ဂီတလောက၏ အတိတ်စာမျက်နှာများတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထူးထူးခြားခြား အောင်မြင်ခဲ့သူ အမျိုးသမီးအနုပညာရှင် တစ်ဦးမှာ တေးသံရှင် အေးချမ်းမေဖြစ်သည်။ ပျော်ရွှင်ခြင်းနိုင်ငံ တစ်ကိုယ်တော် တေးစီးရီးဖြင့် စတင်အောင်မြင်ခဲ့ကာ အောင်မြင်သည့် တေးသီချင်းများစွာဖြင့် ပရိသတ်လက်ခံအားပေးမှု အများအပြားရရှိခဲ့သူ တေးသံရှင်အေးချမ်းမေသည် အောင်မြင်မှုများကို စွန့်ခွာကာ လွန်ခဲ့သည့်နှစ် ၂၀ ခန့်ကပင် ပြည်ပနိုင်ငံသို့ သွားရောက် အခြေချနေထိုင်နေသူ တစ်ဦးလည်း ဖြစ်သည်။ ယခုအခါနှစ် ၂၀ ကျော်ကာလ ဖြတ်သန်းအပြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီးနောက် နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲနှင့် နိုဝင်ဘာ ၂၅ ရက်တွင် မန္တလေးမြို့၌ တို့မဝေးဘူး ဂီတဖျော်ဖြေပွဲများ သီဆိုဖျော်ဖြေရန် စီစဉ်ထားသည်။ မြန်မာနိုင်ငံသို့ တစ်လကြာ အလည်အပတ် ရောက်ရှိလာသည့် တေးသံရှင် အေးချမ်းမေနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ခံစားချက်၊ ဖျော်ဖြေပွဲများအတွက် ပြင်ဆင်ထားမှုများ အပါအဝင် မေးမြန်းဖြစ်ခဲ့မှုများကို ပြန်လည် ဖော်ပြအပ်ပါသည်။
■ မေး - မြန်မာနိုင်ငံကို နှစ်တွေအများကြီး ကြာခဲ့ပြီးမှ တစ်ခေါက်ပြန်လာပြီး အခုလို ဖျော်ဖြေပွဲပြုလုပ်ဖြစ်တဲ့ အကြောင်းလေး ပြောပြပေးပါဦး။
ဖြေ - တကယ်တမ်း ဟိုမှာအကြောင်းကြောင်းကြောင့် သွားရောက် နေထိုင်တယ်ဆိုပေမယ့် မြန်မာနိုင်ငံကို လွမ်းတဲ့စိတ်ကတော့ အမြဲပဲ ရှိနေခဲ့ပါတယ်။ ပရိသတ်တွေကိုလည်း လွမ်းတယ်။ မြန်မာနိုင်ငံကိုလည်း လွမ်းတယ်။ အထူးသဖြင့်တော့ မြန်မာအစားအစာတွေကိုလည်း လွမ်းတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ ပြန်လာဖို့က အကြောင်းမတိုက်ဆိုင်ခဲ့ဘူးပေါ့။ အခုအကြောင်းတိုက်ဆိုင်လာတဲ့အပြင် သမီးလေးကလည်း နည်းနည်းကြီးလာတဲ့ အခါကျတော့ ထားခဲ့လို့ရတာနဲ့ အခုမှပဲ လာဖြစ်သွားတာပါ။
■ မေး - တကယ်တမ်း လာဖြစ်တဲ့အခါကျတော့ ပရိသတ်တွေက အရမ်းအားပေး ကြိုဆိုကြတဲ့အပေါ် ခံစားချက်လေး သိချင်ပါတယ်။
ဖြေ - အရမ်းကို ဝမ်းသာပါတယ်။ အနှစ် ၂၀ နီးပါး ပျောက်သွားတဲ့သူကို သူတို့မမေ့သေးဘဲ ချစ်ခင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။
■ မေး - တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ ဘယ်လိုသီချင်းမျိုးတွေ အဓိကထားပြီး ဖျော်ဖြေဖြစ်မလဲ။
ဖြေ - သီချင်းတွေကတော့ ကျွန်မဆိုပြီး Hit ဖြစ်ခဲ့တဲ့ သီချင်းလေးတွေပေါ့။ သီချင်းတွေကို ကျွန်မ Version လေးတွေပြောင်းပြီး ဆိုသွားဖို့လည်း ရှိပါတယ်။ အဓိကတော့ ဖျော်ဖြေခွင့် မရတာကြာပြီဖြစ်တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်တဲ့အတွက် စိတ်တိုင်းကျ ဖျော်ဖြေပေးချင်ပါတယ်။ သူတို့ကျေနပ်လောက်တဲ့ ပွဲမျိုးလည်း ဖြစ်ချင်ပါတယ်။ ဒါကြောင့် ကျွန်မသေချာလေး ပြင်ဆင်ထားပါတယ်။
■ မေး - မန္တလေးပွဲကို ထပ်လုပ်ဖြစ်တဲ့ အကြောင်းကရော။
ဖြေ - မန္တလေးပွဲကိုလုပ်ဖြစ်တာက ရန်ကုန်ပွဲမှာကျတော့ ကိုစည်သူ မပါနိုင်ဘူးလေ။ သူနဲ့ကျွန်မကလည်း နှစ်ယောက်တွဲခွေ ထွက်ခဲ့ဖူးတဲ့ အခါကျတော့ နှစ်ယောက်တွဲ သီချင်းတွေကို နားထောင်ချင်တဲ့ ပရိသတ်တွေလည်း ရှိတယ်။ အဲဒါကြောင့် မန္တလေးမှာ ကိုစည်သူနဲ့ နှစ်ယောက်တွဲ ပွဲလေးလုပ်ဖို့ စီစဉ်ဖြစ်သွားတာပါ။
■ မေး - သီချင်းသစ်တွေကိုရော ပရိသတ်တွေ နားဆင်ခွင့်ရဖို့ရှိမလား။
ဖြေ - ကျွန်မသီချင်းသစ်တွေကို ပရိသတ်တွေကို နားဆင်စေချင်တဲ့အတွက် စပြီးစီစဉ်နေပါပြီ။ ဆိုပြီးတာကတော့ နှစ်ပုဒ်လောက်ပဲ ရှိပါသေးတယ်။ ကိုမင်းချစ်သူ၊ ကိုစတုန်းတို့ ရေးပေးတဲ့ သီချင်းလေးတွေပါမယ်။ တခြားသီချင်းရေး ဆရာကြီးတွေရဲ့ သီချင်းတွေလည်း ပါဝင်ပါမယ်။ ဒါပေမဲ့ အချိန်တော့ ယူရပါဦးမယ်။ အရည်အသွေးပိုင်း ကောင်းမွန်တဲ့ အခွေလေးဖြစ်အောင် ကြိုးစားရပါဦးမယ်။
■ မေး - ဂီတလောကနဲ့ နှစ် ၂၀ လောက် အဆက်ပြတ်သွားပြီးမှ အခုတစ်ကိုယ်တော်ပွဲ ပြန်လုပ်ရတဲ့ ခံစားချက်ကရော။
ဖြေ - ကျွန်မအရင်ကတည်းကလည်း ဂီတကို အရမ်းဝါသနာပါတယ်။ သီချင်းမဆိုရရင် မနေနိုင်တဲ့ သူမျိုးပေါ့။ သီချင်းတွေကို လွမ်းတဲ့အခါ အိမ်မှာနေရင်း ဆိုတယ်။ ဟိုမှာပွဲရှိလို့ ဆိုပေးဖို့ပြောလာရင်လည်း ဆိုဖြစ်တယ်။ ဒီကသူငယ်ချင်းတွေကလည်း ဒီကိုပြန်လာပြီး ဆိုပါလားလို့ ခဏခဏ ခေါ်ကြတယ်။ ကျွန်မလည်း ပြန်လာဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် အခွင့်အခါ မပေးတဲ့အတွက် အခုမှပဲ အခွင့်အခါပေးတဲ့အတွက် ပြောရမယ်ဆိုရင် မသေခင်မှာ ကျွန်မရဲ့ပရိသတ်တွေကိုလည်း တွေ့ချင်တယ်။ အရင်က သီချင်းဆိုခဲ့တဲ့သူများ၊ အခုလက်ရှိ သီဆိုအောင်မြင်နေသူများနဲ့ ပူးပေါင်းပြီးတော့ အတူလက်တွဲ သီဆိုချင်တဲ့ ဆန္ဒလည်းရှိတယ်။ ပရိသတ်တွေကတော့ တစ်ကိုယ်တော်လေးပဲဆိုပါ၊ သူတို့မကြည့်ရတာလည်း ကြာပြီဆိုတော့လေ။ ဒါပေမဲ့ ကျွန်မဆန္ဒလေးကိုလည်း နည်းနည်းထည့်ထားပြီး အနုပညာရှင်တချို့နဲ့ တွဲဖက်ဖျော်ဖြေဖို့ စီစဉ်ထားတဲ့အပေါ် ပရိသတ်တွေကိုလည်း နားလည် ပေးစေချင်ပါတယ်။
■ မေး - အခွေသစ်ကိုရော နောက်နှစ်မှာ ထွက်ဖြစ်မလား။
ဖြေ - အခွေသစ်ကတော့ လုပ်နေပြီ ဖြစ်တဲ့အတွက် နောက်နှစ်ကိုတော့ ထွက်နိုင်အောင် ကြိုးစားမှာပါ။ တေးရေးတွေကိုလည်း ကျွန်မရွေးချယ်နေပါတယ်။ သီချင်းတွေကိုလည်း စိတ်တိုင်းကျ ဖန်တီးပြီးပြီဆိုရင်တော့ ထွက်ဖြစ်ပါမယ်။
■ မေး - ဒီကိုပြန်လာပြီး အခြေချဖို့ အစီအစဉ်ရှိမလား။
ဖြေ - အနှစ် ၂၀ နီးပါးလုံး မြန်မာနိုင်ငံနဲ့ ဝေးကွာသွားတဲ့အခါ မြန်မာနိုင်ငံရဲ့ ဓလေ့ထုံးစံ၊ အစားအသောက်အားလုံးကို လွမ်းပါတယ်။ ပြန်နေချင်ပါတယ်။ တစ်နှစ်ကို တစ်ကြိမ်တော့ ပရိသတ်နဲ့ လာတွေ့နိုင်အောင် ကျွန်မကြိုးစားပါမယ်။
■ မေး - ဒီကဂီတလုပ်ငန်းတွေကို ခဏကျောခိုင်းပြီး ထွက်သွားရတဲ့အခါ အောင်မြင်မှုတွေကို ထားခဲ့ရပြီး သာမန်လူ တစ်ယောက်အဖြစ် သွားရောက်ရပ်တည်ရတဲ့ ခံစားချက်လေး သိချင်ပါတယ်။
ဖြေ - အဲဒီစိတ်ခံစားမှုတွေကိုတော့ အလုပ်လုပ်ပြီး ဖြေဖျောက်ခဲ့ရပါတယ်။ အရမ်းတော့ ခံစားခဲ့ရပါတယ်။ ဟိုကိုရောက်သွားတဲ့အချိန်မှာ သီချင်းတွေကို လွမ်းတယ်။ ပရိသတ်တွေကို လွမ်းတယ်။ အောင်မြင်တာ မအောင်မြင်တာ ဆိုတာထက် ပရိသတ်ချစ်တဲ့ အေးချမ်းမေဆိုတဲ့ ဘဝကိုတော့ ကျွန်မတကယ်ပဲ လွမ်းပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တွေကို အလုပ်မှာအာရုံစိုက်ပြီး ဖြေဖျောက်ခဲ့ရပါတယ်။
■ မေး - ပထမအကြိမ် တစ်ကိုယ်တော်ပွဲ လုပ်ခဲ့တုန်းက အပြီးသတ်အထိ မဆိုနိုင်အောင် ခံစားချက်ကြီး စေခဲ့တယ်လို့ဆိုတဲ့ သီချင်းကိုရော ဆိုဖြစ်မလား။
ဖြေ - အဲဒီသီချင်းလေးက ကောင်းကင်ဘုံက နားတစ်စုံသို့ဆိုတဲ့ သီချင်းလေးပါ။ မိခင်အတွက် ရေးထားတဲ့ သီချင်းလေးပေါ့။ စဆိုကတည်းကလည်း အရမ်းခံစားရတယ်။ တစ်ကိုယ်တော် ပွဲလုပ်တုန်းကလည်း မေမေက မရှိတော့ဘူးဆိုတော့ ဆိုနေရင်းနဲ့ကို အသံပျောက်သွားတာ။ အခုပွဲမှာတော့ မဆိုဖြစ်ပါဘူး။
■ မေး - ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။
ဖြေ - နှစ် ၂၀ လောက် ဝေးကွာသွားခဲ့ပေမယ့် မေ့မသွားဘဲ ချစ်ခြင်းအားဖြင့် ကြိုဆိုကြသူတွေ၊ အားပေးကြသူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။