ဆောင်းဦးပေါက်ရာသီရဲ့ နှင်းမှုန်ေ၀ဝါးကြား တန်ဆောင်မုန်းလရာသီဟာ အမြဲအသက်ဝင်ခဲ့ရတာချည်းပဲ။ အဲဒီလရာသီရောက်ပြီဆို ပြည်မြို့လေးရဲ့တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလေ့ရှိသည်။ လဆန်း(၈)ရက်ကနေ့ လပြည့်ကျော်(၂) ရက်နေ့အထိပေါ့။ မြေလတ် ဆောင်းဦးပေါက်ပွဲတော်လို့လည်ခေါ်သလို မိုးကာလလွန်မြောက်ပွင့်လင်းရာသီဖြစ်လို့ စိတ်လိုလက်ရ ပျော်ရွှင်ကြရတဲ့ပွဲတော် လည်းဖြစ်ခဲ့သည်။ အထူးသဖြင့် ငွေရွှင်ခြင်းကြောင့် ပွဲတော်ဈေးပျံကျဈေးသည်လေးများ မျှော်လင့်နေကြသည့် ပွဲတော်တစ်ခုလည်း ဖြစ်ခဲ့သည်။
သက္ကရာဇ်တို့ ကျော်လွန်ဖြတ်သန်းခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကတော့ မပျက်မကွက် ကျင်းပပြုလုပ်ခဲ့တာဖြင့် (၂၆၀၅) နှစ်ပြည့် သို့ပင် ရောက်ခဲ့ပြီ။ မြတ်စွယ်တော် ဖွင့်လှစ်ပူဇော်ခံပွဲကတော့ (၁၁၇) နှစ်ပြည့်သို့ ရောက်ခဲ့ပြီ။ ပွဲတော်ဟာ မပြောင်းမလဲကျင်းပနေသော်လည်း ပြောင်းလဲမှုတို့သည် သိသိသာသာတစ်မျိုး၊ မသိလိုက် မသိဘာသာတစ်မျိုးဖြင့် ပြောင်းလဲနေသည်။ ပြောင်းလဲခဲ့သည့် အရာတို့ကို ပွဲတော်အတွင်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကလေးကနေ မြင်ယောင်စဉ်းစား ကည့်ရင်း ရေတွက်နေမိသည်။
သီတင်းကျွတ်လပြည့်ကျော်ပြီဆိုသည် နှင့် ရွှေဆံတော်ဘုရားတစ်ဝိုက်မှာ ဝါးတိုင် ပိန်ပိန်သေးသေးလေးတွေနဲ့ ကျိုးတိုးကျဲတဲ ဈေးဆိုင်ခန်းလေးများကို ဆောက်ကြတော့သည်။ မြောက်စောင်းတန်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ လှိုင်ဂတ်လမ်း၊ အနောက်စောင်းတန်းလမ်း၊ စာတိုက်တန်းလမ်း၊ အမှတ်(၁) ကျောင်းတစ်ဝိုက်လို့ ပြောလို့ရတဲ့လမ်းတွေမှာ ဆိုင်ခန်းတွေ အလျှိုလျှိုပေါ်လာတတ်သည်။ တန်ဆောင်မုန်းလထဲကို ဝင်ရောက်လာပြီဆိုရင်တော့ ဟာလာဟင်းလင်း ဖြစ်နေတတ်တဲ့ ဆိုင်ခန်းတွေထဲကို ပွဲဈေးသည်တွေ တစ်သည်ပြီးတစ်သည် ရောက်လာကြတော့သည်။
အရင်ဆုံးရောက်လာတတ်သည်က ဆယ့်နှစ်ပွဲဈေးသည်လို့ ပြောလို့ရတဲ့ မုန့်သိုင်းခြုံ၊ ကလေးကစားစရာအရုပ်များ၊ သနပ်ခါး၊ စောင်၊ အထည်၊ မီးဖိုချောင်သုံး၊ ဓား၊ ကတ်ကြေး၊ သံထည်များ၊ ကျောက်ပြင်၊ ငရုတ်ဆုံ စတဲ့ ဈေးသည်တွေက အရင်ရောက်လာပြီး နေရာယူကြ၏။ တာလပတ်လို့ခေါ်တဲ့ မိုးကာအပြာစတွေကို မလုံတလုံမိုးလို့၊ ဖျာကြမ်းကြီးတွေကာလို့ ဝါးစင်လေးတွေ ယာယီထိုးပြီး စတင်အသက်ဝင်လာလေ့ ရှိသည်။ အဲဒီအချိန်ကတည်းက မြို့ခံအချို့က ပွဲဈေးတန်းထဲကို လှည့်ပတ်ကြည့်ရှုထားကာ ပွဲဈေးအပြီးမှာ ဝယ်မယ့် ပစ္စည်းလေးတွေကို မှတ်သားထား လေ့ရှိကြသည်။
နောက်ရက်တွေမှာတော့ လေဘေးထည်လို့ပြောတဲ့ ဘေထုပ်သည်တွေ၊ သစ်သီးသည်တွေ၊ အမျိုးသမီး အလှကုန်ပစ္စည်းသည်တွေ၊ စာအုပ်ဆိုင်၊ ဓာတ်ပုံဆိုင်၊ စားသောက်ဆိုင်၊ ထမင်း၊ မုန့်ဟင်းခါး၊ လက်ဖက်ရည်၊ ကော်ရည် စသဖြင့် အမျိုးစုံနဲ့ရောက်ရှိလာကြပြီး၊ ဇာတ်ပွဲတွေ၊ ချားရဟတ်၊ အငြိမ့်၊ ခြင်းခတ်၊ ဆိုင်းတွေနဲ့ ပွဲဈေးတန်းကြီးဟာ လှပမြိုင် ဆိုင်လာတော့သည်။ ဒါကတော့ ပွဲတော်ပထမပိုင်းနဲ့ ပင်မအပိုင်းလို့ ပြောရမည်။
ဒုတိယအပိုင်းကတော့ ပျံကျဈေးသည် လေးတွေအပိုင်း လမ်းလယ်အုတ်ခံများ၊ လမ်းကြားများ၊ ပလက်ဖောင်းတွေမှာ ပွဲတော်ရက်အတွင်း ညအချိန်မှ ပလတ်စတစ်၊ ဖျာ၊ တာလပတ်များ ခင်းကာ လေဟာပြင်ရောင်းချသည့် ဈေးသည်လေးများဖြစ်သည်။ ကောက်ညှင်းကျည်တောက်၊ ရေမုန့်၊ ဆနွင်းမကင်း၊ ရေခဲချောင်း၊ အကင်၊ တုတ်ထိုး၊ မျက်နှာဖုံး၊ ကလေးကစားစရာ စက္ကူရုပ်များ၊ ပေါက်စီ၊ သစ်သီး၊ အအေး၊ အချဉ်ပေါင်းသည်၊ အကြော်၊ ထမင်းတစ်ခါပြင်၊ ဈေးပေါပေါနှင့် ရောင်းသည့် အသုံးအဆောင်ပစ္စည်းသည်များ၊ ဓားခြစ်ပန်းချီ၊ လမ်းဘေးစာအုပ်ဆိုင်များပင် ဖြစ်သည်။ သူတို့က ဆိုင်ခန်းများငှားစရာမလိုသလို၊ အမိုးလည်း မိုးခွင့်မရ၊ ဈေးကောက်ပေးရမည်။ နေရာကို ကြိုဦးထားရသည်။ ပွဲဈေးညဉ့်နက်လို့ လူပြတ်တာနဲ့ အထုပ်အပိုးသိမ်းပြန်ရုံသာ။ အများကြီး အမြတ်မကျန်သော်လည်း အရင်းလည်း သိပ်မရှိလှ။ အရင်းအနှီး မစိုက်ထုတ်နိုင်သော လက်လုပ်လက်စား အခြေခံမိသားစုများ အများစု ရောင်းကြပြီး တစ်နေ့စာတစ်နေ့ အပြတ်ရောင်းချရသည်။ ရက်ချန်ထားလို့မရသည့် ပုပ်သိုးလွယ် ကုန်ကြမ်းများကို ရင်းထားရသည့်အတွက် အန္တရာယ်ကြီးလှသည်။ ဒါပေသည့် ပွဲတော်ရက်များ အပြီးတွင်တော့ အနည်းငယ် စားသောက်ရင်းနှီးနိုင်ရန် ကျန်သေးသည်ဟု ပြောနိုင်ပါသည်။
ပွဲတော်ကတော့ ၁၀ ရက်ကျင်းပခဲ့ပြီး၊ သုံးနှစ်တစ်ကြိမ်ဆိုသလို မြို့တွင်းသို့ မြတ်စွယ်တော်လှည့်လည် ပူဇော်ခံတတ်ရာ၊ အလှယိမ်းကားများဖြင့် တစ်နေကုန်အောင် စည်ကားရှုပ်ထွေးနေတတ်သည်။ သာမန်နှစ်များ မှာတော့ မြတ်စွယ်တော်ကို ရွှေဆံတော်ဘုရားကြီးပေါ်တွင်ပင် အပူဇော်ခံထားရှိကာ ရင်ပြင်တော်တွင် လှည့်လည်ပူဇော်ခံတတ်သည်။ ဟိုစဉ်ကတော့ ဆိုင်ခန်းများထောင်ချီရှိကာ ဇာတ်ပွဲများကလည်း အပြိုင်အဆိုင် ကပြတတ်သည်။ ဦးမောင်မောင်ဆပ်ကလိုမျိုး၊ မိုးမင်းတို့လိုမျိုးတွေ ဖျော်ဖြေသည်။ နောက်စောင်းတန်းလမ်းဘေး ကွက်လပ်ကြီးတွင် ဗလာဇာတ်ပွဲများ၊ မိုးကြိုးငှက်ငယ်လို လိင်တူများ၏ဇာတ်ပွဲများ၊ အောင်စည်တော် ဒုတ်ထိုးရုပ်များဖြင့် မြိုင်ဆိုင်နေတော့သည်။
ထိုစဉ်ကနှစ်များက ပြောင်းလဲခဲ့ပြီ။ တစ်ဖြုတ်ဖြုတ်ကြွေသွားသော မယ်ဇလီရွက်ခြောက်များလို၊ ကတ္တရာလမ်းထက် အပြင်းမောင်းသွားသော ကားတစ်စီးနောက် ရှပ်တိုက်လိုက်သွားသော ရွက်ခြောက်များလို ပျောက်ကွယ်သွားကြပြီ။
ဦးမောင်မောင်ဆပ်ကပ်ထဲက ဆင်ကြီး မိုမိုပွဲဈေးတန်းထဲမလှည့်တော့။ ဗလာဇာတ်ပွဲများတွင် အရင်လိုမစည်ကားတော့ နာမည်ကြီး ဇာတ်အဖွဲ့များမလာတော့ အောင်စည်တော် တုတ်ထိုးရုပ်လည်းမရှိတော့။ ထိုစဉ်ကဆိုလျှင် ညဉ့်နက်သန်းခေါင်အချိန် နာရီစင်ကြီးနားက လက်ဖက်ရည်ဆိုင်တွင်ထိုင်ရင်း ဇာတ်ပွဲဆီက လွင့်ပျံလာတတ်သည် ဆိုင်းသံကို မှန်းဆရသည်။ နံနက်ဝေလီဝေလင်းတွင် ပွဲခင်းထဲဖြတ်မောင်းသွားသည့် မြင်းလှည်းသံကို ကြားရတတ်သည်။ ပတ်ဝန်းကျင်ကိုဆူညံမှု ပေးတတ်သည့် အဝါရောင်သုံးဘီးကားများ မရှိတော့။ သေချာတွေးမည်ဆိုလျှင် ကျန်စစ်သားစက္ကူဦးထုပ်နှင့် ဆေးဆိုးထားသည့် ဝါးဓားလေးတွေပင် မမြင်ရတော့ အရင်ကကျွန်တော်တို့ လက်ကိုဆွဲလို့ အမေတို့ အဖေတို့ လည်ကြသည်။ ပွဲဈေးတန်းတွင် ကျွန်တော်တို့မိသားစု ဈေးရောင်းကြသည်။ အခုတော့ သားသမီးလက်ကိုစွဲလို့ ကျွန်တော်ပွဲဈေးတန်း လည်သည်။ ပွဲဈေးတွင် ဈေးမရောင်းတော့။
ပွဲတော်ဈေးလေးတွင် လူတို့ပြောင်း လဲကုန်သည်။ ဝတ်စားဆင်ယင်မှုတို့ ပြောင်းလဲကုန်သည်။ အသုံးအဆောင်ပစ္စည်းတို့ ပြောင်းလဲကုန်သည်။ ယာဉ်တို့ပြောင်းလဲကုန်သည်။ အခြားမမြင်ရသည့် လူသားတို့၏ ပွဲတော်အပေါ် စိတ်ခံစားမှုများ ပြောင်းလဲကုန်သည်။ ပွဲဈေးသည်များလည်း အရင်လို့ ပျော်ရွှင်ခြင်း အကျိုးအမြတ်ရှိခြင်းတို့ နည်းပါးလာသည်။ မိသားစု အဆင်မပြေချင်းတို့များကြားက ဖိအားများဖြင့် အကျိုးအမြတ် များများရရေးကို ဦးတည်ကာ ဝိသမလောဘ ဘက်သို့ ယိမ်းတတ်လာသည်။
“ဒေါ်ဒေါ်တို့ ပွဲဈေးရောင်းတာ နှစ်ပေါင်းမနည်းတော့ဘူး။ ဟိုတုန်းကလို ပျော်စရာမကောင်းတော့တာ အမှန်ပဲ။ အရင်တုန်းကဆို ပျော်ပွဲစားထွက်တယ်လို့ကို သဘောထားတာ။ ရောင်းလိုက်ဝယ်လိုက်နဲ့ ကိုယ့်ကလေးတွေက ပွဲဈေးကို လိုက်လည်နဲ့ အခုကတော့ အမြတ်လည်း သိပ်မကျန်ဘူး။ အရောင်း အဝယ်လည်း မသွက်ဘူးလေ။ ဈေးသည်တွေ ပိုများလာတယ်။တစ်ယောက်ယောက်လည်း တည့်တာရှားတယ်။ သူ့နေရာငါ့နေရာနဲ့ ရန်ဖြစ်နေကြတယ်။ အဆင်မပြေလို့သာ လုပ်မြဲအတိုင်း လာထွက်ရတာ။ ဒီနှစ်ကတော့ အရှုံးကြီးတယ်။ မိုးက တကယ့်ရောင်းရမယ့် ညတွေမှာချည်း ရွာတာပဲ။ မိုးရွာပြီဆို အဒေါ်တို့လိုပစ္စည်းတွေက အစိုမခံဘူး။ အုပ်ဆိုင်းပြီး သိမ်းလိုက်ရတာ။ လမ်းဘေးဈေးသည်ဆိုတာ အမိုးလည်း သေချာမလုပ်ထားကြဘူးလေ” ဟု ကောက်ညှင်းခြေထောက် ရောင်းချနေသည့် အဘွားတစ်ယောက်က ရင်ဖွင့်လာသည်။
ပြောင်းလဲမှုများတွင် ရာသီဥတု ပြောင်းလဲမှုကိုတော့ ကျွန်တော်တို့မသိလိုက်ကြ။ အထူးသဖြင့် အခြေခံမိသားစုများဖြစ်သည့် ပျံကျဈေးသည်လေးများအဖို့ ရာသီဥတု အကြောင်း သိပ်မသိကြခြေ။ မိုးလေဝသ သတင်းထုတ်ပြန် ကြေညာချက်များကိုလည်း သတိမမူနိုင်အားဘဲ ပွဲတော်ဈေးကိုသာ မဲနေကြရသည်။ ယခင်လိုပဲ တန်ဆောင်မုန်းလ၏ မိုးလေကင်းလွတ်စွာ နှင်းမှုန်ငွေ့ငွေ့ကြားတွင် ခေါင်းဗလာဖြင့် ဈေးရောင်းကြရမည် ထင်ထားကြသည်။ တွက်ကိန်းလွဲသွားသည်။ နိုဝင်ဘာလလယ်အထိ မပြတ်သေးသည့် မိုးကအခါလွန်စွာ သည်းသည်းထန်ထန် ရွာသွန်းခဲ့သည်။ မုန်တိုင်းအဖျားခတ်ခြင်းလား သေချာမသိသေးခင်၊ ကြိုတင်ပြင်ဆင် ထားခွင့်မရှိသည့် ပွဲတော်ပျံကျဈေးသည်လေးများ ဒုက္ခတွေ့ကြရသည်။ မိုးကတကယ့် ရက်ကောင်းများဖြစ်သည့် လဆန်း(၉)ရက် နေ့တွင် နည်းနည်းရွာသည်။ (၁၀)ရက်နေ့မှာတော့ ညအချိန် ခုနစ်နာရီလောက်မှ စကာရွာလိုက်သည့်မိုးက တစ်ညလုံးလုံးနားလိုက် ရွာလိုက်ဖြင့် ဈေးသည်တွေမိုးရေထဲရွှဲရွှဲစို၊ ကုန်ပစ္စည်းတွေလည်း သွန်းပစ်ရနှင့် အရင်းပြုတ်ကုန်သည်ဟု ပြောရမည်။ နောက်နေ့ (၁၁)တစ်ရက်တွင်လည်း ရွာပြန်သည်။ ပွဲတော်သက်တမ်းတစ်လျှောက် ကြုံခေါင်ကြုံခဲ အခြေအနေဟု ပြောရမည်။ ယခုလိုညစဉ် ပုံမှန်ရွာနေသည်ဆိုတာ တန်ဆောင်တိုင်ပွဲတော်မှာ ကြုံရခဲသည်။
“အရင်ရက်တွေကတည်းက ရောင်းလို့ကတော့ မကောင်းဘူး။ ညကတော့မိုးက သည်းတော့ သိမ်းကိုပြန်ရရော။ မုန့်ရေတွေကော ပြုတ်ထားတဲ့ပဲတွေပါ သွန်ပစ်ရတာပေါ့ ။ လူတွေလည်းစို မြတ်ဖို့မပြောနဲ့ အရင်းကို ရှုံးတာ ကုန်ပစ္စည်းတွေက နောက်ရက်အထား မခံဘူးလေ။ မလုပ်လို့လည်း မဖြစ်ဘူး။အန်တီတို့က အိမ်ရှင်တွေဆီကတစ်ဆင့် ဆိုင်ခန်းပြန်ထွက်ရတာဆိုတော့ ပွဲတော်ဆယ်ရက်အတွင်းကို ရှစ်သောင်းပေးရတယ်” ဟု ပွဲတော်ဈေးတန်းတွင် ရေမုန့်ရောင်းချနေသည့် ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။
ထိုနေ့ညက မိုးကောင်းချက်ကတော့လွန်သည်။ ဓာတ်ပုံရိုက်ရန် ပွဲတော်ဈေးထဲသို့ ရောက်ရုံရှိသေး ရွာလိုက်သည့်မိုးက ဈေးသည်တွေပြေးချိန်မရ၊ မိုးချိန်မရ၊ သည်းသည်း မည်းမည်းရွာသည့်မိုးက ကြော်ငြာထီးကြီးများဖြင့် မိုးထားသည့်တိုင် ရောင်းသည့်ပစ္စည်းများကို စိုရွဲကုန်ကြတော့သည်။ အချို့ဈေးသည် အမျိုးသမီးများ လူကိုအစိုခံကာ ပစ္စည်းတွေကို အူးယားဖားယားသိမ်းကြရသည်။ ကလေးများပါ မနေသာနိုင်ရာ ပစ္စည်းတွေကို ပလပ်စတစ်များဖြင့် အုပ်ဆိုင်းကြသည်။ ပွဲတော်ဈေးလာလည်သူတွေလည်း ပြန်ပြေးကြ တော့သည်။ လမ်းပေါ်တွေမှာလည်း ရေတွေလျှံလို့ အိုင်ထွန်းနေသည်။ ဆိုင်ကြီးများကတော့ တာလပတ်များမိုးထားတော့ တော်သေးသည်။ ဆိုင်တွေလည်း ပိတ်ကုန်ကြသည်။ သူတို့ကို ကြည့်ရင်း စိတ်ထဲတွင် မကောင်း။ သူတို့ရဲ့ တစ်နေ့စာအရင်းလေးများ ရေနောက်မျောပါသွားကြပြီဖြစ်သည်။ ထိုအရာများကပင် သူတို့၏ မျှော်လင့်ချက်များဖြစ်သည်။
“ပထမ မိုးဖွဲဖွဲကျတုန်းကတော့ ရောင်းနေကြသေးတယ်။ နောက်ကျတော့ မိုးက တအားသည်းလာတာ ကျွန်တော်တို့ဆိုင်ရှေ့က ဆနွမ်းမကင်းတို့ အကင်သည်တို့ဆိုရင် ဗန်းတွေထဲရေတွေဝင် အုပ်လို့လည်း မနိုင်တော့ဘူး။ ဈေးသည်အားလုံးက ရှစ်နာရီ၊ ကိုးနာရီ လူစည်တဲ့အချိန် အပြန်လမ်းကို အားကိုးရောင်းရတာ။ အဲဒီအချိန်ချည်း တည့်တည့် ရွာကျလိုက်တော့ အကုန်သိမ်းရတာပေါ့။ ကျွန်တော်တို့လည်း သိမ်းပြန်ခဲ့တယ်။ အစားစာရောင်းတဲ့ ဆိုင်တွေက ပိုဒုက္ခရောက်တယ်။ တစ်ရက်စာပဲ လုပ်ထားကြတာဆိုတော့ တစ်ည မရောင်းရရင် ရှုံးပြီ” ဟု ပွဲတော်ဈေးတန်းတွင် ကွမ်းရောင်းနေသည့် ကိုကျော်သူက ပြောကြားသည်။
နောက်ရက်များကတော့ သိပ်မကျန်တော့။ တစ်ရက်ပြီးတစ်ရက်ဆိုသလို ပွဲတော်ရက်များက ကုန်သွားမည်ဖြစ်သည်။ ဆိုင်ကလေးများလည်း ပြန်ကြမည်ဖြစ်သည်။ ပွဲတော် လာသူများလည်း မေ့သွားကြမည်။ ဈေးဆိုင်လေးများကတော့ ရရှိလာသည့်ငွေများကို ရေတွက်ကာ အရှုံးအမြတ်ကို တွက်ချက်နေမည်။
ငယ်ငယ်က ပွဲဈေးလည်ခဲ့တာကို မှတ်မိနေသည်။ နှင်းများကျနေသည်။ ဘေထုပ်ထည် ဂျင်းအင်္ကျီအဟောင်းလေးကို ထုတ်ကာ ဝတ်လိုက်ရင်း ပွဲတော်ဈေးလည်ကြသည်။ ပွဲခင်းထဲရောက်လို့ လူတိုးလိုက်ရင်တော့ နည်းနည်းနွေးသွားသည်။ ပြန်ထွက်လို့အပြန်လမ်းမှာတော့ ချမ်းလာတတ်ပြန်သည်။ နှင်းမှုန်ကြားထဲက ပွဲဈေးတန်းကြီးကို ကြည့်ရသည်မှာ မီးခိုးများ၊ မြူခိုးများဖြင့် အပြာရောင်သန်း နေတတ်သည်။ ယခုတော့ အဝါရောင်၊ အမည်းရောင်၊ မိုးသားတိမ်လိပ်တို့ဖြင့် မည်းညစ်နေသည်။ လမ်းထက်မှာ ဗွက်တို့ဖြင့် စိုစွတ်နေသည်။ မိုးပြတ်သွားချိန်များမှာတော့ သေလောက်အောင်ပူလာမည်။ ကျွန်တော်လွမ်းပါသည်။ ဆောင်းနှင်းများကြားက ပွဲတော်ဈေးတန်းလေးကို လွမ်းပါသည်။ လက်ဖက်ရည်ဆိုင်လေးကို လွမ်းသည်။ ဂျင်းအင်္ကျီလေးကို လွမ်းသည်။ အပြာရောင်ပွဲဈေးတန်းကြီးကို လွမ်းသည်။ ပြုံးပျော်နေကြသည့် ဈေးသည်များကို လွမ်းသည်။ လွမ်းမိသည်များပြန် မရတော့။










