်လာစေဖို့အတွက်  အရေးကြီးသည့် ပြည်နယ်နှင့်တိုင်း အားကစားပြိုင်ပွဲတွေကို အဖြစ်သဘောမျှသာ ကျင်းပပေးခြင်းကလည်း ကြုံးဝါးထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်စေပါ၏။ အဆိုးဆုံးကတော့ ရည်ရွယ်ချက် ကောင်းသော်ငြား ရည်ရွယ်ချက်က ပကတိအခြေအနေနှင့် အလှမ်းကွာလွန်းနေခြင်း ဖြစ်ပါသည်။ 
နောက်ဆိုင်းဘုတ် တစ်ခုကတော့ “….တိုင်းဒေသကြီးသည် တောအုပ်အတွင်းမှ တိုင်းဒေသကြီးဖြစ်ရမည်” ဟူသော ဆိုင်းဘုတ်ဖြစ်သည်။ “လူပြောမသန် လူသန်မပြော” ဆိုသည့်သဘောကို သက်သေပြသွားတာလည်း ဖြစ်နိုင်ပါ၏။ တစ်နှစ်ထက် တစ်နှစ် ပိုမိုခြောက်ကပ်လာသော ရှုခင်းများ၊ တစ်နှစ်ထက် တစ်နှစ် ပိုမိုပြင်းထန်လာသော ရာသီဥတုနှင့် တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာသော သဘာဝဘေးဒုက္ခတွေက ဆိုင်းဘုတ်ကို ပြက်ရယ်ပြုသလို ဖြစ်နေ၏။
စိမ်းစိုလာဖို့ အပင်စိုက်သည် ဆိုရာတွင်လည်း စိုက်သည့်အပင် အရေအတွက်များဖို့ကိုသာ အဓိကထားပြီး ဆက်လက်ရှင်သန်အောင် ပြုစုပျိုးထောင်ပေးဖို့ အလေးမထားသည့်အတွက် မိုးတွင်းမှာ သိန်းချီပြီးစိုက်လိုက်သည့် အပင်တွေက မိုးကုန်သည်နှင့် ပြုတ်ပြုတ်ပြုန်းတော့၏။
နောက်နှစ်မိုးကျတော့ ပြန်စိုက်လိုက်၊ မိုးကုန်တော့ ပျောက်သွားလိုက်ဖြင့် အချိန်ကုန်၊ ငွေကုန်လူပန်း ဖြစ်ရလေသည်။ ဝေးဝေးကြည့်စရာမလို။ သမီးကြီးတို့ကျောင်းမှာပင် ကျောင်းဝင်း ကျဉ်းကျဉ်းလေးကို နှစ်စဉ် မိုးဦးကျချိန်ရောက်တိုင်း ပိတ်ရက်တစ်ရက်မှာ အပင်စိုက်ခေါ်လေ့ရှိသည်။ ကျွန်တော်တို့သာ အချိန်တန်လို့ နောက်တစ်မြို့ ပြောင်းသွားခဲ့ရသော်လည်း ကျောင်းမှာတော့ အတွင်းအပြင် သစ်ပင်တိုးလာတာ မမြင်မိခဲ့။
ချုံပုတ်ကနေ တောအုပ်ဖြစ်ဖို့က ဘယ်မှာနေမှန်း မသိသေးသော်လည်း လတ်တလောမှာ တောအုပ်ကနေ ချုံပုတ်ဖြစ်သည့်နေရာက ဖြစ်ပြီးသွားချေပြီ။
လွန်ခဲ့သည့် ရှစ်နှစ်ခန့်က မြန်မာပြည် အလယ်အရှေ့ပိုင်းရှိ မြို့တစ်မြို့မှာ တာဝန်ကျနေစဉ်အတွင်း ရှမ်းပြည်နယ်ချုပ်စပ်က မြို့တစ်မြို့သို့ အလည်သွားတော့ ကားလမ်းဆိုသော်ငြား အပင်တွေကြားထဲမှာ တကယ့်တောကြား လမ်းလေးကို ဖြတ်သွားရသလိုမျိုး ခံစားရ၏။
လမ်းမှာအသီးတွေပြည့်နေသော ဝါးပင်များပြိုလဲကာ လမ်းပိတ်နေသဖြင့် ကားရပ်ပြီး ဆင်းဖယ်ရသေးသည်။ ခရီးဖင့်လို့ စိတ်ညစ်တာက တစ်ဖက်၊ ဝါးသီးတွေကို ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးလို့ ကြည်နူးတာက တစ်ဖက်ပေါ့လေ။
လမ်းတစ်နေရာအရောက်မှာ ထုံးစံအတိုင်း ကားပျက်လို့ စောင့်နေရင်းကနေ ဒေသခံဆရာမက အောက်ထဲမှာ ရေအားလျှပ်စစ်စက်ရုံ ရှိသည်ဆိုသဖြင့် လူအချို့ အောက်ထိဆင်းကာ စက်ရုံကို သွားကြည့်ကြသည်။
အပင်ကြီးတွေက အများကြီးဆိုတော့ ကားလမ်းပေါ်ကဆိုလျှင် မြင်မှမမြင်ရသည်ပဲ။ နောက်တစ်နှစ်မှာ ဒေသခံဆရာမ မင်္ဂလာဆောင်လို့သည် လမ်းကိုပင် နောက်တစ်ခေါက် ထပ်ဖြတ်တော့ ရှုခင်းက လုံးဝကို မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့သည်။ လမ်းဘေးက သစ်ပင်၊ ဝါးပင်တွေမရှိတော့။ ယခင်နှစ်က သစ်ပင်တွေဖုံးထားလို့ ကားလမ်းပေါ်ကနေ မမြင်ရသည့် ရေအားလျှပ်စစ်စက်ရုံမှာလည်း ဟိုးအောက်ထဲမှာ အထင်းသား။ စက်ရုံပတ်ဝန်းကျင်မှာ ဘာသစ်ပင်မျှ မရှိတော့။ သည်တော့မှ ရေအားလျှပ်စစ် စက်ရုံတည်ထားပြီး နံဘေးကအပင်တွေကို အပြောင်ရှင်းပစ်သည့် ဉာဏ်ကြီးရှင်တို့၏ အမြော်အမြင်ကို လက်ဖျားခါရလေတော့သည်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် တွင်ကျယ်နေခဲ့သည့် ဆိုင်းဘုတ်ကတော့ “လာဘ်ပေးလာဘ်ယူ တို့ရန်သူ”ဟူသည့် ဆိုင်းဘုတ်ဖြစ်ပါ၏။
ဘက်ပေါင်းစုံကနေ ပုံစံအမျိုးမျိုးဖြင့် လာဘ်ပေးလာဘ်ယူ လုပ်ကြခြင်း၏ အကျိုးဆက်ကတော့ ပြည်သူတွေ ဆင်းရဲမွဲတေကာ တိုင်းပြည်၏ စီးပွားရေး ချွတ်ခြုံကျလာခြင်း ဖြစ်သည်။ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာကာ ရာဇဝတ်မှုများလည်း ထူပြောလာတော့၏။ တစ်မျိုးသားလုံးကို အကြီးအကျယ် ဒုက္ခပေးနေသည့် ဒီရောဂါဆိုးကြီးကို ပြည်သူတွေက တိုင်ကြားမှသာ အရေးယူ ဆောင်ရွက်လျှင်တော့ ကော်မရှင်ဖွဲ့ရတာ အပိုသက်သက် ဖြစ်ချေတော့မည်။ တိုင်းပြည်ကို ဆင်းရဲနွံတွင်းမှ လွတ်မြောက်ပြီး ပြည်သူတွေ လူတစ်လုံး၊ သူတစ်လုံး ဖြစ်လာစေရန် အလို့ငှာ အားပါသည့် ခြေလှမ်းများကို စတင်သင့်ပြီဟု ထင်သည်။
 

Most Read

Most Recent