အနုပညာပိုင်းနှင့် အတတ်ပညာပိုင်းဆိုင်ရာ အရည်အသွေး လိုအပ်ချက်များအပေါ် ဝေဖန်မှုများ ခံနေရသည့် ဖန်တီးမှု နယ်ပယ်တစ်ခုမှာ ရုပ်ရှင်အနုပညာ ဖန်တီးမှုဖြစ်သည်။ သက်တမ်းနှစ် ၁၀၀ မှာ မကြာခင် ပြည့်မြောက်တော့မည်ဖြစ်ပြီး အနုပညာ အတတ်ပညာ ဖန်တီးမှု အရည်အသွေးပိုင်းတချို့ ကျဆင်းလျက်ရှိသည်ဟု ဝေဖန်မှုများ ခံနေရသည့်အတွက် လက်ရှိ လုပ်ကိုင်ဖန်တီးနေကြသူ အနုပညာရှင်များအတွက်လည်း ထူးခြားသည့် ဇာတ်လမ်း ဇာတ်အိမ်၊ ပိုမိုကောင်းမွန်သည့် အနုပညာ အရည်အသွေးများ ဖန်တီးထုတ်လုပ်နိုင်ရန် အားထုတ်ကြိုးပမ်းကြရမည့် အချိန်ကာလတစ်ခုလည်း ဖြစ်သည်။ ရုပ်ရှင်နယ်ပယ်အတွင်းတွင် နှစ်ကာလများစွာ ဖြတ်ကျော်ကြိုးစားခဲ့ပြီးမှ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူ၊ အကယ်ဒမီ ရွှေစင်ရုပ်တုကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးရရှိနိုင်ခဲ့သူ အကယ်ဒမီပြေတီဦးနှင့် တွေ့ဆုံဖြစ်ခိုက် လတ်တလော ရုပ်ရှင်လောက၏ လိုအပ်ချက်များနှင့် ရှေ့ဆက်ဖန်တီး လုပ်ဆောင်ထားရန် ရည်ရွယ်ထားသည့် အနုပညာ လှုပ်ရှားမှုများအကြောင်းကို မေးမြန်းခဲ့ပါသည်။
မေး-အခုရိုက်နေတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဘယ်လိုကာရိုက်တာနဲ့ သရုပ်ဆောင်ဖြစ်နေတာလဲ။
ဖြေ- ကျွန်မအချစ်ဆုံး ယောကျ်ားသုံးယောက် ဇာတ်ကားမှာ အူဝဲရဲ့ခင်ပွန်းဆိုတဲ့ အပိုင်းကို ပါဝင် သရုပ်ဆောင်နေတာပါ။ ဒီဇာတ်ကားက တင်ပြတဲ့ပုံစံလေးလည်း ကွာခြားသွားမယ်။ ဇာတ်လမ်းပုံစံ ထူးထူးခြားခြားလေးဖြစ်မှာပါ။ ကြည့်ရတဲ့ပရိသတ်တွေလည်း ထူးခြားတဲ့ ရသတစ်ခုဖြစ်အောင် ကျွန်တော်တို့တတ်နိုင်သလောက်တော့ ဝိုင်းဝန်းပြီး ကြိုးစား ရိုက်ကူးနေပါတယ်။
မေး- ဒီနှစ်ထဲမှာ ရိုက်ဖြစ်တဲ့ ဇာတ်ကားတွေကလည်း အရင်ရိုက်ခဲ့တဲ့ ဇာတ်ကားပုံစံတွေနဲ့ မတူကွဲပြားတာကို တွေ့ရတယ်။ ဒီနှစ်မှာ ရိုက်ကူးဖြစ်ခဲ့တဲ့ဇာတ်ကားတွေနဲ့ ပတ်သက်လို့လည်း ပြောပြပါဦး။
ဖြေ- အဓိကတော့ ဇာတ်ကားတွေရိုက်တာလည်း တော်တော်များလာပြီ။ ဖန်တီးတဲ့ဇာတ်လမ်းတွေက အရင်ရိုက်ခဲ့တာတွေနဲ့ မတူတာတွေ၊ ဆန်းသစ်တာတွေ ပါလာဖို့ လိုအပ်လာပြီပေါ့။ ကျွန်တော်တို့နိုင်ငံမှာကျတော့လည်း ထူးခြားတာမျိုး လုပ်နိုင်ဖို့ဆိုတာ တော်တော် စဉ်းစားရတာတွေလည်း ရှိတယ်။ မတူတာတွေကို ရိုက်နိုင်အောင် အချိန်ပေးပြီးစဉ်းစားရတယ်။ ရိုက်ပြီးတဲ့ ဇာတ်ကားတွေထဲမှာလည်း ပရိသတ် မတွေ့မမြင်ဖူးသေးတာတွေ ပါဝင်မှာ ဖြစ်သလို ပရိသတ်အကြိုက် အင်တာတိန်းမန့် အသားပေး ဇာတ်ကားမျိုးတွေလည်း ပါဝင်ပါတယ်။ ဒီလိုဇာတ်ကားမျိုးတွေကလည်း မရိုက်မဖြစ် ပါနေရမှာပဲလေ။ ယေဘုလျသုံးသပ်မယ်ဆိုရင် ဒီနှစ်ထဲမှာရိုက်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေ အားရပါတယ်။
မေး- ပရိသတ်ရဲ့ကြိုက်နှစ်သက်မှုပုံစံက အခုနောက်ပိုင်းမှာ ကွဲပြားလာတယ်။ ပြင်ပက လက်တွေ့အခြေအနေ နဲ့ နီးစပ်တာမျိုးတွေကို အနုပညာနဲ့ ပုံဖော်တာကို ပိုပြီးခံစားချင်လာကြတယ်။ ဒါကို မြန်မာအနုပညာရှင်တွေ အနေနဲ့ ပိုပြီး ဦးစားပေးလာမယ်လို့ရော ထင်လား။
ဖြေ- ဒီလိုအစီအစဉ်မျိုးတွေတော့ ရှိပါတယ်။ ပြင်ပမှာဖြစ်နေတဲ့ မှုခင်းတွေ၊ တကယ်ကြုံ တွေ့နေရတဲ့ အခြေအနေမျိုးတွေကို အခြေခံပြီး ဇာတ်အိမ် တည်ဆောက်တာမျိုးတွေပေါ့။ ဥပမာဆိုရင် ထုတ်လုပ်သူ ကိုဂျမန်းက ကျွန်တော့်ကိုပေးလာတဲ့ ဇာတ်ဆိုရင် ရည်ရွယ်ချက် အရမ်းကောင်းပါတယ်။ လက်ရှိ နိုင်ငံမှာဖြစ်နေတဲ့ သက်ငယ်မုဒိန်းနဲ့ပတ်သက်ပြီး ဖြစ်သင့်တာတွေ ဖြစ်လာဖို့ ဒီဇာတ်လမ်းကိုတည်ထားတာ။ ဒါပေမဲ့ ကျွန်တော့် ဇာတ်ကောင်အနေအထားက ဘာဖြစ်နေလဲဆိုရင် သက်ငယ်မုဒိန်းကို ကျူးလွန်ရတဲ့သူ ဖြစ်နေတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် တခြား ဗီလိန်တွေ ဆိုးရွားတဲ့ ဇာတ်ကောင်စရိုက်မျိုးတွေ ရိုက်ရမှာမကြောက်ပါဘူး။ ဒီဇာတ်ကားလေးက ရည်ရွယ်ချက် အရမ်းကောင်းတဲ့အတွက် ရိုက်လည်းရိုက်ချင်တယ်။ ဒါပေမဲ့ ကိုယ်တိုင်က သမီးလေး မွေးထားတဲ့အခါကျတော့ ဒီကာရိုက်တာကို ရိုက်ဖို့အတွက်ကို ဘယ်လိုမှ စိတ်ကိုပြင်ဆင်လို့မရဘူး။ အဖေတစ်ယောက်ဖြစ်နေတော့ ဒီဇာတ်ကိုရိုက်ဖို့ အားမွေးလို့မရဘူး။ ဒီတော့ အနုပညာရှင်တွေက ဒီလိုဖြစ်ရပ်မှန်တွေ၊ အကြောင်းအရာတွေကို အနုပညာနဲ့ ပုံဖော်ကြဖို့စိတ်ကူးရှိကြပါတယ်။ လုပ်လည်း လုပ်ကြပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ကူးရှိပါတယ်။
မေး- မြန်မာဇာတ်ကားတွေရဲ့ အရည်အသွေးပိုင်းနဲ့ ပတ်သက်လို့ ဘာတွေပြောင်းလဲဖို့ လိုအပ်မယ်လို့ထင်လဲ။
ဖြေ- လိုအပ်တာကတော့ အများကြီးပါပဲ။ ကကြီးကနေ အအထိ အရည်အသွေးပိုင်း မြှင့်တင်ဖို့ လိုအပ်ပါတယ်။ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းစတဲ့ အပိုင်းအားလုံး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒီမှာက ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ကျောင်းမရှိဘူး။ နိုင်ငံတကာမှာဆိုတာက ကျောင်းတွေကနေ သင်ယူ တတ်မြောက်လာကြတာ။ ဒီပေါ်မှာ နားလည်တဲ့ ပုံစံချင်းမတူဘူး။ ကျွန်တော်တို့က တစ်သက်လုံး လုပ်လာခဲ့တဲ့ပေါ်မှာ မှန်တယ်ထင်တာလေးကို ရမ်းသမ်းပြီး လုပ်နေရတာလေ။ စနစ်တကျဖြစ်အောင် လေ့လာဆည်းပူးမှုတွေ အများကြီး လုပ်ရပါဦးမယ်။
မေး- TT & Donut ဇာတ်ကားနဲ့ပတ်သက်လို့ရော အစ်ကိုရဲ့မျှော်လင့်ချက်ကို ပြောပြပေးပါဦး။
ဖြေ- ဒီဇာတ်ကားက ကြီးကျယ်ခမ်းနားတဲ့ ဇာတ်ကားတစ်ကားတော့ မဟုတ်ပါဘူး။ ပျော်စရာ ဟာသလေးတွေနဲ့ ချစ်စရာကောင်းတာလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ရည်ရွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ ပရိသတ်တွေပျော်ပျော်ရွှင်ရွှင်လေးနဲ့ စိတ်ကျေနပ်မှုရမယ့် ဇာတ်ကားပါ။ ပရိသတ်အကြိုက်နဲ့ တစ်ထပ်တည်း ကျမယ်လို့ ယုံကြည်ထားပါတယ်။
မေး-နိုင်ငံတကာ အနုပညာရှင်တွေနဲ့ ပူးပေါင်းရိုက်ကူးမှုတွေ လုပ်နေကြတဲ့အခါ သူတို့ဆီက အတွေ့အကြုံတွေ ယူဖို့ဆိုတဲ့ ခြေလှမ်းမျိုးပေါ့။ နောက်ထပ် ခြေတစ်လှမ်းအနေနဲ့ အပြိုင်သရုပ်ဆောင်ပြီး နိုင်ငံတကာမှာ ပြသနိုင်ဖို့ ဆိုတာမျိုးတွေရော ဖြစ်လာနိုင်လား။
ဖြေ- လိုအပ်ချက်တွေ အများကြီးရှိပါသေးတယ်။ ဒီလိုအခြေအနေနဲ့ကတော့ နိုင်ငံတကာကို ဘယ်လိုမှ မသွားနိုင်သေးပါဘူး။ ကင်မရာ ကောင်းကောင်းလိုအပ်သလို ဒါကိုကိုင်တွယ်တတ်တဲ့ လူကလည်း အရေးပါတယ်။ အသံပိုင်းနဲ့ပတ်သက်လို့လည်း နိုင်ငံတကာကိုသွားနိုင်တဲ့ စက်မျိုးတွေလိုအပ်တယ်။ အနုပညာရှင်တွေဆိုလည်း ဒီလိုပဲ။ ပြည်တွင်းအတွက်ဆိုရင်တော့ လုပ်နိုင်တာပေါ့လေ။ နိုင်ငံတကာကို သွားမယ်ဆိုရင် သူတို့တိုင်းတဲ့ပေတံက မတူတော့ဘူး။ ကျွန်တော်တို့ကလည်း တစ်နှစ်ကို ကားပေါင်းများစွာ ရိုက်နေတဲ့အခါကျတော့ အမူအရာတွေက အသားကျနေပြီ။ နိုင်ငံတကာအမြင်နဲ့ ကြည့်မယ်ဆိုရင် ဒါတွေက အိုဗာတွေဖြစ်နေမယ်။ မျိုးဆက်သစ်တွေ အများကြီးထွက်လာဖို့လည်း လိုအပ်နေတယ်။ ဇာတ်လမ်းကောင်းတွေလည်း ရှားလာတယ်။ စနစ်တကျ ပြင်ဆင်မယ့် စီမံချက်လည်း လိုပါတယ်။ လွယ်လွယ်လေးနဲ့ ချက်ချင်းပြင်လို့လည်း မရပါဘူး။
မေး- ဒီလထဲမှာ မွေးနေ့လည်းရှိနေတော့ မွေးနေ့ကို ဘယ်လိုဖြတ်သန်းမလဲ။
ဖြေ- မွေးနေ့က ထုံးစံအတိုင်းပါပဲ။ ဖောင်ဒေးရှင်း နှစ်ပတ်လည်လည်းဖြစ်တော့ အဲဒီနေ့မှာ ကလေးတွေအားလုံးကိုရော၊ အလှူရှင်တွေပါ ဖိတ်ခေါ်ပြီး စကားတွေပြောကြ တွေ့ဆုံကြမယ်။ ဆုပေးပွဲလေးလည်း လုပ်ပေးဖို့ရှိတယ်။ တစ်နေကုန် ကလေးတွေနဲ့ တွေ့ဆုံပါတယ်။ ဒီနှစ်လည်း နိုဗိုတယ်ဟိုတယ်မှာ လုပ်ဖြစ်မှာပါ။
မေး-ပြေတီဦးဖောင်ဒေးရှင်းက ထောက်ပံ့ထားသူတွေထဲမှာ ဆရာဝန်ဖြစ်ပြီး ပရဟိတ ဆောင်ရွက်နေသူတွေလည်း ရှိတယ်ဆိုတော့ ဘယ်လိုခံစားရလဲ။
ဖြေ-အရမ်း ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီဖောင်ဒေးရှင်းကနေပဲ ဆရာဝန်ဖြစ်သွားကြသူတွေ ထွက်လာပြီ။ တစ်ယောက်ဆိုရင် ပရဟိတအနေနဲ့ ဆေးတွေကုပေးနေတယ်။ ရွာတွေ လှည့်လည်ပြီးတော့ ခွဲစိတ်ရမယ့်သူတွေကို ဆေးရုံတင်ပြီး ခွဲစိတ်စေတယ်။ ပြီးတော့ ရွာတွေအထိ ပြန်လိုက်ပို့တာတွေ လုပ်တယ်ဆိုတော့ ဝမ်းသာရပါတယ်။
မေး-ဒါပြီးရင် ဆက်လုပ်သွားမယ့် အနုပညာလှုပ်ရှားမှု ဆိုရင်ရော။
ဖြေ- ဒါပြီးရင်တော့ ၁၂ လပိုင်းမှာ မလေးရှားက ဒါရိုက်တာနဲ့ ဇာတ်ကားရိုက်မယ်။ အဲဒါပြီးရင် အောင်တိုင်းကျော် ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ကားကြီးတစ်ကား ထပ်ရိုက်ဖို့ လုပ်ထားပါတယ်။
မေး-လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တောင်းဆိုနေကြတဲ့ သက်ငယ်မုဒိန်းတွေ ရပ်ဖို့နဲ့ ပတ်သက်လို့ရော ပြောပြချင်တာများ ရှိမလား။
ဖြေ- ဟိုနေ့ကဆိုလည်း စမိုင်းလ်က ဖုန်းဆက်လာပါတယ်။ သက်ငယ် မုဒိန်းတွေရပ်ဖို့အ တွက် ကမ်ပိန်းတစ်ခု လုပ်ဖို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအစီအစဉ်မှာ ပါဝင်ပါမယ်။ သက်ငယ်မုဒိန်းဆိုတာ တော်တော်ကို ဆိုးရွားတဲ့ဖြစ်စဉ်ပါ။ ကြားရတာ မြင်ရတာ ဖတ်ရတာ တော်တော်ကိုစိတ်မချမ်းသာပါဘူး။ ဒါက လုံး၀ မရှိသင့် မဖြစ်သင့်တဲ့အရာပါ။ မိဘတွေလည်း ကလေးတွေကို မျက်ခြည်မပြတ်ဘဲ တတ်နိုင်သလောက်စောင့်ရှောက်ပြီးတော့ နေကြဖို့ လိုအပ်ပါတယ်။ စက်ဆုပ်ရွံရှာဖွယ် ကိစ္စဖြစ်လို့ လုံး၀ ဆန့်ကျင်ပါတယ်။