You can kill tenof our men for everyone we kill of yours. But even at those odds, you will lose and we will win.
“မင်းတို့ရဲ့ လူတစ်ယောက်ကို ငါတို့ သတ်နိုင်တဲ့အခါတိုင်း၊ ငါတို့ရဲ့ လူ ၁၀ ယောက်ကို မင်းတို့သတ်နိုင်ကောင်း သတ်နိုင်ပေလိမ့်မယ်၊ ဒါပေမဲ့ ဒီအချိုးတိုင်း သွားမယ်ဆိုရင်တောင်မှ ရေရှည်မှာ မင်းတို့ရှုံးပြီး ငါတို့နိုင်မှာပဲ” ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒီစကားဟာ ပြင်သစ် ကိုလိုနီနယ်ချဲ့တွေကို ဗီယက်နမ်နိုင်ငံရဲ့ခေါင်းဆောင်ကြီး ဟိုချီမင်းက ၁၉၄၆ ခုနှစ်တုန်းက ပြောခဲ့တဲ့စကားပဲ ဖြစ်ပါတယ်။ အဲဒီလို ပြောခဲ့ပြီးတဲ့နောက် ကိုးနှစ်အကြာမှာ ဗီယက်နမ်တွေဟာ အမေရိကန်တွေရဲ့ ကျူးကျော်စစ်ကို တွန်းလှန်ရပြန်ပါတယ်။ အဲဒီအခါမှာလည်း ဖြစ်လာတဲ့ အခြေအနေတွေက ပြင်သစ်တွေကို ပြောခဲ့တဲ့စကားအတိုင်း ပြန်ပြောရမလို ဖြစ်လာခဲ့တာပါပဲ။ အဲဒီလို တိုက်ပွဲမျိုးကို ကိုယ်တိုင်ပါဝင် ဆင်နွှဲခဲ့ဖူးတဲ့ အမေရိကန်တပ်မတော်က အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ‘ဟာမိုး’ နဲ့ သတင်းထောက် တစ်ယောက်တို့ဟာ We were Soldiers Once.. And Young “တို့ဟာ တစ်ချိန်တုန်းကတော့ ငယ်ရွယ်တဲ့ စစ်သားလေးတွေပေါ့” လို့ အမည်ရတဲ့ ဝတ္ထုတစ်ပုဒ်ကို ၁၉၉၂ ခုနှစ်မှာ ရေးခဲ့ပါတယ်။ အဲဒီဝတ္ထုဟာ ၂၀၀၂ ခုနှစ်မှာ We were Soldiers ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင် ပေါ်ထွက်လာခဲ့ပါတယ်။
ရုပ်ရှင်ဇာတ်လမ်းဟာ ၁၉၅၄ ခုနှစ်က ပြင်သစ်တပ်ဖွဲ့ တစ်ဖွဲ့ ဗီယက်နမ်စစ်မြေပြင်ထဲမှာ တိုက်ကင်းလှည့်နေတဲ့ အခန်းနဲ့ စဖွင့်ပါတယ်။ အဲဒီပြင်သစ်တပ်ဖွဲ့ကို ဗီယက်မင်းတပ်တွေက ချုံခို တိုက်ခိုက်ကြပါတယ်။ ‘မန်ယန်း’ တိုက်ပွဲလို့ အမည်ရတဲ့ အဲဒီတိုက်ပွဲမှာ ဗီယက်မင်းစစ်သူကြီး ‘ငုယင်ဟူအန်း’ က သူ့ရဲဘော်တွေကို “ဒဏ်ရာရထားတဲ့ ရန်သူတွေကို ထားမနေပါနဲ့ အပြတ်သာ ရှင်းလိုက်ပါကွာ၊ ဒါမှ သူတို့နောက် တို့ဆီကို မလာရဲကြမှာ” လို့ ပြောလိုက်ပါတယ်။ အဲဒီလို အမိန့်ပေးလိုက်ပြီး မကြာခင်မှာ တိုက်ပွဲပြီးလို့ ငြိမ်သက်နေတဲ့ စစ်မြေပြင်ဟာ ဒဏ်ရာရနေတဲ့ ပြင်သစ်စစ်သားတွေကို ဗီယက်နမ်စစ်သည်တွေက ပစ်သတ်လိုက်ကြတဲ့ သေနတ်သံတွေနဲ့ ပြန်လည် ဆူညံသွားတာကို တွေ့လိုက် ရပါတော့တယ်။
ဒီလိုနဲ့ နောက် ၁၁ နှစ် ကြာတဲ့အခါ အမေရိကန် လေကြောင်းချီတပ်မက တပ်ရင်းတစ်ရင်းကို ဒုဗိုလ်မှူးကြီး ‘ဟာမိုး’ Mel Gibson ဆိုသူက လေ့ကျင့်ပေးပြီး တိုက်ပွဲဝင်ဖို့ ဗီယက်နမ်နိုင်ငံကို ထွက်ခွာလာခဲ့ပါတယ်။ မိုးဟာ အဲဒီတပ်ရင်းနဲ့အတူ ဗီယက်နမ် စစ်မြေပြင်ကို ရောက်သွားလို့ မကြာခင်မှာပဲ အမေရိကန် စစ်ဌာနချုပ် တစ်ခုကို ဝင်တိုက်ပြီး ဆုတ်ခွာသွားတဲ့ ရန်သူ ဗီယက်နမ်တပ်တွေကို သူဦးစီးတဲ့ လေကြောင်းချီတပ်နဲ့ လိုက်တိုက်ဖို့ ညွှန်ကြားချက်ရပါတယ်။ သူ့တပ်မှာ လူအင်အား ၄၀၀ လောက်ပါရှိပြီး ရန်သူ့အင်အား ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ သူမသိရပါဘူး။ ဒါကြောင့် ဒုဗိုလ်မှူးကြီး ဟာမိုး ဦးစီးတဲ့ အမှတ် (၇) လေကြောင်းချီတပ်ဖွဲ့က စစ်သည်တွေဟာ စစ်ရဟတ်ယာဉ်တွေနဲ့ နာရီဝက်လောက် ကြာအောင်စီးပြီး တောင်ကုန်းတစ်ခုရဲ့ အခြေက အနည်းငယ် ပြန့်ပြူးတဲ့ မြေကွက် တစ်နေရာပေါ်မှာ ဆင်းလိုက်ကြပါတယ်။
သူတို့ ရဟတ်ယာဉ်တွေပေါ်က ဆင်းပြီး မကြာခင်မှာ ဗီယက်နမ် စစ်သည်တစ်ယောက် ထွက်ပြေးသွားလို့ ရှေ့ပြေးတပ်စုက စစ်သည်တွေက အရှင်ရအောင်ဆိုပြီး လိုက်ဖမ်းကြပါတယ်။ အဲဒီရှေ့ပြေး တပ်စုက ရဲဘော်တချို့ ကွင်းပြင်တစ်ခုထဲ ရောက်သွားတာနဲ့ တစ်ပြိုင်နက် တောင်ကုန်းပေါ်ကနေ ပစ်လိုက်ကြတဲ့ သေနတ်သံတွေကို ကြားလိုက်ကြရတာပါပဲ။ တိုတောင်းလှတဲ့ အချိန်အတွင်းမှာပဲ တပ်စုမှူး အပါအဝင် အမေရိကန်စစ်သည်တွေ အတော်များများ ကျဆုံးသွားကြပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ စစ်သည်တွေဟာလည်း အဝိုင်းခံလိုက်ရလို့ ဘယ်ကိုမှ ထွက်ပြေးလို့ မရနိုင်တော့ပါဘူး။ ဒါကြောင့် အမြောက်ပစ်ကူ ခေါ်ရပါတယ်။ အမြောက်ဆိုတာကလည်း အဝေးမှာရှိနေတဲ့ ရန်သူကိုသာပစ်လို့ ကောင်းတာပါ။ ကိုယ့်ရှေ့နား ကိုက် ၁၀၀၊ ၂၀၀ လောက်မှာ ကပ်နေတဲ့ ရန်သူကို ဘယ်လိုမှ ထိရောက်အောင် ပစ်ကူပေးလို့ မရနိုင်ပါဘူး။ ပစ်ရင် ကိုယ့်ရဲဘော်တွေကိုပါ ထိကုန်မှာပါ။ ဒါကိုသိနေလို့ မြောက်ဗီယက်နမ် တပ်သားတွေဟာ အမေရိကန်တပ်တွေနဲ့ အနီးကပ် ရင်ဆိုင်ပြီး မခွာတမ်း ကပ်ထားကြပါတယ်။
ဒီနေရာမှာ ထူးခြားတဲ့ မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ကြရပါတယ်။ အဲဒါကတော့ ၈၁ မီလီမီတာလို စိန်ပြောင်းကြီးတွေရဲ့ ပြောင်းတွေဟာ ပစ်ပါများတော့ မီးရဲရဲတောက်လုနီးပါး ပူလာကြလို့ ဆက်ပစ်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ စိန်ပြောင်းကျည်ထည့်လိုက်ရင် စိန်ပြောင်းကျည်ဆန်ဟာ ပြောင်းအခြေထိ ရောက်မသွားဘဲ တစ်ဝက်လောက်ပဲ အောက်ဆင်းပြီး ပြောင်းပူလွန်းလို့ အကူယမ်းတွေ မီးကူးသွားပြီး လေထဲကို ပြန်ထွက်သွားတတ်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ စိန်ပြောင်းကျည်ဟာ ရှေ့ကိုလည်း သိပ်မပြေးတော့ဘဲ စိန်ပြောင်းရှေ့မှာ တိုက်ပွဲဝင်နေတဲ့ ကိုယ့်စစ်သည်တွေပေါ် ပြန်ကျတတ်လို့ အန္တရာယ်လည်း ကြီးလှပါတယ်။ ဒါ့ကြောင့် တိုက်ပွဲဖြစ်နေတဲ့ နေရာရဲ့ နောက်ဘက် ငါးမိုင်လောက်အကွာမှာ အမြောက်ကြီးတွေကို ရဟတ်ယာဉ်နဲ့ ချပေးပြီး ပစ်ကူပေးရပါတယ်။ နောက်ထပ် စစ်ကူတွေကိုလည်း ရဟတ်ယာဉ်တွေနဲ့ ထပ်ပို့ပေးတာကို တွေ့ရပါတယ်။
နောက်တစ်နေ့ရောက်တော့ ရန်သူ့တပ်တွေဟာ ကြောက်ခမန်းလိလိ များသထက် ပိုများလာပါတယ်။ မြောက်ဗီယက်နမ် တပ်တွေကလည်း မိုးတို့တပ်တွေ အားလုံးကို အဲဒီနေ့မှာပဲ အပြီးအပိုင် ချေမှုန်းဖို့ ကြိုးစားလာကြပါတယ်။ ဒါကြောင့် သူ့တပ်နဲ့ ကိုယ့်တပ် ကိုက် ၅၀၊ ၁၀၀ အကွာလောက်ထိ နီးအောင်ကပ်ထားပြီး ဗီယက်နမ်တပ်တွေက သာလွန်တဲ့ အင်အားနဲ့ တိုက်စစ်ဆင်လာပါတယ်။ အဲဒီအခါ မိုးတို့ဘက်က အကျအဆုံး ပိုများလာပြီး မကြာခင် အားလုံးခြေမှုန်းခံရတော့မယ့် အခြေအနေကို ဆိုက်ရောက်လာပါတယ်။ ဒါ့ကြောင့် မိုးဟာ သေသေချာချာ စဉ်းစားသုံးသပ်ပြီး ဆိုင်ဂုံမှာရှိတဲ့ အမေရိကန် စစ်ဌာနချုပ်ကို Broken Arrow (မြားကျိုး) လို့ သတင်းပို့လိုက်ပါတယ်။ သဘောကတော့ သူတို့ကိုလည်း ထိချင်ထိပါစေတော့ သူတို့နဲ့ ရင်ဆိုင်တိုက်နေတဲ့ ရန်သူတွေကို လက်နက်မျိုးစုံနဲ့ လေကြောင်းပစ်ကူနဲ့ ပြင်းပြင်းထန်ထန် အနီးကပ် ချေမှုန်းပေးပါတော့ ဆိုတဲ့သဘောပါပဲ။ ဒါကြောင့် အမေရိကန်ဘက်က ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ် အပေါ့စားတွေဟာ နိမ့်နိမ့်လေးပျံပြီး ရိုးရိုးဗုံး မီးလောင်ဗုံးတွေနဲ့ သာမက စက်သေနတ်တွေနဲ့ပါ ရန်သူကို ချေမှုန်းကြရာမှာ ဗီယက်နမ်ဘက်က စစ်သည်တွေ အတုံးအရုံး ကျဆုံးကုန်ကြပါတယ်။ ဒါပေမဲ့ ရင်ဆိုင်တိုက်နေတဲ့ ကိုယ့်ဘက်က စစ်သည်တွေလည်း အမျာအပြား သေကျေဒဏ်ရာရခဲ့ကြတာပါပဲ။ ဒီလိုနဲ့ အမေရိကန်တွေက ဗီယက်နမ် ဒုတိယထိုးစစ်ကို အခိုက်အတန့်အားဖြင့် တွန်းလှန်နိုင်လိုက်ပြီး အသက်မသေဘဲ ကျန်ရစ်သူတွေကိုလည်း အဲဒီညမှာပဲ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ ဗိုလ်မှူးကြီးမိုးတို့ရဲ့ အမေရိကားမှာရှိတဲ့ လေကြောင်းချီ တပ်ရင်းက အိမ်ထောင်သည်လိုင်းထဲကို အဝါရောင် တက္ကစီကားတစ်စီး ဝင်ရောက်လာတာကို တွေ့ကြရပါတယ်။ အဲဒီကားကတော့ ကြေးနန်းစာပို့တဲ့ ကုမ္ပဏီက ကားတစ်စီးဖြစ်ပါတယ်။ ‘ကက်သီ’ ဆိုတဲ့ရဲမေတစ်ယောက်ရဲ့ အိမ်ရှေ့ကနေ အဲဒီကား ထွက်ခွာသွားတာကို ဗိုလ်မှူးကြီးမိုးရဲ့ ဇနီးဖြစ်သူ မစ္စစ်ဂျူလီယာမိုးက တွေ့လိုက်ရတာပါ။ ကားဘာလာလုပ်တာလဲဆိုတာကို သိချင်လို့ ကက်သီ့အိမ်ထဲကို ဂျူလီယာ ဝင်သွားလိုက်တဲ့ အခါမှာတော့ ခင်ပွန်းသည် ရှေ့တန်းမှာ ကျဆုံးသွားတဲ့အကြောင်း အကြောင်းကြားထားတဲ့ ကြေးနန်း စာကိုကိုင်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ ကက်သီကို ဂျူလီယာ တွေ့လိုက်ရပါတယ်။ နောက်တစ်နေ့မှာတော့ အဲဒီအဝါရောင် တက္ကစီကားဟာ ဂျူလီယာရဲ့ အိမ်ရှေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက် လာရပ်ပြန်ပါတယ်။ တက္ကစီသမားဟာ ကြေးနန်းစာတစ်စောင်ကို ကိုင်ပြီး ဂျူလီယာတို့ အိမ်တံခါးကို လာခေါက်တဲ့အခါမှာတော့ ဂျူလီယာဟာ ငယ်ထိပ်မြွေပေါက် ခံလိုက်ရသလို ဖြစ်သွားခဲ့ရပါပြီ။ တံခါးဖွင့်လိုက်တဲ့ အခါမှာတော့ ကုမ္ပဏီက ယာဉ်မောင်းက “ခင်ဗျား ဗိုလ်မှူးကြီးကတော် မစ္စစ် ဂျူလီယာမိုး မဟုတ်လားခင်ဗျာ” လို့ ထပ်မေးလိုက်တဲ့ အခါမှာတော့ ဂျူလီယာရဲ့ နှလုံးသားဟာ ပွင့်ထွက်သွားသလို ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ တက္ကစီမောင်းတဲ့သူက “ကျွန်တော် အိမ်လိပ်စာတစ်ခုရှာမရလို့ ဘယ်လို ရှာရမလဲဆိုတာ လာမေးတာပါ” လို့ ပြောလိုက်တဲ့အခါကျမှ ဂျူလီယာ ဟင်းချနိုင်တော့တာပါ။ နောက်တော့ ဂျူလီယာက “ကျွန်မကိုယ်တိုင်ပဲ အဲဒီကြေးနန်းစာကို သွားပေးပေးပါ့မယ်၊ နောက်နေ့မှာလည်း အလားတူ ကြေးနန်းစာမျိုးလာရင် ကျွန်မအိမ်ရှေ့မှာပဲ ချထားပေးပါ” လို့ပြောပြီး ကြေးနန်းစာကို ယူထားလိုက်ပါတယ်။ နောက်ရက်တွေမှာ ကြေးနန်းစာတွေကို သက်ဆိုင်ရာ အိမ်တွေအရောက် ကိုယ်တိုင် လိုက်ဝေပေးနေတဲ့ ဂျူလီယာကို ကြည့်ပြီး ပရိသတ်တွေ ရင်မောနေကြရပါတယ်။
ရုပ်ရှင် နောက်တစ်ခန်းမှာတော့ မိုးဟာ သူ့ရဲ့တပ်တွေကို ပြန်လည်ဖွဲ့စည်းပြီး ရန်သူရှိနေတဲ့ တောင်ကုန်းရဲ့ အခြေမှာပဲ ခြေကုပ်ယူထားလိုက်ပါတယ်။ အဲဒီအချိန်မှာ ဗီယက်နမ် တပ်မှူးကလည်း လက်ရွေးစင်စစ်သည်တွေနဲ့ အဆုံးသတ် ထိုးစစ်ကို ဆင်နွှဲဖို့ပြင်ဆင်ပါတယ်။ မိုးရဲ့စစ်သည်တွေဟာ လက်ရဖမ်းမိတဲ့ ရန်သူတပ်သား တစ်ယောက်ကို စကားပြန်နဲ့ စစ်မေးကြည့်တဲ့အခါ ရန်သူ့အမြောက်ကြီးတွေ ချထားတဲ့ နေရာတွေကို မိုးတို့ သိလိုက် ကြရပါတယ်။ ဒါကြောင့် အဲဒီအမြောက်ကြီးတွေကို လေကြောင်း ပစ်ကူခေါ်ပြီး ချေမှုန်းနိုင်လိုက်ပါတယ်။ ဒါကြောင့် ရန်သူဟာ အကျအဆုံးများပြီး ဆက်မခုခံနိုင်တော့တဲ့အတွက် တောင်ကုန်းပေါ်က ဗီယက်နမ် စစ်ဌာနချုပ်ကို စွန့်ပစ်ပြီး ဆုတ်ခွာသွားကြပါတယ်။ နောက်တစ်နေ့မှာတော့ အမေရိကန် စစ်သည်တွေအားလုံးကို တိုက်ပွဲနေရာကနေ ရဟတ်ယာဉ်တွေနဲ့ ခေါ်ထုတ်သွားကြပါတယ်။ ရုပ်ရှင် ပြီးဆုံးခါနီးမှာတော့ ရန်သူ ၁၈၀၀ လောက်ကို ချေမှုန်းနိုင်ခဲ့တဲ့အတွက် ဒုဗိုလ်မှူးကြီးမိုးကို အမေရိကန် စစ်ဌာနချုပ်က ချီးကျူးဂုဏ်ပြုတာကို တွေ့ကြရပါတယ်။ အဲဒီအချိန်မှာ မိုးတို့ ဆုတ်ခွာသွားတဲ့ တိုက်ပွဲနေရာကို မြောက်ဗီယက်နမ်တပ်တွေက ပြန်ပြီး နေရာယူလိုက်ကြလို့ အခြေအနေဟာ ဒုံရင်းဒုံရင်း အတိုင်းပဲ ပြန်ဖြစ်သွားပါတော့တယ်။အဲဒီနောက် တစ်ခန်းမှာတော့ သတင်းရယူချင်လို့ ဒုဗိုလ်မှူးကြီးမိုးတို့နဲ့အတူ စစ်မြေပြင်ကို လိုက်ပါပြီး သတင်းယူခဲ့တဲ့ ‘ဂျိုးဇက်ဂဲလဝေး’ Joseph Galloway (Born: 1941- November 13- Age 74) ဆိုတဲ့ သတင်းထောက် တစ်ယောက် အမေရိကား ပြန်ရောက်ပြီး လက်နှိပ်စက် ရိုက်နေတာကို တွေ့ကြရပါတယ်။ သူရိုက်လက်စ စာတွေကတော့ ‘ဗီယက်နမ် စစ်မြေပြင်က ပြန်လာတဲ့စစ်သည်တွေကို စစ်မြေပြင်ကို ဘာဖြစ်လို့ သွားကြတာလဲလို့ မေးကြည့်ရင် အမိနိုင်ငံက တာဝန်ပေးလို့ သွားခဲ့ကြရတာပါ၊ စစ်မြေပြင်ရောက်တော့ အမိနိုင်ငံအတွက် တိုက်နေကြရတာလား၊ ဒါမှမဟုတ် ဘယ်သူ့အတွက် တိုက်နေကြရတာလဲဆိုတာတွေ ဘာတွေကို စဉ်းစားမနေအားပါဘူး၊ ကိုယ်မသေအောင်နဲ့ ကိုယ့်သူငယ်ချင်း ရဲဘော်ရဲဘက်တွေ မသေအောင် ဘယ်လိုတိုက်ရမလဲဆိုတာကိုပဲ တွေးရင်းနဲ့ ကိုယ်ဘယ်လို အိမ်ပြန်ရောက်လာမှန်းတောင် မသိတော့ပါဘူး။ စစ်ပွဲကို တစ်ခါမြင်ဖူးသူတွေဟာ ဒီအနိဋ္ဌာရုံ မြင်ကွင်းကို သေတဲ့အထိ မမေ့နိုင်ကြပါဘူး။ သူတို့လို သေနတ်ကိုင်ပြီး တိုက်ရတဲ့လူတွေကိုတော့ ပြောမနေနဲ့တော့ ကိုယ့်လို ကင်မရာလောက်ပဲ ကိုင်ထားရတဲ့ လူတောင် ညဉ့်နက် သန်းခေါင်အချိန်ထိ အိပ်မပျော်နိုင်ဘဲ စစ်မြေပြင်မှာ ဒဏ်ရာရလို့ အော်ဟစ် ညည်းညူနေကြတဲ့ ကိုယ့်ရဲဘော်တွေရဲ့ အော်ဟစ်နေသံတွေကိုပဲ ကြားနေရတယ်။ ဒါဟာ စစ်သားတစ်ယောက်ရဲ့ တကယ့်ဘ၀ အစစ်အမှန်ပါပဲ” လို့လက်နှိပ်စက် ရိုက်ရင်းနဲ့ ကျဆုံးဒဏ်ရာရကြတဲ့ စစ်သည်တွေကိုယ်စား ဝမ်းနည်းလွန်းလို့ ချုံးပွဲချပြီး ငိုကြွေးလိုက်တဲ့ ‘ဂဲလဝေး’ ကိုတွေ့လိုက်ကြရပါတယ်။
အဲဒီတစ်ချိန်တည်းမှာ ဗီယက်နမ် ကျေးရွာတွေနဲ့ မြို့တွေမှာရှိတဲ့ ကျဆုံးစစ်သည်တွေရဲ့ ဇနီးသည်တွေဟာလည်း ငိုကြွေးနေကြမှာပဲဖြစ်တယ်။ ဒီတိုက်ပွဲမှာ သူတို့ဘက်က လူ ၁၈၀၀ တောင် သေခဲ့ကြရတာကိုး။ အမေရိကန်တွေ ဘက်ကတော့ တရားဝင်စာရင်းအရ ကျဆုံးစစ်သည် အရေအတွက်ဟာ ၃၉ ယောက်ပဲရှိတာမို့ ကျဆုံးမှုကို နှိုင်းယှဉ်ကြည့်ရင် ဟိုချီမင်းပြောခဲ့တဲ့ တစ်အချိုး ၁၀ တောင် မကတော့ဘဲ တစ်အချိုး ၄၇ တောင် ရှိနေတာ ကို တွေ့လိုက်ကြရပါတယ်။ ဒါ့ကြောင့် ကျဆုံးတဲ့အချိုးဟာ အလွန်ကွာခြားနေတာကို တွေ့ရပါတယ်။ မကွာခြားတာကတော့ သူ့ဘက်ကရော ကိုယ့်ဘက်ကပါ ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေ မျက်ရည်ကျပြီး ငိုကြွေးပူဆွေး ကြရတာပဲဖြစ်တယ်။ ဒါပေမဲ့ မျက်ရည်ကျရတာချင်း အတူတူ အဲဒီမျက်ရည်နှစ်မျိုးရဲ့ ပုံစံချင်းကတော့ တူနိုင်မယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်က မိုင်ပေါင်း ၁၀၀၀၀ လောက် ကွာဝေးတဲ့နေရာကလာပြီး ကိုယ်နဲ့ တိုက်ရိုက် ဆက်နွှယ်ပတ်သက်ခြင်းမရှိတဲ့ နိုင်ငံတစ်နိုင်ငံထဲကို ဝင်ရောက် စစ်ဆင်ရတာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကိုယ်နေတဲ့နေရာကို ကာကွယ်ဖို့ စစ်ဆင်ရတာ ဖြစ်နေလို့ပါပဲ။ ဒီလိုပုံစံကွဲ မျက်ရည်တွေကျပြီး စစ်ဆင်ကြရင်းနဲ့ ၃၀-၄-၁၉၇၅ ရက် ဗီယက်နမ် စစ်ပွဲကြီး လုံးဝပြီးဆုံးသွားတဲ့ အချိန်မှာတော့ ဟိုချီမင်း ပြောခဲ့သလို ဗီယက်နမ်တွေဘက်က အနိုင်ရသွားခဲ့တာပဲ ဖြစ်ပါတယ်။










