‘အခက်ခဲဆုံးကတော့ နိုင်ငံအတွက်အရေးကြီးတဲ့ မြေယာနဲ့ပတ်သက်တဲ့ဟာတွေပဲ။ ဒါတွေက ထုနဲ့ထည်နဲ့ရှိတယ်’
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ပထမဆုံးထုတ်ပယ်ခံခဲ့ရသည့် ဒုဝန်ကြီးမှာ ဒေါက်တာထွန်းဝင်းဖြစ်သည်။ စိုက်ပျိုးရေးပညာရှင်အဖြစ် နှစ်ပေါင်း ၄၀ နီးပါးလုပ်ကိုင်ခဲ့ပြီး စိုက်ပျိုးရေးနှင့်ပတ်သတ်သည့် ဆောင်းပါးများ ရေးသားခြင်း၊ ကျေးလက်ဒေသတွင် တောင်သူများအား အသိပညာပေးခြင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် စိုက်ပျိုးရေးပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာမရရှိမီကတည်းက အဖွဲ့ချုပ်မှဖွဲ့စည်းထားသည့် လယ်သမားရေးရာကော်မတီတွင် အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သည့် ဒေါက်တာထွန်းဝင်းအား ဒုဝန်ကြီးအဖြစ် ခန့်အပ်စဉ်တွင် အားပေးထောက်ခံမှုရရှိခဲ့သည်။ သို့သော် ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး ခုနစ်လနီးပါးခန့်အကြာတွင် ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ရာထူးမှ ထုတ်ပယ်ခြင်းမခံရမီ နေပြည်တော်ကောင်စီတွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်က လာရောက် ပြောကြားခဲ့သော်လည်း ပြောင်းရွှေ့ခြင်းမပြုဘဲ မိမိနေရာတွင်သာ တာဝန်ထမ်းဆောင်မည်ဟူသော စိတ်ဓာတ်ဖြင့် နေထိုင်ခဲ့ခြင်းကြောင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။ ထိုသို့ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ဒုဝန်ကြီးဟောင်း ဒေါက်တာထွန်းဝင်းအား ၎င်းတာဝန်ထမ်းဆောင်ချိန်တွင် တွေ့ကြုံရသည့် အခြေအနေများ၊ ရာထူးမှထုတ်ပယ်ခံရသည့် အခြေအနေများကို Eleven ဂျာနယ်မှ ၎င်းနေထိုင်ရာအိမ်တွင် သွားရောက်တွေ့ဆုံပြီး မေးမြန်းခဲ့သည်များမှ အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
■ မေး - ဆရာ ဒုဝန်ကြီးဘဝကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်းမှာ အစိုးရဘက်က ပြန်ဆက်သွယ်တာတွေ ရှိပါသလား။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာတွေများဆက်သွယ်ပါသေးလဲ။
ဖြေ - ဘာမှပြန်မဆက်သွယ်ပါဘူး။ အခုထိတော့ ဘာမှဆက်သွယ်တာမရှိဘူး။ ဆရာ့အနေနဲကတော့ အင်တာဗျူးမှာပြောခဲ့တဲ့ အတိုင်းပဲ။ ရပ်ဆိုင်းလိုက်တယ်။ ကိုယ့်ဘက်ကလည်း အမှန်တရားကို ဖော်ထုတ်ပြီးတဲ့ နောက်ပိုင်းမှာ အပြင်မှာလွတ်လပ်စွာ ရှင်သန်ဖို့ပါပဲ။ ဆရာကတော့ ဘယ်နေရာမဆို ကိုယ့်အတွက် တစ်ဝမ်းတစ်ခါးကတော့ အဆင်ပြေပါတယ်။ ကိုယ့်မှာလည်း ပရော်ဖက်ရှင်နယ် အလုပ်ကရှိတယ်။ ဒီအတွက်ပူစရာမရှိဘူး။ စိုးရိမ်သောကဖြစ်စရာမရှိဘူး။ ငှက်တစ်ကောင်လိုပါပဲ။ လွတ်လပ်ပေါ့ပါးတယ်။ တစ်ခုပဲပေါ့။ ကိုယ်စိတ်ထဲမှာစိုးစဉ်းမျှ တိုင်းပြည်ပေါ်မှာ မသမာမှု၊ တိုင်းပြည်ပေါ်မှာ ယုတ်မာတဲ့စိတ် လုံးဝမရှိခဲ့ဘူး။ တိုင်းပြည်အပေါ်မှာ အကျင့်ပျက်ခြစားတယ်ဆိုတာ လုံးဝမရှိဘဲနဲ့ တိုင်းပြည်အတွက်ကောင်းအောင် အစိုးရသစ်အတွက်ရော ထင်သာမြင်သာဖြစ်အောင် ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်းပဲ ပြောင်းလဲစရာတွေ ပြောင်းလဲသင့်ပြောင်းလဲထိုက်တာတွေကို အင်တိုက်အားတိုက်နဲ့ ပြောင်းလဲနိုင်အောင် ကိုယ်နိုင်တဲ့နေရာလေးကနေ၊ ဒုဝန်ကြီးဆိုတဲ့နေရာက ဝန်ကြီးဦးဆောင်မှဖြစ်တဲ့အတွက် ဝန်ကြီးကိုတော့ တင်ပြတယ်။ တင်ပြတဲ့အတွက် အပယ်ခံရတယ်။ ဒါကရှင်းတယ်လေ။ ကိုယ်စွမ်းနိုင်သလောက်တော့ စိတ်ထဲကဆန္ဒတွေပြခဲ့ပြီ။ ဒါတွေကလည်း အားလုံးသိပြီးသား ပြောပြီးသားပေါ့နော်။ တိုင်းပြည်အတွက် ထင်သာမြင်သာ ပြောင်းလဲမှုတွေ ချက်ချင်းလုပ်ပြချင်ပေမယ့် လုပ်ခွင့်မရတဲ့အတွက် စိတ်မကောင်းဘူး။ အပြင်မှာတော့ ဆက်ပြီးတော့လုပ်နိုင်တဲ့အပိုင်းတွေကမှ မိတ်ဆွေ၊ တောင်သူလယ်သမားတွေ အများကြီးရှိပါတယ်။ ဒီလူတွေက ဆရာ့ကိုယုံကြည်ဆဲ၊ အားထားဆဲပေါ့။ ဒီလူတွေကတစ်ဆင့် လုပ်နိုင်တာကို လုပ်သွားမယ်။ ဒါက တစ်ပိုင်းပေါ့နော်။ အခုတော့ ပိုလွတ်လပ်သွားတော့ တောင်သူလယ်သမား လူတန်းစားအတွက်ကို လွတ်လွတ်လပ်လပ် ပါဝင်တော့မယ်။ ဒါကြောင့် ငှက်တစ်ကောင်လို ပေါ့ပါးသွားတယ်ဆိုတာ။ ဒုဝန်ကြီးဘဝမှာကျတော့ တစ်ယောက်တည်း လုပ်ချင်တိုင်းလုပ်လို့မရဘူး။ အထက်ကလူကို အတည်ပြုရတယ်။ အထက်လူရဲ့ အတည်ပြုချက်မရတော့ ကိုယ့်မှာအခုလို ဘေးရောက်သွားတာပေါ့။
■ မေး - အဲဒါဆိုရင် ဆရာ့အနေနဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ဟာကိုပဲ လုပ်သွားမယ်။ အဓိက တောင်သူတွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတော့ ဘယ်လိုအပိုင်းတွေ လုပ်ဆောင်သွားမလဲခင်ဗျ။
ဖြေ - ဒီနိုင်ငံကလည်း စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးကို အဓိကထားရှင်သန်မှပဲ နာလန်ထူမယ်။ မွေးမြူရေးဆိုတာကလည်း စိုက်ပျိုးရေးအပေါ်မှာ လုံးဝမူတည်တယ်။ ဒီအဆက်အစပ်ကိုလည်း ဆရာကနားလည်တယ်။ ဒါတွေကို အားလုံးပေါင်းပြီးလုပ်မယ်။ လယ်ရှိတဲ့သူတွေကို စိုက်ပျိုးရေးလုပ်မယ်။ လယ်ရှိတဲ့သူတွေကို မွေးမြူရေးလုပ်မယ်။ နောက်တစ်ခုက ဈေးကွက်ပေါ့။ အဲဒါတွေကို လုပ်မယ်။ တိုင်းပြည်ရဲ့ ရာခိုင်နှုန်း ၇၀ က ကျေးရွာမှာနေတဲ့သူတွေ။ နောက်တစ်ခုက လယ်သမားတွေရဲ့ ရာခိုင်နှုန်း ၇၀၊ ရာခိုင်နှုန်း ၈၀ က လယ်မဲ့တွေများတယ်။ အလုပ်လက်မဲ့ လူတန်းစားတွေရဲ့ ကြုံရာကျပန်းလုပ်စားနေရတဲ့သူတွေ အဲဒီလူတွေရဲ့ အနေအထားက တော်တော်စိုးရိမ်စရာရှိတယ်။ ဒီလူတွေပါ မွေးမြူရေးလုပ်ငန်းတွေမှာ ပါအောင်လုပ်ရမယ်။ အခုဖြစ်နေတာတွေက လယ်ရှိတဲ့သူတွေလောက်ပဲ လုပ်ပေးနေတာတွေပေါ့။ ခုနကပြောတဲ့သူတွေပါလာရင် ဒေသအလိုက် စားစရာတွေလည်း ဖူလုံသွားမယ်။ အဲဒီကနေ တစ်ဦးချင်းဖူလုံလာရင် အဲဒီအတွက် ဈေးကွက်ကိုဘယ်လိုရှာမလဲ။ သားငါးဈေးကွက်အတွက် ကုမ္ပဏီတွေကို ချိတ်မယ်။ ဒါကတော့ အကြမ်းဖျင်းပြောတာပေါ့။ အဲဒီလိုလုပ်ဖို့ဆိုတာတွေက ဒုဝန်ကြီးဘဝမှာ တိုးလိုးတန်းလန်းတွေ ကျန်ခဲ့တာတွေပေါ့။ ဒါကျန်နေပေမယ့်လည်း ဒါကိုပဲဆက်ပြီး တွန်းအားပေးသွားရမှာပေါ့။ ပြင်ပကနေ လိုအပ်တာတွေကို ကူညီပေးဖို့ပေါ့။ လယ်သမားတွေအတွက်ကတော့ ဦးစားပေးလုပ်သွားမှာပေါ့။ အခုလိုလုပ်တဲ့နေရာမှာ ကိုယ့်ဟာကိုယ်သော်လည်းကောင်း၊ အင်ဂျီအိုသော်လည်းကောင်း၊ ဆရာထွန်းလွင်တို့လို အင်ဂျီအိုတစ်ခုထောင်ပြီးတော့မှ ကိုယ်နဲ့ဝါသနာတူရာ၊ စိတ်သဘောထားချင်း တူရာလူတွေနဲ့ ပူးပေါင်းသွားမယ်။ ဒါမှမဟုတ် ကိုယ့်မိတ်ဆွေတွေရဲ့ အင်ဂျီအိုတွေမှာ အသိပညာမျှဝေပေးတာတွေ လုပ်သွားဖို့ရှိတယ်။
■ မေး - ဆရာအနေနဲ့ ဒုဝန်ကြီးတာဝန် ထမ်းဆောင်ရတဲ့အချိန်မှာ အခက်ခဲဆုံးကာလတွေ၊ အခြေအနေတွေ ကြုံတွေ့ခဲ့ရမှာပေါ့။ ဘယ်လိုတွေကြုံခဲ့ရသလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ - အခက်ခဲဆုံးကတော့ နိုင်ငံအတွက် အရေးကြီးတဲ့ မြေယာနဲ့ပတ်သက်တဲ့ဟာတွေပဲ။ ဒါတွေက ထုနဲ့ထည်နဲ့ရှိတယ်။ ဒါတွေက ဒီတိုင်းပြည်မှာ မြေသိမ်းယာသိမ်း ကိစ္စတွေပေါ့။ နိုင်ငံရဲ့ အဓိကရိက္ခာသဖွယ်ရှိတဲ့မြေတွေက အခုမြင်နေရတဲ့အတိုင်းပဲ။ ခြံတွေက ဘာမှမစိုက်ဘဲ။ အိမ်ယာကွက်တွေက တစ်နံတစ်လျားမှာ မြင်မဆုံးဘူး။ ဒီမြေယာတွေနဲ့ပတ်သက်ပြီး အမှုတွေက အများကြီးပဲ။ ဒါတွေကို ဆရာက နိုင်ငံတော်အနေနဲ့ မူဝါဒတစ်ခုချမှတ်ပြီး ဖြေရှင်းသင့်တယ်။ ဒါဖြေရှင်းရမယ်။ တကယ်လည်းမှန်တယ် လက်တွေ့မှာ။ အဲဒါတွေပြောပေမယ့် ကိုယ်ကဒုဝန်ကြီးဆိုတော့လည်း ဒါကိုယ့်အမြင်လေးပေါ့။ ဒုဝန်ကြီးတစ်ဦးက ဒီလောက်တော့ မြင်လို့ရပါတယ်နော်။ ဒီလိုမြင်ခြင်းအားဖြင့် မမြင်ကောင်းဘူး။ ဒီလိုမမြင်ရဘူး။ ကျော်မမြင်ရဘူးဆိုတာ ဒီမိုကရေစီမကျပါဘူး။ လုပ်ရမှာကတော့ ကြီးကဲတဲ့အပိုင်းတွေက မြင်ရမှာပေါ့။ ဒါပေမဲ့ အခုထိလူကြီးတွေက ဘာမှရေရေရာရာ သေသေချာချာ မမြင်ရသေးတာတော့ မကောင်းဘူး။ ဒါတွေက တောင်သူလယ်သမားတွေရဲ့မြေ။ ဒါတွေသည် အလွန်ကိုရှုပ်ထွေးတယ်။ ခေတ်အဆက်ဆက် တစ်လက်နဲ့တစ်လက် ဈေးအမျိုးမျိုးတွေနဲ့ ငှားရမ်းပြီးဆင့်ကဲဖြစ်လာတဲ့ အနေအထားတွေ။ ဒါတွေကိုလုပ်ဖို့ အချိန်ယူရမယ်။ ဥပဒေနဲ့လုပ်ရမယ်။ ဒါလည်းမှန်တာပါပဲ။ ကျွန်တော်ကလည်း ဒါတွေကို ချက်ချင်းအမိန့်နဲ့လုပ်ရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကလူတိုင်းလည်း သိတယ်။ ဒါပေမဲ့ ဆန္ဒပေါ့ဗျာ။ ကျွန်တော်တို့က ပြည်သူထဲကလာတဲ့သူတွေပဲ။ ဒါတွေကို တကယ်ကိုပေးသင့်တယ်။ တောင်သူလယ်သမား မူရင်းပိုင်ရှင်တွေဆီက မတော်မတရား ဥပဒေနဲ့သိမ်းထားတာက ပြန်ကိုပေးရမှာပေါ့။ ဒါက ဘာမှပြောစရာမရှိဘူး။ ဒါကအမှန်တရားပဲ။ ဒီထက်ဆိုးတာက နိုင်ငံတော်ပိုင်မြေကို ပေးထားတာပဲ။ နိုင်ငံတော်ပိုင်မြေကို ဘာလုပ်မလဲ။ အဲဒီမြေတွေက နိုင်ငံတော်မှာရှိတဲ့ မျိုးစေ့တွေ၊ အပင်တွေကို လေ့လာရမယ့်နေရာတွေ။ နိုင်ငံတော်ရဲ့ အသည်းနှလုံးတွေပေါ့။ သုတေသနလုပ်ရမယ့် နေရာတွေ။ အဲဒီကရရှိချက်တွေကို တန်ဖိုးထားရတယ်။ ဘယ်တိုင်းပြည်မှာမဆို တိုးတက်တဲ့ နိုင်ငံတိုင်းကိုကြည့်လိုက် သုတေသနအောင်မြင်တဲ့အမျှ တိုးတက်တယ်။ အောင်မြင်တယ်။ အဲဒါကြောင့် အင်္ဂလိပ်ခေတ်ကတည်းက ဒီလိုမြေတွေကို တန်ဖိုးထားထိန်းသိမ်းလာခဲ့တာ။ အင်္ဂလိပ်ခေတ်ကတည်းက ဒီခြံတွေကို သူတို့ကိုယ်နှိုက်က တန်ဖိုးထားခဲ့တာ။ ဒါတွေကိုပြီးခဲ့တဲ့ ငါးနှစ်တာကာလမှာ အုပ်ချုပ်သူများက အကျိုးအမြတ်ကိုတွက်ပြီး မြတ်အောင်ပုဂ္ဂလိကကို ပေးတယ်။ ဒါတွေကိုပေးကတည်းက အမှန်တရားနဲ့ ဝေးသွားတယ်။ သုတေသနကတော့ တန်ဖိုးရှိတယ်။ အကျိုးအမြတ်ကတော့ ရှုံးမှာပဲ။ နိုင်ငံတော်မြေတွေက ၂၅၈၀၀ ဧကအထိရှိတယ်။ အဲဒါတွေက ပုဂ္ဂလိကတွေကို ငှားထားတယ်။ တကယ့်တကယ်ကျတော့ ကက်ဘိနက်တို့၊ လွှတ်တော်တို့ကို အတည်မပြုထားဘူး။ အဲဒီတော့ သေချာစစ်ဆေးလိုက်ရင် ဘောင်မဝင်ဘူး။ အဲဒါက ကျွန်တော်ပြောထားတဲ့ ဟဲဟိုးခြံအပါအဝင်ပေါ့။ အပြင်လူတွေကတော့ ပြောကြမှာပေါ့။ ဒီလိုနေရာမှာ ဒေါ်လာရှစ်သန်းလောက် ရင်းထားတယ်။ ကြိုဆိုရမှာပေါ့ဆိုပြီး ပြောကြမယ်။ အဲဒီလိုရင်းနှီးချင်ရင် တခြားမြေလွတ်မြေရိုင်းနေရာတွေ အများကြီးပဲ။ အစိုးရက နိုင်ငံတော်စီမံကိန်းနဲ့ နှစ်ပေါင်း ၁၀၀ ကျော်လုပ်လာတဲ့ဟာတွေကို၊ သုတေသနလုပ်လို့ ရှုံးခဲ့တဲ့နေရာကို ပေးရကြေးဆို နယ်ချဲ့ကျူးကျော်တာထက် စီးပွားရေးသမားတွေ ကျူးကျော်မှုကိုခံရတာပဲ။ ဒါကပိုဆိုးတယ်။ ခုနက ကျွန်တော်ပြောသလိုပဲ။ သုတေသနက ရှုံးမှာပဲ။ အဲဒါကြောင့် ပေးလိုက်တယ်ဆိုရင်တော့ စဉ်းစားကြည့်ပေါ့ဗျာ။
■ မေး - ကျွန်တော်တို့ဆီမှာက နှစ်ပေါင်းများစွာ လူတန်းစားတစ်ရပ်က အုပ်စိုးလာခဲ့တယ်။ အစိုးရဌာနတိုင်းမှာပေါ့။ အခုချိန်ထိလည်း ရှိနေတုန်းပဲ။ အခုလို အရပ်သားအစိုးရ တက်လာချိန်မှာ ဆရာတို့ဝန်ကြီးဌာနတွေမှာ အလုပ်လုပ်ကိုင်ရတဲ့နေရာမှာ အခက်အခဲတွေ့ခဲ့လား။ အပြင်မှာကြားနေရတဲ့ သတင်းတွေအရ ပြည်သူတွေက ဝေဖန်ကြတယ်။ အရင်လူတွေက ပူးပေါင်းမှု အားနည်းတယ်ဆိုတာတွေပေါ့။ ဥပမာဝန်ကြီးကို ညွှန်ချုပ်တွေက ချုပ်ကိုင်ထားတယ်။ အမိန့်မနာခံဘူးဆိုတာတွေလည်း ကြားရတယ်။ အဲဒါကြောင့် ဆရာတာဝန်ထမ်းဆောင်တဲ့ အချိန်မှာရော အဲဒီလို အဖြစ်အပျက်မျိုး ရှိခဲ့ဖူးလားခင်ဗျ။
ဖြေ - အဲဒါက ပြောရမယ်ဆိုရင် ဌာနတိုင်းတော့ မဟုတ်ဘူးဗျ။ ကျွန်တော်ဆိုရင် လုပ်ချင်တာ ဝန်ကြီးကိုတင်ပြတယ်။ အဲဒီက တစ်ဆင့်လုပ်တယ်။ ခုနကပြောသလို ဌာနတိုင်းမဟုတ်ဘူး။ တချို့ဌာနတွေက အရပ်သား၊ စစ်သား၊ မိုးကျရွှေကိုယ် အဲဒီလိုခွဲလို့မရဘူး။ ထူးဆန်းတာတစ်ခုက ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန။ အဲဒီမှာ တပ်မတော်အရာရှိ၊ အင်ဂျင်နီယာတွေကို အခြေပြုပြီး လုပ်ထားတာ။ ပြောလိုက်ရင် ထက်ကြပ်မကွာ စည်းကမ်းနဲ့၊ ဘောင်နဲ့၊ အင်းနဲ့ တော်တော်ကို စနစ်ကျတယ်။ မွေးမြူရေးလုပ်ငန်းမှာလည်း ဒီလိုပဲ။ ပြောလိုက်ရင် အားလုံးကို ထက်ကြပ်မကွာ နာခံတယ်။ အားတက်သရောနဲ့လုပ်တယ်။ တက်ကြွတယ်။ သူတို့အနေနဲ့ အရင်တုန်းက နေရာအပေးမခံရဘူး။ ကျွန်တော်ရောက်လာတဲ့အချိန်မှာတော့ သူတို့အခန်းကဏ္ဍတွေကို ဖော်ဆောင်ခွင့်ရတယ်ဆိုတော့ အားတက်သရောလုပ်ကြတယ်။ စည်းရုံးရေးကိစ္စတွေကို ကျွန်တော်လိုချင်တဲ့အတိုင်း ဖြစ်အောင်လုပ်ကြတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးဌာန၊ ဆည်မြောင်းဌာနတို့ကျတော့ တစ်မျိုးဗျ။ ကျွန်တော်တို့က လုပ်ချင်တဲ့ဟာတွေကို ပြောပြရင် လိမ္မာစွာနဲ့ရှောင်တယ်။ ဖယ်တယ်။ ကျွန်တော်က အဆင်ပြေနိုင်မယ့် ပရောဂျက်တွေခိုင်းရင် ဘယ်တော့မှ ထွက်မလာဘူး။ ကျွန်တော်က အထက်ဝန်ကြီးတင်ပြတယ်။ ဝန်ကြီးက ခိုင်းမှလုပ်ပေးတယ်။ သာမန်လုပ်သင့် လုပ်ထိုက်တဲ့ဟာမျိုး၊ ဘာမှအကျိုးအမြတ်မရှိတဲ့ဟာ။ ခုနကပြောတဲ့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ တိုးချဲ့ရေးလုပ်ငန်းတွေ လုပ်မယ်။ အစိုးရအနေနဲ့ နေရာတိုင်းကို မရောက်နိုင်တဲ့အတွက်ကြောင့် စိုက်ပျိုးရေးကုမ္ပဏီတွေနဲ့ ပေါင်းမယ်။ သူတို့တွေက ကွင်းထဲမှာ နေရာစုံရောက်တယ်။ အဲဒီတော့ သူတို့နဲ့ပူးပေါင်းပြီးလုပ်ပါလို့ အကြိမ်တစ်ရာပြောလည်း မလုပ်ဘူး။ အခုစပါးဈေးတွေကျတယ်။ အဲဒါကို ကျွန်တော်သိလို့ အစောကြီးကတည်းက ဆန်စက်ပိုင်တွေနဲ့ ပေါင်းလုပ်ပါ။ နေပြည်တော်မှာခေါ်ပြီး လယ်သမားနဲ့ ဆန်စက်ပိုင်ရှင်တွေကို ခေါ်ပြီးညှိပေးမယ်။ ဆန်စက်ပိုင်ရှင်နဲ့ လယ်သမားဆိုတာက လင်နဲ့မယားလိုပဲ။ လယ်သမား အခြေအနေကောင်းရင် ဆန်စက်ပိုင်ရှင် အခြေအနေကောင်းတယ်။ ကျွန်တော်တို့က အဲဒီမှာတစ်ခုခုရအောင် ညှိပေးမယ်။ ဆန်စက်ပိုင်ရှင်တွေကလည်း သူတို့ကို အစိုးရကိုယ်တိုင်က အရေးတယူလုပ်တယ်ဆိုရင် သူတို့ကလည်း အားကြိုးမာန်တက် လုပ်ကြမယ့်သူတွေ။ အဲဒီလို ကျွန်တော်တို့ကကြားထဲက ညှိပေးလိုက်ရင် သီးနှံဈေး အထူးသဖြင့် စပါးဈေးကျတဲ့ဟာက တစ်မုဟုတ်ချင်းမှာ ပြန်တက်လာနိုင်တယ်။ ဒါတွေအကုန်လုံးကလည်း မလုပ်ဖြစ်ဘူး။ အဲဒီလိုလုပ်ဖို့ ကျွန်တော်မိုးတွင်းကတည်းက ပြောတာ။ ကျွန်တော်ပြောလည်း ဂရုမစိုက်ဘူး။ အထူးသဖြင့် စိုက်ပျိုးရေးပေါ့။ ဒါက ကျွန်တော်ဝန်ကြီးကိုလည်းပြောပြတယ်။ အားလုံးလည်း ပြောပြတယ်။ ကျွန်တော့်အနေအထား ဒုဝန်ကြီးတစ်ယောက်အနေနဲ့တော့ ဒီလောက်တော့ပြောသင့်တယ်လို့ ကျွန်တော်ထင်တယ်လေ။ တိုင်းပြည်အတွက် ပြောသင့်တယ်လို့ယူဆတယ်။ ကျွန်တော်ပြောခဲ့တာတွေ တစ်ခုမှမလုပ်ဘူးဗျာ။ အခုတော့ ဘာလုပ်လဲဆိုတော့ ဂိုဒေါင်တွေဆောက်ပြီး အရင်ပုံစံမျိုး ကုန်သွယ်လယ်ယာပေါ့။ အဲဒီလိုသွားမယ်ဆိုပြီး ထွက်လာတယ်။ အဲဒါအောင်မြင်သလား၊ မအောင်မြင်သလားဆိုတာ ကုန်သွယ်လယ်ယာရုံးချုပ်ကြီး မီးလောင်သွားတာပဲ ကြည့်တော့ပေါ့။ ပြောရမယ်ဆိုရင်တော့ ကျားသေကို ပြန်အသက်သွင်းသလို ဖြစ်နေတာပေါ့။ ဒါမျိုးတွေပေါ့ဗျာ။ တကယ်လုပ်မယ့်သူတွေကိုတော့ ဘေးချိတ်ထားတယ်။ လက်တွေ့ကျကျ ပြောတဲ့သူတွေရဲ့ လုပ်ဆောင်ချက်တွေကတော့ လုပ်ခွင့်မသာခဲ့ဘူးပေါ့ဗျာ။ ဘေးချိတ်ထားတယ်။ စိုက်ပျိုးရေးဆိုလည်း စိုက်ပျိုးရေးအလျောက်၊ ဆည်မြောင်းဆိုလည်း ဆည်မြောင်း အလျောက်ပေါ့ဗျာ။ အဓိကကတော့ သူတို့ရဲ့ Mindset တွေကို ပြင်ရမှာပေါ့။ အရင်တုန်းကအတိုင်း မပြောင်းလဲတဲ့သူတွေ မပြောင်းလဲချင်တော့ လုပ်ရကိုင်ရတာ ထစ်ထစ်ငေါ့ငေါ့တွေ ဖြစ်လာပြီး အခုလိုဖြစ်တာပေါ့ဗျာ။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေတဲ့အချိန်မှာ လူကြီးတွေကို တမင်သက်သက်ကွဲအောင် ရိုက်ခွဲနေသလားလို့တောင် ထင်ရတယ်။ ဒါမျိုးတွေက အရင်တုန်းကလည်း ရှိခဲ့ဖူးတော့ လူတွေသိတဲ့အတိုင်းပဲ ဒီလိုမျိုး နိုင်ငံအကြီးအကဲတွေကို သပ်လျှိုသွေးခွဲတာတို့၊ စိတ်ဝမ်းကွဲအောင်လုပ်တာတို့၊ စီမံကိန်းမှာ ပိတ်ပင်တားဆီးတာတို့၊ နောက်ပိုင်းမှာ ကျွန်တော်တို့အပြင် တခြားဆက်စပ်လာမယ့် အစိုးရတွေမှာ မရှိသင့်ဘူးလို့ ယူဆပါတယ်။
■ မေး - ဆရာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ လယ်သမားရေးရာကော်မတီမှာလည်း အကြံပေးအနေနဲ့ ပါခဲ့တယ်နော်။ အဲဒီတုန်းက ကျွန်တော်ကြားမိသလောက်ဆိုရင် စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး Master Plan တစ်ခုဆွဲခဲ့တယ်လို့ ပြောတယ်။ အဲဒါတွေကရော အသုံးချခွင့်ရခဲ့လား။ ဒုဝန်ကြီးဘဝမှာ။
ဖြေ - အဲဒါစဖွဲ့တုန်းက ကျွန်တော်တို့တွေ လယ်သမားတွေနဲ့ပတ်သက်တဲ့ မူဝါဒရေးဆွဲတာပေါ့။ အကြမ်းဖျင်းပေါ့။ ဒါကိုခိုင်မာအောင် အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံအနေနဲ့ အဖွဲ့ချုပ်က အမေရိကန်မှာရှိတဲ့ Landeser အဖွဲ့နဲ့ချိတ်ဆက်ပြီး သူတို့ရဲ့ ထောက်ပြမှုတွေနဲ့ အတည်ပြုတယ်။ အဲဒါတွေအကုန်လုံးက ကျွန်တော့်ဆီမှာ ကျန်ခဲ့တယ်။ နောက်တော့ အခုကော်မတီမှာပါတဲ့ သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးချုပ်တွေ ဖြစ်ကုန်တော့ ကျွန်တော့်ဆီမှာ ကျန်ခဲ့တာ။ ကံအားလျော်စွာ ဒုဝန်ကြီးဖြစ်တော့ ဒါလေးက အသုံးချခွင့်ရမယ်။ ကျွန်တော်ဝင်တာနဲ့ ဒါကိုဝန်ကြီးနဲ့ တိုင်ပင်ပြီး Update လုပ်တာပေါ့။ အဲဒီမှာ ပါသင့်ပါထိုက်တဲ့ဟာတွေကို ဆွေးနွေးပြီး ထပ်ဖြည့်တယ်။ မိုးစပါးမှာ ရေပေးရေး၊ ဆည်မှာ ငါးမွေးရေးတွေကို ထပ်ဖြည့်တယ်။ တခြားအချက်တွေ လည်းရှိတယ်။ အဲဒါတွေလုပ်ပြီး ဝန်ကြီးဆီ တင်ပေးလိုက်တယ်။ အဲဒီဟာတင်ပြီးတဲ့အခါမှာ ကျွန်တော့်ကိုဂျပန်ပြည်ကို တစ်ခေါက်လွှတ်တယ်။ လွှတ်တော့ တစ်ပတ်ကြာတယ်။ ပြန်လာတော့ သတင်းကြားရတာက ကျွန်တော်သွားတဲ့ရက်တွေမှာ ကျွန်တော်တင်ထားတဲ့ဟာကို EC ဖွဲ့ဆွေးနွေးပြီး အချက်သုံးချက်နဲ့ပယ်တယ်။ ကျွန်တော်ကြားတော့ စိတ်ထဲမကောင်းဘူး။ အဲဒါနဲ့ နောက်တစ်ကြိမ် အစည်းအဝေးမှာ ဘာကြောင့်ပယ်တာလဲ မေးရင်းနဲ့ အချင်းများစရာတွေ ဖြစ်ကုန်တာပေါ့။ တိုရှင်းလိုရင်းပြောရရင် တင်ပြတဲ့ကာယကံရှင် မပါဘဲနဲ့ ဖြုတ်ပစ်တယ်။ အဲဒါတွေပဲ။
■ မေး - အခုဒီရက်ပိုင်းမှာက ဘာတွေများဆက်လုပ်သွားမလဲ။
ဖြေ - အခုရက်ပိုင်းမှာ အိန္ဒိယကိုသွားမယ်။ အဲဒီမှာ ဆရာကြီး ဦးဂိုအင်ကာရဲ့ တရားစခန်းကို သွားဖို့ရှိတယ်။ ကျွန်တော်က အဲဒီကတရားစာအုပ်တွေကို ဘာသာပြန်ပေးရတာလည်းရှိတော့ အဆင်ပြေရင် တရားစခန်း တစ်ပတ်၊ နှစ်ပတ်လောက် ဝင်မယ်။ ရေရှည်ကတော့ ဆင်းရဲတဲ့လယ်သမားတွေ နာလန်ထူဖို့ ကျွန်တော်တတ်နိုင်တဲ့ဘက်က ဆက်ပြီးရှင်သန်သွားမှာပါ။
■ မေး - ဖြည့်စွက်ပြောချင်တာများရှိရင် ပြောကြားပေးပါခင်ဗျ။
ဖြေ - အခုထိတော့ လောလောဆယ်တော့ မရှိသေးပါဘူး။ နောက်ပိုင်းမှာ ရှင်းလင်းစရာတွေ ပေါ်ပေါက်လာတယ်ဆိုရင်တော့ ထပ်ပြောစရာတွေရှိပါသေးတယ်။ အခုကတော့ ဒီလောက်ပဲပြောပါရစေ။
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းဝင်းနှင့် တွေ့ဆုံခြင်း