(၁)“ခဝဲပွင့်တုန်း၊ တန်ဆောင်မုန်းဟု၊ခွေနှုံးခန်းလယ် တကြယ်အုံးပေါ်၊မွှေးပေါင်းဖော်၍၊ သွင်းသော်လေညာ၊သောကြာရပ်က၊ ဆွတ်ဖျန်းပြသော်၊မြိုင်ဝပတ်လည်၊ ပင်တိုင်းစည်လျက်၊သံမြည်ရင့်ကျူး၊ ကျေးငှက်မြူးသား၊ဆန်းတူးဝေေ၀၊ မြောက်လေသွင်းချီ၊ ရာသီဗြိစ္ဆာ၊ လမှာတန်ဆောင်၊မြူမှောင်မသန်း၊ သော်တာဆန်းသည်” - (ဦးယာဆို တန်ဆောင်မုန်းဘွဲ့လူးတား)(တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်လိုက်၊ မိုးတစ်ပြိုက်)ဟု ရှေးက ရေးခဲ့ဖူးသည်။ ရာသီဥတု ဖောက်ပြန်နေသဖြင့် ဆီးနှင်းလည်း မကျ မိုးစလည်း မမြင်၊ အကြေရပ်ခွင်တွင် ပူလောင်ခြင်း လွန်ကဲနေ၏။ တန်ဆောင်မုန်းလတွင် လမင်းကြီးကား ထိန်လင်းတောက်ပြောင်နေပါသည်။ ဆီးနှင်းမြူတိမ်၊ သူရိန်ကင်းပ တန်ဆောင်လဟု တင်စားရေးသားခဲ့၏။(ရေယဉ်ရစ်မှုန်း၊ တိုက်ဖျက်ဖြုန်း၊ ကျင်းကုန်းပြိုပျက်ကွဲ)ဟု ကဝိလက္ခဏာဆရာ ဆိုပါသည်။ဤ၌မှုန်းဟူသော ဝေါဟာရကို ရှင်းလင်း လိုပေသည်။ မှုန်းဟူသည်ကား ပျောက်ပျက်သွားအောင် ဖျောက်ဖျက်ချမှုန်းခြင်းပင်တည်း၊ ဗြိစ္ဆာရာသီ တန်ဆောင်မုန်းလတွင် ကြတ္တိကာနက္ခတ်နှင့် ကျီးတာရာတို့ လမင်းကို ဝန်းရံခနေတတ်၏။ ကြတ္တိကာနက္ခတ်မှာ သင်ဓုန်းသွားသဏ္ဌာန် စပါးစုသဏ္ဌာန် တူတန်၍ လုံးရေရာ လုံးသာရှိကြောင်း ဆို၏။ မင်းသုံးမှန်ပြောင်းတော်ကြီးနှင့် ကြည့်သော အခါတွင်မူ လုံးရေလေးဆယ်ကျော် မှန်နန်းတော် ပမာဏမျှ ကျယ်ဝန်း၏။ အစွန်းအနားတွင် ကြယ်ကြီး ၁၁ လုံးရှိကြောင်း ဝေါဟာရလီနတ္ထတွင် ဖတ်မှတ်ခဲ့ရ၏။
■ တန်ဆောင်လတွင် မီးပွဲဆင်ဖျောက်ဆိပ်ကြယ်စုခေါ် ကြတ္တိကာနက္ခတ်၏ အစောင့်အရှောက်ကား ဒဟနီခေါ် မီးနတ်ပင်တည်း။ မီးနတ်ကို ပါဠိစာဖြင့် အဂ္ဂိဒေဝဟုလည်း ရေးသည်။ တန်ဆောင်မုန်းလတွင် မီးနတ်သည် လူ့ပြည်သို့ သက်ဆင်းလာရာ မြိုင်မြိုင်ဆိုင်ဆိုင် တန်ဆောင်တိုင်တွင် မီးနတ်ကို ဝိုင်းဝန်းပူဇော်လေသည်။ တန်ဆောင်မုန်းလပြည့်တွင် လှေခါးရင်း အိမ်ဝကြမ်းပြင် တဲအုံကန္နားမကျန် မီးထွန်းပူဇော်လေ့ ရှိပါသည်။အညာတွင် သီတင်းကျွတ်လမှာ လူစည်သည်။ အကြေ၌ကား တန်ဆောင်တိုင်တွင် စည်ကားမြဲဖြစ်၏။ စူဋ္ဌာမုဏိ ဘုရားကို ရည်မှန်း၍ မီးပုံပျံများ ကောင်းကင်သို့ လွှတ်တင်ကြ၏။ တောင်ကြီးတန်ဆောင်တိုင်မှာ စံပြုလောက်အောင် စည်ကားပါသည်။ တောင်ထိပ်နက္ခတ်သဘင် ဆိုသည်ကား အခြားမဟုတ်။ တန်ဆောင်မုန်းလတွင် မီးထွန်းခြင်းပင်တည်း။ တောင်ထိပ်နက္ခတ် သဘင်လာသော သီဝိမင်းကြီးနှင့် မယ်ဥမ္မာတို့ ဇာတ်လမ်းကား လွမ်းမောစရာပင်။
■ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းသမ်းသမ်းမဲမဲ အိပ်ပျော်ခဲ၊ မဲဇလီနှင့်စားဟု ကဝိလက္ခဏာဆရာ ရေးခဲ့ရာ မဲဇလီမှာ ဆေးပေါင်းခသော အိပ်ဆေးတစ်မျိုးပင်။ (သွေးတိုးရောဂါ အခံရှိလျှင် မစားအပ်)သစ်ပင်အပေါင်းမှ နတ်အများသည် တန်ဆောင်မုန်းလတွင် မဲဇလီပင်စောင့်နတ်ထံ လာရောက်ခစားကြကြောင်း စာဟောင်းများမှ ဖတ်ရ၏။ မဲဇလီပင်စောင့်နတ်ထံ အခြားနတ်များ လာရောက်ခစားကြောင်း ကဝေသာရုဆေးကျမ်း၌ ဆိုသည်။ တန်ဆောင်တိုင်လတွင် မဲဇလီဖူးသုပ်စားလျှင် ၉၆ ခြောက်ဖြာ ဝေဒနာများ ပျောက်ကင်းကြောင်း သိရ၏။ တန်ဆောင်မုန်းလတွင် ကျီးမနိုးပွဲများလုပ်၍ ခိုးကြဝှက်ကြသည်မှာ လူငယ်များ၏ ဓလေ့စရိုက်ဖြစ်၏။
■ တန်ဆောင်မုန်းအလှူသင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ၊ စာရေးတံနှင့်၊ မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်းဟူသော စာသားအရ တန်ဆောင်မုန်းလ၌က ထိန်ခင်းကြသည်။ (ပုံတွင်ကြည့်ပါ။ ကထိန်လှည့်လာပုံကို ဖော်ပြထားပါသည်။)ကထိန်အလှူမှာ ဘုရားခွင့်ပြုသောအလှူ ဖြစ်၏။ တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်၊ တစ်ရက်တွင် တစ်ကျောင်းသာ ကထိန်အလှူ လုပ်ရပါသည်။ ကထိန်အလှူဖြစ်ပေါ်လာပုံ ရေးပါဦးမည်။ ရှေးက ဘဒ္ဒဝဂ္ဂီရဟန်းညီနောင် သုံးကျိပ်သည် ဘုရားဖူးရန် ပါဝါမြို့သာဝတ္ထိမြို့သို့ လာကြသည်။ သင်္ကန်းများ ရေစို၍ လဲလှယ်စရာမရှိ ဖြစ်ခဲ့၏။ ဤသည်ကို မြင်တော်မူသော ဘုရားရှင်က ကထိန်အလှူလုပ်ကာ သင်္ကန်းကို ခံယူခွင့် ပေးခဲ့ပါသည်။ အလှူမှာ ကထိန်၊ ကျောင်းမှာ သိမ်ဟု ဆိုရာ ကထိန်အလှူမှာ အလွန်မြတ်သည်။
■ ကထိန်အကျိုး အမျိုးမျိုးကထိန်လှူရာတွင် (ကထိနစီဝရံ၊ သံဃ ဿဒေမ)ဟုဆို၍ လှူရပါသည်။ ကထိန်လှူ ရသော အကျိုးတို့ကား(၁) ဝါကြီးသူ ရဟန်းထံ ခွင့်မပန်ဘဲ သွားလာနိုင် (အနာမတ္တစာရ)(၂) ဓုတင်ဆောင်သောပုဂ္ဂိုလ် ဖြစ်လျှင် ညဉ့်အခါ သင်္ကန်းသုံးထည်နှင့် ကွင်းကွာနေခွင့် ရှိ၏ (အသမာဒါနစာရ)(၃) ဒကာဒကာမတို့၏ အပြောတတ်သော်လည်း ကထိန်အလှူကိုပါ ရနိုင်(၄) သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ ကထိန်ခင်းနိုင်(၅) ကထိန်ခင်းသော သင်္ကန်းကို ၎င်းကျောင်းနေ ရဟန်းတို့ကသာ ပိုင်ဆိုင်ခွင့် ရှိပါသည်။ (အဆင်းရဲဆုံးကျောင်းကို ရွေး၍ ကထိန်အလှူ ပြုရပေသည်)
■ ဆောင်ပုဒ်
- အကျိုးငါး၀ ခံရစေရန် အနူတနာမိအာဒိဝဓံနံ၊- ရှင်တော်ခွင့်ပြု၊ ခင်းမှုအမှန်၊ ကထိန်ပွဲ၊ ဆင်နွှဲဒို့နိုင်ငံ။ ကထိန်ခင်းခြင်းဖြင့် အောက်ပါအကျိုးများ ရနိုင်သည်။- အရောင်းအဝယ်ကောင်း၍ အန္တရာယ် ကင်းခြင်း- ရဟန်းရှင်လူများကို နတ်ဒေဝါများက စောင်မခြင်း- မိမိဥစ္စာများ ပျောက်ပျက်လျော့နည်းမှု မရှိခြင်း- မိမိစည်းစိမ်ကို တစ်ပါးသူက မဖျက်နိုင်- ပေး၍မကုန်၊ လှူ၍မခမ်း ငြိမ်းချမ်းသာယာပြီး မိမိပစ္စည်းကို ခိုးလူတို့ မရနိုင်ကြောင်း ကထိန်အာနီဝံသများကို ဖော်ပြရပါသည်။ကျမ်းကိုး - သုတပဒေသာပေါင်းချုပ်










