ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှု ဘယ်သူ့ကို တရားခံရှာမလဲ

ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှု ဘယ်သူ့ကို တရားခံရှာမလဲ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာ တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာ တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 5 December 2016
ဖြိုးဝေ

သမ္မတဦးထင်ကျော် အစိုးရလက်ထက် စံချိန်တင် ဒေါ်လာဈေးမြင့်တက်မှုအတွက် လက်ရှိအချိန်မှာ ဗဟိုဘဏ်အနေနဲ့ တရားခံ ရှာဖွေနေတဲ့ အချိန်အခါ ဖြစ်လာပါပြီ။
ဒီလိုရှာဖွေတဲ့အခါမှာ ဒေါ်လာဈေး မြင့်တက်မှုရဲ့ အရင်းခံကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေရေးကြေးရေးကြပ်မတ် ကွပ်ကဲမှုဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က Re-export ရငွေများ ပြည်တွင်းသို့ ပြန်မဝင်ခြင်း၊ ပို့ကုန်ရငွေအချို့ကို ပြည်ပ တွင် ထားရှိခြင်း၊ နိုင်ငံခြားငွေများကို စာရင်း ပြောင်းနည်းဖြင့် aရာင်းခြင်း၊ ပို့ကုန်သွင်းကုန် ပမာဏအလျှော့အတင်း ပြုလုပ်ခြင်း၊ ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် ငွေပေးချေမှုများခြင်း စတဲ့အချက်တွေ ပါဝင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။
နိုင်ငံခြားငွေတန်ဖိုး စံချိန်တင် မြင့်တက်လာတဲ့ အကြောင်းအချက်တွေမှာဆိုရင် ဘတ်ဂျက်လိုငွေ အလွန်များလွန်းနေပြီး ခြောက်နှစ်အတွင်း စံချိန်တင်တက်လာခဲ့တာ၊ ကုန်သွယ်မှုလိုငွေ အလွန်အမင်းများပြားခဲ့တာ၊ ငွေရိုက်ထုတ်မှုတွေရဲ့ သင်္ကေတ အဖြစ် ငွေဖောင်းပွမှုနှုန်း စံချိန်တင် မြင့်တက်လာတာနဲ့ အဆိုးဆုံးအကြောင်းအချက်ဟာဆိုရင် တရားမဝင်ဈေးကွက်ကို မထိန်းချုပ်နိုင်တာနဲ့ တရားမဝင်နိုင်ငံခြား ငွေကြေးဈေးကစားမှုတွေကို ဗဟိုဘဏ်က မထိန်းချုပ်နိုင်ခဲ့တာပါ။ အဲဒီအတွက်ကြောင့်လည်း မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ သမဝါယမဘဏ်နဲ့ မြန်မာအသေးစား ငွေရေးကြေးရေး ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ငွေကြေးဈေးကစားမှုကို ဗဟိုဘဏ်က ဝင်ဟန့်ပါလို့ ဒုသမ္မတ-(၁) ဦးမြင့်ဆွေ ရှေ့မှောက်မှာ တောင်းဆိုခဲ့ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတရဲ့ စီးပွားရေးအကြံပေးအဖြစ် လုပ်ခဲ့တဲ့ ဦးခင်မောင်အေးအနေနဲ့ ငွေကြေးဈေးကစားမှုတွေကို ဗဟိုဘဏ်က ဝင်ပြီးဟန့်တားပေးပါလို့ပြောဆိုမှုက ပြီးခဲ့တဲ့ ငါးနှစ်အတွေ့အကြုံအပေါ် အရင်းခံပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လကစပြီး နိုင်ငံခြား ငွေလဲနှုန်းမြင့်တက်မှုကာလမှာ ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ နိုင်ငံခြားငွေဈေးကစားမှုကို ထိန်းချုပ်ဖို့ အစည်းအဝေးတွေ ပြုလုပ်ခဲ့သလို အဲဒီအချိန်ကနေ ဒီနေ့အထိ လက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌကလည်း ငွေကြေးဈေးကစားမှုမှာ ဘဏ်တွေ ပါဝင်ပတ်သက်ခြင်း မပြုဖို့ စတဲ့အခြေအနေတွေနဲ့ ဟန့်တားမှုကိုယ်စီ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအချက်တွေအပြင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း နိုင်ငံခြားငွေကြေး ဈေးကစားသူတွေကို အရေးယူပေးဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလို အစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ ဟန့်တားတောင်းဆိုမှု ပြုလုပ်တဲ့အချိန်တိုင်းမှာ မြင့်တက်နေတဲ့ ဒေါ် လာဈေးဟာ ချက်ချင်း ပြန်လည်ကျဆင်းတဲ့ သာဓကတွေ ရှိခဲ့လို့ ဦးခင်မောင်အေးက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
 
ဦးထင်ကျော်အစိုးရ လက်ထက် ဒေါ်လာဈေး စံချိန်တင်မြင့်တက်လာမှုရဲ့ အရင်းခံဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှု လွန်မြောက်စမှာ စတင်လာခဲ့တာဖြစ်ပြီး အဲဒီနိုင်ငံခြား ငွေဈေးကစားမှုမှာ ခရိုနီတွေ အဓိကပါဝင် ပတ်သက်နေတယ်လို့လည်း ယူဆမှုတွေ ရှိခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ခရိုနီတွေကို ထိန်းချုပ်ဖို့နဲ့ ပြည်တွင်းငွေကြေးဈေးကွက် တည်ငြိမ်ရေးအတွက် ဗဟိုဘဏ်အနေနဲ့ ပေးအပ်ထားတဲ့ တည်ဆဲဥပဒေတွေအရ ထိထိရောက်ရောက် အရေးယူလုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက သုံးသပ်ပါတယ်။
“ဒေါ်လာဈေးမြင့်တက်မှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေပြောနေတာတွေလည်း ရှိတယ်။ မတက်သင့်ဘဲ တက်နေတာတွေလည်း ရှိတယ်။ အဓိက,ကတော့ ဗဟိုဘဏ်မှာ တာဝန်ရှိတယ်။ ဗဟိုဘဏ်အနေနဲ့ လုပ်စရာရှိတာတွေကို ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသား လုပ်စေချင်တယ်။ အဲဒီတော့ တစ်စုံတစ်ဦးရဲ့ အမိန့်ကို စောင့်တာမျိုး မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ နိုင်ငံခြားငွေပြဿ နာမှာ ဘာကအဓိကလဲဆိုတော့ နိုင်ငံခြား ငွေကိုင်ထားတဲ့သူတွေ၊ ဈေးကွက်ထဲမှာ ကိုင်ထားတဲ့သူတွေက ခရိုနီတွေဖြစ်တယ်။ ခရိုနီတွေက နိုင်ငံခြားငွေရဲ့ ရာခိုင်နှုန်း ၇၀ ကျော် ရာခိုင်နှုန်း ၈၀ ကို ဒီခရိုနီတွေက ကိုင်ထားတာဖြစ်လို့ ခရိုနီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ မိတ်ဖက်အနေနဲ့ သတ်မှတ်ထားတဲ့ အန်တီတို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့လည်း ဒီကိစ္စကို အရေးထားပြီး စဉ်းစားသင့်တယ်။ ခရိုနီတွေဘက်ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က ဖွံ့ဖြိုးရေးမိတ်ဖက်များလို့ သတ်မှတ်ထားတဲ့အတွက်ကြောင့်မို့ ငွေဈေးနှုန်းတက်တဲ့ကိစ္စမှာ သူတို့မှာ တာဝန်ရှိတယ်။ အဲဒီအတွက်ကြောင့်မို့ သူတို့အနေနဲ့လည်း တတ်နိုင်တဲ့ တာဝန်ယူကြပါလို့ တိုက်တွန်းချင်တယ်”  လို့  ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ၎င်း၏ယူဆချက်ကို ပြောပါတယ်။
 
■ တစ်ကမ္ဘာလုံး ဈေးနှုန်းကျဆင်းနေတဲ့ ဒေါ်လာ မြန်မာကျပ်ငွေမှာပဲ ဘာ့ကြောင့် တန်ဖိုး အကျဆင်းဆုံး ဖြစ်လာတာလဲ
ရွေးကောက်ပွဲအနိုင်ရပြီးစ ဒီဇင်ဘာလ နောက်ပိုင်းကနေ တဖြည်းဖြည်း တန်ဖိုးကျဆင်းလာတဲ့ နိုင်ငံခြားငွေကြောင့် မြန်မာကျပ်ငွေတန်ဖိုးဟာ ခုနစ်လအတွင်း ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်မို့ အာဆီယံနိုင်ငံတွေထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံးငွေကြေးအဖြစ် စင်ကာပူနိုင်ငံအခြေစိုက် United Overseas Bank(UOB)က သတ်မှတ်ခဲ့ပါတယ်။
မြန်မာကျပ်ငွေဟာ ၂၀၁၆ ခုနှစ် ခုနစ်လအတွင်း ၁၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ကမ္ဘာ့နိုင်ငံများစွာထဲမှာ တန်ဖိုးအမြင့်တက်ဆုံး ငွေကြေးတစ်ရပ် ဖြစ်လာခဲ့မှုဟာ လက်ရှိအချိန်မှာ တစ်နှစ်တာကာလအတွင်း အာဆီယံနိုင်ငံတွေထဲမှာ တန်ဖိုးအကျဆင်းဆုံး ငွေကြေးအဖြစ် အသွင်ပြောင်းလဲခဲ့ပြီး အတက်အဆင်း ကြမ်းလွန်းခဲ့ပါတယ်။
အခုနိုင်ငံခြားငွေလဲနှုန်းမြင့်တက်ရတဲ့  အဓိကအကြောင်းရင်းက ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာဈေးမာလာလို့ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာပြုလုပ်တဲ့ အမေရိကန်ရွေးကောက်ပွဲ ပြုလုပ်ချိန်မှာ ဒေါ်လာဈေးညွှန်းကိန်း ၉၅ ပွိုင့် ဝန်းကျင်ပဲရှိခဲ့ပြီး နိုဝင်ဘာ ၉ ရက်ညနေပိုင်းကစပြီး တရိပ်ရိပ်မြင့်တက်လာကာ နိုဝင်ဘာ ၁၈ ရက်မှာ ၁၀၁ ဒသမ ၄၁ ပွိုင့်အထိ ရောက်ခဲ့ပါတယ်။
ဒေါ်လာဈေးမြင့်တက်ခဲ့တာကြောင့် မြန်မာအပါအဝင် အာရှနိုင်ငံအများစုရဲ့ ငွေကြေးတန်ဖိုးတွေ ကျဆင်းခဲ့ပြီး နဂိုကတည်းက စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ကျပ်ငွေတန်ဖိုးကတော့ တခြား အာရှနိုင်ငံတွေရဲ့ ငွေကြေးတွေနဲ့ ယှဉ်ရင် တန်ဖိုးအလျော့ကျဆုံး ငွေကြေးဖြစ်လာပါတယ်။ ဒေါ်လာငွေမာလာတာကြောင့် အာရှစီးပွားရေး အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယ၊ တောင်ကိုရီးယားတို့ရဲ့ ငွေတန်ဖိုးတွေလည်း ကျဆင်းခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နဲ့ နိုဝင်ဘာ ၁၈  ရက် သုံးလအတွင်းမှာဖြစ်ခဲ့တဲ့ အာရှငွေကြေး တန်ဖိုးတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စင်ကာပူဒေါ်လာက ၂ ဒသမ ၆၄ ရာခိုင်နှုန်း၊ ထိုင်းဘတ်က ၁ ဒသမ ၄၁ ရာခိုင်နှုန်း၊ မလေးရှားက ၉ ဒသမ ၄၆ ရာခိုင်နှုန်း၊ ဗီယက်နမ်ဒေါင်က ၀ ဒသမ ၄၅ ရာခိုင်နှုန်း၊ လာအိုကစ်က ၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားရူပီယာက ၂ ဒသမ ၇၇ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်ပီဆိုက ၂ ဒသမ ၇ ရာခိုင်နှုန်း၊ ဘရူနိုင်းဒေါ်လာက ၂ ဒသမ ၅၄ ရာခိုင်နှုန်း တန်ဖိုးလျော့ကျခဲ့ပြီး အာဆီယံနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယား တစ်နိုင်ငံပဲ ရီယဲလ်ငွေတန်ဖိုးတက်ခဲ့ကာ ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
အာရှစီးပွားရေးအင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ တရုတ်ယွမ်က ၃ ဒသမ ၃၅ ရာခိုင်နှုန်း၊ ဂျပန်ယန်းက ၆ ဒသမ ၀၆ ရာခိုင်နှုန်း၊ အိန္ဒိယရူပီးက ၁ ဒသမ ၈ ရာခိုင်နှုန်း၊ တောင်ကိုရီးယားဝမ်က ၄ ဒသမ ၈၈ ရာခိုင်နှုန်း၊ သြစတြေးလျ ဒေါ်လာက ၃ ဒသမ ၅ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့တာ တွေ့ရပါတယ်။ မြန်မာ ကျပ်ငွေတန်ဖိုးက သြဂုတ် ၁၈ ရက်မှာ တစ်ဒေါ်လာ ၁၁၉၇ ကျပ်ပေါက်ဈေးရှိခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်မှာ ၁၃၆၂ ကျပ်အထိ ဖြစ်ပေါ်ခဲ့တာကြောင့် သုံးလအတွင်း ၁၆၅ ကျပ်မြင့် တက်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ကြည့်ရင် ၁၄ ရာခိုင်နှုန်းလောက်အထိ တန်ဖိုးကျဆင်းခဲ့ပါ တယ်။ လက်ရှိမှာဆိုရင် ကျပ် ၁၃၅၀ ဝန်းကျင်မှာဖြစ်တာကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုက ပိုမိုဆိုးရွားလာခဲ့ပြီ ဖြစ်ပါတယ်။
ဒေါ်လာဈေးကစားမှုတွေကြောင့် ပိုမို တန်ဖိုးကျဆင်းနေတဲ့ မြန်မာကျပ်ငွေဟာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အထိ ဖြစ်လာမယ်ဆိုတဲ့ ကောလာဟလတွေရဲ့ ဂယက်ကြောင့်လည်း လိုက်လံဝယ်ယူမှုနဲ့အတူ ဈေးနှုန်းမြင့်တက်နေပြန်ပါတယ်။
“မြန်မာငွေပိုကျဆင်းမယ်ဆိုပြီး လိုက်ဝယ်တာကြောင့်လည်းပါတယ်။ ဘာမှ မဟုတ်တဲ့လူကအစ ဒေါ်လာဈေးတက်တော့မယ်ဆိုပြီး လိုက်ဝယ်တာကြောင့် ဝယ်လိုအား မြင့်တက်တာကြောင့်လည်း ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး ငွေကြေးဈေးကစားသူတွေက ဈေးကွက်ကို ကစားနေတာတွေလည်း ပါပါ တယ်။ ဗဟိုဘဏ်ကထွက်ပြီး ဟန့်လိုက်ရင် သင့်တော်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်”  လို့ သမဝါယမဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုပါတယ်။
ဒါ့အပြင် ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်ဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လေလံစနစ်နဲ့ ဘဏ်တွေအားလုံးကို ဒေါ်လာရောင်းချရာမှာ Competitive သိပ်မဖြစ်လို့ အပြင်ဈေးနှင့် လေလံသတ်မှတ်ဈေးကွာဟ နေတဲ့အတွက် လေလံစနစ် ပြန်လည်ပြုပြင်မယ်လို့  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ဒီဇင်ဘာ ၁ ရက်မှာ ပြောထားပါတယ်။
“ဒေါ်လာဈေး ကမောက်ကမဖြစ်တယ်ဆိုရာမှာ အဓိကအားဖြင့် ဒေါ်လာပြန်ဝင်လာဖို့ လိုပါတယ်။ ဒေါ်လာ ပြန်ဝင်တယ်ဆိုရာမှာ Export နည်းနဲ့ ပြန်ဝင်ဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပြန်ဝင်ဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ ဝန်ခံစရာရှိပါတယ်။ လေလံမှာလည်း သိပ်ပြီးတော့ Competitive မဖြစ်တဲ့အတွက် လေလံက သတ်မှတ်ဈေးနဲ့ အပြင်ကဈေး ကွာဟနေတာ ရှိပါတယ်။ အဲဒါကိုလည်း ဒီလိုကွာဟနေတာကို မဟအောင်လို့ လေလံကို ပြန်လည်ပြုပြင်ဖို့ ရှိနေပါတယ်။ အဓိကကတော့ ရည်ညွှန်းငွေလဲနှုန်း ဈေးကွက်ပေါက်ဈေး အတိုင်းဖြစ်အောင် လုပ်ရမှာဖြစ်ပြီး ရည်ညွှန်းငွေလဲနှုန်းက ဈေးကွက်ကို ဦးဆောင်တာ၊ နောက်က လိုက်တာမျိုး မဖြစ်ရဘဲ တစ်ပြေးညီတည်း ဖြစ်နေဖို့ လိုပါတယ်။ နောက်ပြီး ဗဟိုဘဏ်က လုပ်ပေးရမှာက ဈေးကွက်ထဲမှာ ဒေါ်လာတွေ ရှိနေဖို့ Liquidity လို့ ခေါ်တာပေါ့။ ဒေါ်လာ၊ ကျပ်ငွေ Liquidity အများကြီးလည်း မဖြစ်စေဖို့ ှ့Shortage လည်း မဖြစ်စေဖို့ လိုပါတယ်” လို့ ဦးဆက်အောင်က ဆိုပါတယ်။
ဒေါ်လာလေလံမှာ ဗဟိုဘဏ်က နေ့စဉ် ဒေါ်လာသန်းနဲ့ချီ ရောင်းချပေးနေပေမယ့် အဲဒီငွေတွေဟာ ဈေးကွက်ကို တကယ်ဝင်လာသလား၊ ဈေးကစားနေတာလား၊ လေလံ ဝယ်ယူသူရဲ့ တခြားစီးပွားရေးလုပ်ငန်းတွေဆီ ဝင်သွားတာလား ဆိုတာကို စိစစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပို့ကုန်ရငွေတွေ ဘာကြောင့် ပြန်မဝင်တာလဲ၂၀၁၆ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ ပို့ကုန်တန်ဖိုး (USD 4.95 Billion)ရှိပြီး (A.D) ဘဏ်တွေမှာ ပို့ကုန်ပြန်ဝင်ငွေ (3.04 Billion) ရှိတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၆၁ ဒသမ ၄ ရာခိုင်နှုန်းသာ ဝင်ရောက်မှု ရှိနေပါတယ်။ ကျန်ပမာဏတွေကို သတ်မှတ် ကာလဖြစ်တဲ့ ပို့ကုန်တင်ပို့ပြီး နောက်ခြောက်လအတွင်း ပြန်လည်လွှဲပို့ခြင်း ရှိ၊ မရှိ ဗဟို ဘဏ်က စိစစ်နေပါတယ်။ ဒီအချက်အလက်တွေဟာ စီးပွား/ကူးသန်း၊ အကောက်ခွန်ဦးစီးဌာန၊ ဗဟိုဘဏ်နဲ့ ဘဏ်တွေက ပူးပေါင်း ဆောင်ရွက်မှုကနေရရှိတဲ့ Data တွေဖြစ်ပါတယ်။ ပို့ကုန်ရငွေ (Export Proceeds) တွေ ပြန်ဝင်၊ မဝင်ကို ဗဟိုဘဏ်က အမြဲစောင့်ကြည့် စစ်ဆေးနေပါတယ်။ လက်ရှိအခြေအနေအရ (Export Proceeds) တော်တော်များများ ဝင်ရောက်နေတယ်လို့ ဦးဝင်းသော်က ဆိုပါတယ်။ ဒါပေမဲ့  အကြောင်းကြောင်းကြောင့် (Under Invoice)  ပြုလုပ်ခြင်း၊ အမှန်တကယ် (Export Transaction) ကိုမပြဘဲ စင်ကာပူမှာရှိတဲ့ မိမိကုမ္ပဏီအချင်းချင်း (Export/Import) ဆောင်ရွက်ကြခြင်း စတဲ့ အခြေအနေတွေ ရှိနိုင်နေပြီး အဲဒီအခြေအနေဆိုရင်တော့ Export Proceeds တွေ ပြန်ဝင်မလာတော့တဲ့ ပြဿနာမဟုတ်ဘဲ Export Proceeds ပမာဏ အစစ်အမှန် ပြန်ဝင်မလာတဲ့ အခြေအနေမျိုးဖြစ်တတ်ပြီး အဲဒီအခြေအနေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဦးဝင်းသော်က သုံးသပ်ထားပါတယ်။
ဒီနေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပို့ကုန် တင်ပို့မှုမှာ Re-export ကဏ္ဍကြောင့် မြန်မာနိုင်ငံက နိုင်ငံခြားငွေ လစဉ် ဒေါ်လာသန်း ရာနဲ့ချီ စီးထွက်နေပြီး ငွေပြန်ရတဲ့အချိန်မှာ တရုတ်ယွမ်နဲ့ ပြန်ရတာကြောင့် ပူးပေါင်းလုပ်ဆောင်ဖို့ လိုမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဒီဇင်ဘာ ၁ ရက်မှာ ဒုသမ္မတ-၁ ဦးမြင့်ဆွေနဲ့ လုပ်ငန်းရှင်တွေ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တွေ့ဆုံဆွေးနွေးစဉ်မှာ အသိပေးပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ နှစ်လ၊ သုံးလအတွင်း ပို့ကုန်တွေကို ပြန်ကြည့်တော့ ပို့ကုန်ရငွေတွေ ပြန်ဝင်တာ တော်တော်ကြီးကို နည်းနေတယ်။ အံ့သြစရာလည်း ကောင်းပါတယ်။ အခုဆို ပိတ်ဆို့ထားမှုတွေလည်း ကင်းသွားပြီဖြစ်လို့ ကူးလူးဆက်ဆံမှုကလည်း အရေးကြီးတဲ့အချိန် ရောက်လာပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း Export Earning တွေနဲ့ပတ်သက်လို့ မိမိလုပ်ငန်းတွေကို ဥပဒေဘောင်နဲ့အညီ ဆောင်ရွက်ဖို့၊ အားကြိုးမာန်တက် ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။ Re-export မှာလည်း ကျွန်တော်တို့နိုင်ငံအတွက် လုပ်ငန်းရှင်တွေအတွက် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုရှိပါတယ်။ သို့သော်လည်းပဲ Re-export က တစ်ဖက်မှာ လစဉ် ဒေါ်လာသန်းရာနဲ့ချီ ထွက်နေပါတယ်။ ပြန်ရတော့ ယွမ်နဲ့ ရပါတယ်။ ဗဟိုဘဏ်နဲ့ ဆွေးနွေးတော့ ကျွန်တော်တို့ လုပ်ငန်းရှင်တွေကို ဘယ်လိုအကောင့်ဖွင့်ပြီးလုပ်မလဲ စသည်ဖြင့် ဝိုင်းဖြေရှင်းကြရင် လစဉ် ရှေ့ကိုရောက်သွားပါမယ်” လို့ ဦးကျော်ဝင်းက ဆိုပါတယ်။ 
Re-export ဆိုတာက ပြည်ပနိုင်ငံက ကုန်စည်ကိုတင်သွင်းပြီး တခြားပြည်ပနိုင်ငံကို ပြန်လည်ရောင်းချတာပါ။ ရရှိတဲ့ အကျိုး အမြတ်တွေကတော့ အလုပ်အကိုင်အခွင့် အလမ်းတွေနဲ့ ကုန်သွယ်မှုကဏ္ဍမြင့်တက်လာပြီး ကုန်သွယ်မှုလိုငွေမြင့်တက်နေတဲ့ မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုမျှခြေကို ဖန်တီးပေးပါတယ်။ ဒီလို အသိပေးပြောကြားခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း သကြားကို Re-export တင်ပို့မှု ယာယီရပ်ဆိုင်းခဲ့ပါတယ်။ သကြားတင်ပို့မှုကို လေ့လာမယ်ဆိုရင် ဒီ ဘဏ္ဍာနှစ် ခုနစ်လကျော်ကာလအတွင်း တရုတ်ကို  Re-export အဖြစ် သကြားကို တန်ဖိုးဒေါ်လာ ၆၇၇ သန်းကျော် တင်ပို့ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။ ဒီပမာဏဟာ မြင့်တက်လာတာဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကာလတူမှာ တရုတ်နိုင်ငံကို သကြား  Re-export တင်ပို့မှုက ဒေါ်လာ ၂၈ ဒသမ ၀၀၇ သန်းသာ ရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ Re-export  တင်ပို့မှု ဈေးကွက်သာ ပျက်သွားခဲ့ရင် မြန်မာနိုင်ငံအတွက် ထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။
“ထွက်သွားတဲ့ ပို့ကုန်ရငွေတွေ ပြန်ဝင်လာဖို့ ကျွန်တော်တို့ အမြဲတမ်းလိုလို စောင့်ကြည့်နေပါတယ်။ ပို့ကုန်ရငွေတွေ ပြန်ဝင်လာတာ ရာခိုင်နှုန်း ၆၀ လောက်ပဲ ရှိပါတယ်။ လုံးဝပြန်ဝင်မလာတဲ့ ပို့ကုန်ရငွေတွေ ရှိသလို ပြန်ဝင်သင့်သလောက် မဝင်လာတဲ့ ပို့ကုန် ရငွေတွေလည်း ရှိပါတယ်။ ဝင်သင့်သလောက် မဝင်လာတဲ့အခြေအနေကို ကြည့်မယ်ဆိုရင် သတ်မှတ်ဈေးနှုန်းအောက် လျှော့ချတင်ပြမှု (Under Invoices) တွေကလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်နေပါတယ်။
အဲဒီကိစ္စတွေကတော့ ကျွန်တော်တို့ကတော့ စီးကူးနဲ့ ပြန်ပြီး ညှိနှိုင်းပါမယ်။ ပို့ကုန်ရငွေတွေ ပြန်မဝင်တဲ့ကိစ္စမှာ အဓိကကတော့ တရုတ်ကိုသွားပြီး ဟိုဘက်မှာ ယွမ်ငွေနဲ့ရပါတယ်။ အခုလောလောဆယ်မှာတော့ တချို့ကုန်စည်ပစ္စည်းတွေက ဟိုဘက်မှာ တရားမဝင်ဘူးဆိုတာ အားလုံးသိကြပါတယ်။ တရားမဝင်တဲ့အတွက် ဘာဖြစ်နေလဲဆိုတော့ အားလုံးသိကြတဲ့အတိုင်းပဲ ကုန်သည်တော်တော်များများက ကြားပွဲစားကနေ လုပ်ကြပါတယ်။ ကြားပွဲစားကလည်း ယွမ်အကောင့်ကို အကြာကြီးဖွင့်ထားလို့မရဘဲ  အမြဲလိုလိုအကောင့်ပြောင်းပြီး ဖွင့်နေရပါတယ်။ တကယ်လို့သာ ကျွန်တော်တို့နိုင်ငံက ဘဏ်တွေအနေနဲ့ တရုတ်နိုင်ငံမှာ ယွမ်အကောင့်၊ Nostro အကောင့် ဖွင့်နိုင်ခဲ့မယ်ဆိုရင် ဘဏ်တွေကလည်း ဖွင့်နိုင်မယ်။ တရုတ်နိုင်ငံနဲ့ လုပ်နေတဲ့ ကုန်သည်တွေကလည်း ယွမ်အကောင့်ဖွင့်နိုင်ခဲ့မယ်ဆိုရင် ဟိုဘက်က ပို့ကုန်ရငွေဟာ ယွမ်အကောင့်ထဲကို ဝင်သွားမယ်ဆိုရင် ကျွန်တော်တို့ဘဏ်တွေကို နိုင်ငံခြားငွေဝင်လာတာနဲ့အတူတူပါပဲ။ ကျွန်တော်တို့ စိုးရိမ်ရတာက ဟိုဘက်နိုင်ငံမှာ တရားမဝင်တာ ဖြစ်တဲ့အတွက် ဟိုဘက်မှာဖွင့်ထားတဲ့ တစ်ဦးချင်း ယွမ်အကောင့်တွေတောင် သုံးလတစ်ကြိမ် ပြောင်းပြီးဖွင့်နေရတယ်။ ဟိုဘက်က ဝယ်ယူသူကနေပြီး အကောင့်တစ်ခုတည်းကိုပဲ ငွေလွှဲနေမယ်ဆို ရင် ဟိုဘက်အစိုးရကလည်း ငွေလွှဲပြောင်းမှု တွေကို နောက်ယောင်ခံမိမှာစိုးလို့ အကောင့် တွေ ပြောင်းဖွင့်နေရချိန်မှာ ဘဏ်တစ်ခုရဲ့ သြျအမသ အကောင့်ထဲကို သွင်းလာမယ်ဆို သွင်းလာမယ့်အခြေအနေကိုလည်း သွင်းလာ နိုင်ပါ့မလားဆိုတာကလည်း စဉ်းစားရပါတယ်” လို့ ဦးဆက်အောင်က ဆိုပါတယ်။
 
■ တရုတ်ယွမ်ပြဿနာ ဘယ်လို အဖြေရှာမလဲ
 
ကမ္ဘာသုံး အရန်ငွေကြေးဖြစ်လာတဲ့ တရုတ်ယွမ်ငွေဟာ မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အဓိကအားပြုနေရတဲ့ ငွေကြေးဖြစ်လာနေပါတယ်။ ဒီလို အဓိကငွေကြေးဖြစ်လာနေပေမယ့် ပြည်တွင်းမှာတော့ ယွမ်ငွေဟာ သုံးစွဲမှုမရှိသလောက်ပါ။ ပိုမိုဆိုးရွားစေတာက မြန်မာနိုင်ငံဟာ ဒေါ်လာအထူးပြုသုံးစွဲတဲ့ နိုင်ငံဖြစ်မလာဖို့ ဗဟိုဘဏ်က ကြိုးပမ်းနေပေမယ့် အောင်မြင်မှုနည်းပါးနေပြီး လက်ရှိမှာ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ အဆောက် အအုံကွန်ဒိုတိုက်ခန်းတွေ ရောင်းချမှုတွေမှာ ဒေါ်လာနဲ့ပဲ ပေးချေနေရသလို နိုင်ငံခြားခရီးသွား ဝင်ကြေးတွေကိုလည်း ဒေါ်လာနဲ့ ကောက်ခံနေပါတယ်။ ဒီလိုအခြေအနေတွေက မြန်မာ ကျပ်ငွေကို ပိုမိုတန်ဖိုးကျဆင်းစေတဲ့ အခြေ အနေဖြစ်လာနေပါတယ်။
“မြန်မာလူမျိုးတွေရဲ့ ဒုတိယငွေကြေးက အမေရိကန်ဒေါ်လာ ဖြစ်လာနေတယ်။ အမေရိကန်မှာ သမ္မတအသစ်တက်လာမယ့် နောက်ပိုင်းမှာ စီးပွားရေးပိုကောင်းလာမယ် ယူဆကြတယ်။ ဒါပေမဲ့ သူတို့မှာလည်း အခက်အခဲတွေရှိတယ်။ နောက်ပြီး တရုတ်နဲ့ အမေရိကန်နိုင်ငံအကြားမှာ နိုင်ငံရေးအားပြိုင်မှုတွေ ဖြစ်လာမယ်။ ဆိုလိုချင်တာက တရုတ်ကို စိုးရိမ်စိတ်တွေ ပွားများလာတယ်။ ပြည်တွင်း ပြန်ကြည့်ရင် ပြည်ပပို့ကုန် တက်မလာဘူး။ ဘဏ္ဍာရေးလိုငွေကလည်း ကြီးသထက်ကြီး လာပြီး GDP နဲ့ ယှဉ်ရင် ၄ ဒသမ ၉ ရာခိုင် နှုန်း ဖြစ်လာတယ်။ ဒါကလည်း ကျွန်တော်တို့ က 'ဝ' မရှိဘဲ 'ဝိ' လုပ်နေရတယ်။ မသုံးသင့် မသုံးထိုက်ဘဲ ချွေတာပြီး သုံးနေရတဲ့အခိုက်မျိုးမှာ ကျွန်တော်တို့က ပိုသုံးနေရတယ်။ အရင်တုန်းက ဗဟိုဘဏ်က ဝင်ဟန့်လည်း ခဏပဲဈေးကျပြီး နောက်ပြီး ပြန်တက်တာပဲ။ လက်ရှိရှိနေတဲ့ စီးပွားရေးအင်အားကိုက မခိုင်မာသေးဘူး။ ပို့ကုန်များများတက်အောင် လုပ်နိုင်ရမှပဲ။ အရင်တုန်းက ဆန်ရှင်ကြောင့် မပို့နိုင်ခဲ့ဘူး။ အခု ဆန်ရှင်မရှိတော့ ပို့ကုန် ဘယ်လောက်တက်လာမလဲ။ အခုလောလောဆယ်မှာ အမေရိကန်ရဲ့ စီးပွားရေးမူဝါဒက မသိရသေးဘူး။ သူ့နိုင်ငံကို ထိခိုက်မခံဘဲ ဘယ်လိုလုပ်မှာလဲ။ အမေရိကန်ဈေးကွက်ကို ပို့ဖို့လွယ်ပါ့မလားဆိုတာတွေ ရှိသေးတယ်။ ဒီလိုမပို့နိုင်ဘူးဆိုရင် ဒုတိယအချက်အနေနဲ့ ပြည်တွင်းမှာ လည်ပတ်နေတဲ့ မြန်မာကျပ်ငွေကို များများလည်ပတ်လာအောင် လုပ်ရမယ်။ တစ်နေရာတည်းမှာ စုနေတာတွေ၊ ရပ်နေတာတွေ မဖြစ်အောင် လုပ်မယ်ဆိုရင် မြန်မာကျပ်ငွေ Demand တက်လာလိမ့်မယ်။ မြန်မာကျပ်ငွေ Demand တက်လာမယ်ဆိုရင် သူ့အလိုလို အတိုင်းအတာတစ်ခုအထိ လည်သွားလိမ့်မယ်။ တတိယအချက်အနေနဲ့ကတော့ ကုန်သွယ်ရေးတွေ၊ ဘဏ္ဍာရေးလိုငွေတွေက ဒီအတိုင်းသွားလျှော့လို့ မရတော့ဘူး။ ပရမ်းပတာသွားလျှော့ရင် ရင်ဆိုင်ရတာတွေ ရှိလာမယ်။ ဘေးထွက်ဆိုးကျိုး ရင်မဆိုင်ရအောင် ဘယ်လောက်အတိုင်းအတာ လျှော့မလဲ သေသေချာချာအချိန်ယူပြီး လုပ်ရမယ်။ တရုတ်ယွမ်ငွေမှာလည်း တရုတ်က အခု AIIB မှာ စပြီးအသက်ဝင်နေပြီ။ ကျွန်တော်တို့က Dollarization ကိုပဲ ပြောနေပေမယ့် နောက်ပိုင်းမှာ Yuanization ဖြစ်လာမယ်လို့ ပြောခဲ့ဖူးတယ်။ နယ်စပ်ကုန်သွယ်ရေးကို ကြည့်ရင်လည်း ဟိုဘက်ဒီဘက် အရောင်းအဝယ်မှာ ယွမ်ကိုပဲ အရောင်းအဝယ်လုပ်နေရတယ်။ တရုတ်အစိုးရကလည်း ကမ္ဘာမှာ ယွမ်ငွေအားကောင်းလာအောင် လုပ်နေတယ်။ AIIB ကလည်း ဒါကိုပဲ လုပ်နေတာ။ ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ အဓိက ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်တဲ့အခါကျတော့ ပိုပြီးသတိထားရမယ်။ သတိထားရမယ်ဆိုရာမှာ ကောင်းကျိုးကိုရော ဆိုးကျိုးကိုပါ သတိထားရမယ်။ အဲဒါတွေကတော့ ဗဟိုဘဏ်အပါအဝင် တာဝန်ရှိသူတွေအနေနဲ့ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်မလာခင် ကြိုတင်ပြင်ဆင်ထားသင့်တယ်”  လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပါတယ်။
ဒါ့အပြင် ဒီလို နိုင်ငံခြားငွေဈေးမြင့်တက်မှုနဲ့ ပို့ကုန်ရငွေတွေ ပြန်မဝင်မှုမှာ မြန်မာလုပ်ငန်းရှင်တွေက ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံခြားဘဏ်တွေမှာ ဘဏ်အကောင့်ဖွင့်ခွင့်မရဘဲ ငွေကြေးအပေးအချေကို စင်ကာပူမှာ လုပ်နေရတဲ့အတွက်ကြောင့်ဖြစ်ပြီး ဒီလို စင်ကာပူမှာ ရောက်နေတဲ့ မြန်မာ့ငွေကြေးဈေးကွက်ကို မြန်မာနိုင်ငံဆီ ပြန်ရောက်အောင် လုပ်နိုင်ရင် ဒီပြဿနာ အေးသွားမယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဆိုပါတယ်။ “ Re-export က တရားခံမဟုတ်ဘူး။ အဓိကက ပို့ကုန်ရငွေတွေ ပြန်မဝင်တာကို ပြောတာ။ တရုတ်ကိုပို့တဲ့အခါကျတော့ ငွေက ပြန်လွှဲလို့မရဘူး။ တရုတ်ကရတာ ယွမ်ပဲ ရတယ်။ မြန်မာပြည်မှာရှိတဲ့ဘဏ်နဲ့ တရုတ် ပြည်ကဘဏ်နဲ့ အဆက်အစပ်မရှိဘူး။ ငွေလွှဲလို့ မရဘူး။ Re-export မှာ သကြားကို ရပ်ထားတာလည်း ပြန်ဖွင့်လိုက်ပြီ။ သူတို့ ပြောနေတာကတော့ ငွေမဝင်ဘူးလို့ ပြောနေတာပေါ့။ ကျွန်တော့်တစ်ဦးတည်း ကိုယ်ပိုင်အမြင်ကိုပြောရရင် ငွေဆိုတာ မဝင်စရာ မရှိဘူး။ ပိုက်ဆံလည်းမရဘဲနဲ့ ဘယ်သူမှ အလကားမပေးဘူး။ မြန်မာပြည်မှာ ဒေါ်လာဈေး ဆိုတာက ကျပ်ဈေးက တစ်မျိုး၊ ဘဏ်ထဲမှာရှိတဲ့ ပို့ကုန်ရငွေက တစ်မျိုး၊ အဝေးလို့ ခေါ်တဲ့ စင်ကာပူမှာရှိတဲ့ငွေကို ကြည့်လုပ်ရတာက တစ်မျိုး။ သုံးမျိုးကို ကျွန်တော်တို့က ကြည့်ပြီး ဈေးကိုဖြတ်ရတယ်။ ပို့ကုန်ပဲဖြစ်ဖြစ် သွင်းကုန်ပဲဖြစ်ဖြစ် အလုပ်လုပ်တာက စင်ကာပူမှာရှိတဲ့ ဘဏ်ကို အပေးအချေလုပ်တာ။ ငွေဝင်တာ မဝင်တာက သူတို့ဘာသာ သုံးသပ်တာပေါ့။ ကျွန်တော်တို့အမြင်ပြောရရင် ဘယ်သူမှတော့ ငွေကိုအပြင်မှာထားပြီး လုပ်ဖို့မရှိဘူး။ လူတစ်ယောက်က သူ့မှာ နှစ်သန်းရှိရင် အဲဒီငွေနဲ့ အရောင်းအဝယ်လုပ်နေမှာပဲ။ သူ့မှာလည်း လက်ထဲမှာ နှစ်သန်းလုံး ရှိမှာမဟုတ်ဘူး။ ငွေက အကူးအပြောင်း ဖြစ်နေတယ်။ သူတို့ကတော့ အကြောင်းအချက် တစ်ခုအနေနဲ့ စဉ်းစားတာ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်အရ ပြောရရင် ဒေါ်လာဈေး ကျအောင် ငွေတွေရောက်လာအောင် ဘာလုပ်စေချင်လဲဆိုရင် လက်ရှိ စင်ကာပူမှာ ရှိနေတဲ့ UOB စတဲ့ဘဏ်တွေမှာ ရှိနေတဲ့ မြန်မာမှာရှိတဲ့လူတွေကရော မြန်မာနိုင်ငံက ဘဏ်တွေကရော Nostro အကောင့်ဆိုပြီး ဘဏ်အကောင့်ဖွင့်ထားတဲ့ ငွေတွေရွှေ့ဖို့ အကြံပေးထားတယ်။ မြန်မာပြည်မှာလည်း နိုင်ငံခြားဘဏ်တွေ ဖွင့်ခွင့်ပေးထားတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေကို အကောင့်ဖွင့်ခွင့် ပိတ်ထားတယ်။ နိုင်ငံခြားသားပဲ ဖွင့်ခွင့်ပေးထားတဲ့အတွက်ကြောင့်မို့ မြန်မာမှာရှိ တဲ့ လုပ်ငန်းရှင်တွေက စင်ကာပူမှာ သွားပြီး အလုပ်လုပ်နေရတယ်။ နိုင်ငံခြားသားတွေ ဒီမှာလာလုပ်ဖို့ခေါ်တော့ ဘယ်သူမှ မလာဘူး။ ညီလေးမေးတဲ့ မေးခွန်းကို အလွယ်ဆုံး ဖြေရရင် စင်ကာပူမှာရှိတဲ့ ငွေကြေးဈေးကွက်ကို မြန်မာပြည်ကို ရွှေ့စေချင်တယ်။ မြန်မာပြည်မှာရှိနေတဲ့ နိုင်ငံခြားဘဏ်တွေမှာ မြန်မာတွေကို အကောင့်ဖွင့်ခိုင်းရင် ဒီပြဿနာ အေးသွားလိမ့်မယ်” လို့ ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။

Most Read

Most Recent