မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေး ဦးဆောင်ပါတီ ဖြစ်သည့်အပြင် အာဏာရ နိုင်ငံရေးပါတီလည်း ဖြစ်သည်။ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အရေးအရာ ပေါင်းစုံအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ခေါင်းဆောင်မှု အဆင့်ဆင့်ကို ကျစ်လျစ်အားကောင်းအောင် တည်ဆောက်ရမည်ဖြစ်သည်။ ဦးဆောင်ပါတီ၏ ဗဟိုခေါင်းဆောင် အဆင့်ဆင့်သည် သီလ၊ သမာဓိ၊ ပညာ စသည့်အရာရာတွင် အားကောင်းမောင်းသန်မှသာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် အားကောင်းမောင်းသန်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့သည်လည်း ငြိမ်းအေးချမ်းသာစွာ နေထိုင်နိုင်ကြမည် ဖြစ်သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်မှု အဆင့်ဆင့်ကို လေ့လာသုံးသပ်မည် ဆိုလျှင် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံအရ သဘာပတိအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့သည် သော့ချက်အကျဆုံး ဖြစ်သည်။ သဘာပတိအဖွဲ့၏ အကြီးအကဲသည် နာယက သူရဦးတင်ဦး ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဖွဲ့စည်းခဲ့သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅ ဦးနှင့် အရန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ငါးဦးတို့ ပါဝင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ငါးဦးပါဝင်သည့် အတွင်းရေးမှူး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမန်းဂျော်နီကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်ကို အရန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ပေးအပ်ခဲ့သည်။၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် အရန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်စိုးနှင့် ဗဟိုကော်မတီဝင် ဦးဖြိုးမင်းသိန်းတို့ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအဖြစ် ထပ်မံတာဝန်ပေးခဲ့သည်။ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သော ဒေါ်ခင်ဌေးကြွယ်နှင့် ဒေါက်တာမျိုးအောင်တို့သည် ရာထူးသက်တမ်းအတွင်း ပါတီလုပ်ငန်းများ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် အတွင်းရေးမှူး အဖွဲ့ဝင် ငါးဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅ ဦးနှင့် အရန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သုံးဦးတို့ ပါဝင်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်းနှင့် ဦးဟန်သာမြင့်တို့သည် အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်ပြီး ဦးအုန်းကြိုင်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကျော်ခင်၊ ဦးညီပု၊ မန်းဂျော်နီ၊ ဦးအောင်စိုး၊ ဦးဖြိုးမင်းသိန်းတို့သည် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည်။ အရန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှာ ဦးဇိုဘွဲ၊ ဒေါ်ဖြူဖြူ သင်းနှင့် ဒေါက်တာမျိုးညွန့်တို့ဖြစ်သည်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ခြောက်ဦးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လေးဦးသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးသည် ပြည်ထောင်စုလွှတ်တော် ကော်မရှင် အဖွဲ့ဝင်ဖြစ်သည်။ အစိုးရနှင့် လွှတ်တော်တာဝန်များမှ ကင်းလွတ်သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် လေးဦးသာ ရှိသည်။ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်နှင့် ဦးကျော်ခင်တို့ဖြစ်သည်။ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅ ဦး အနက် အဖွဲ့ဝင် ၁၁ ဦးသည် အစိုးရများ၊ လွှတ်တော်များ၏ တာဝန်များ ရှိနေသည့်အလျောက် ပါတီတည်ဆောက်ရေး၊ ပါတီ စည်းရုံးရေးနှင့် ပါတီစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် လစ်ဟာမှုများ ရှိနေနိုင်သည်။ သို့ဖြစ်၍ ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ကို အစိုးရတာဝန်၊ လွှတ်တော်တာဝန်များ မရှိသည့် ဗဟိုကော်မတီဝင်များနှင့် တိုးချဲ့ဖွဲ့စည်းနိုင်ရေး စဉ်းစားသင့်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံအရ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိသည့်အတွက် ဗဟိုကော်မတီ အနေဖြင့် တိုးချဲ့ဖွဲ့စည်းနိုင်မည် ဖြစ်သည်။ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ အပိုဒ် (၈) ပါ မှတ်ချက်အရ ဗဟိုကော်မတီ အနေဖြင့် ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို တိုးချဲ့နိုင်သောကြောင့် နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပမည့် ပထမအကြိမ် ဗဟိုကော်မတီ၊ ဆဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ထည့်သွင်းသုံးသပ်၊ ဆုံးဖြတ် ဖော်ဆောင်နိုင်မည်ဆိုလျှင် ပိုမိုကြောင်းကျိုး ဆီလျော်မည်ဖြစ်သည်။ဖြစ်နိုင်ခြေ အလွန်နည်းပါးသော်လည်း မရေးမဖြစ်၍ ရေးရပါဦးမည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက် ကျင်းပမည့် ပထမအကြိမ် ဗဟိုကော်မတီ၊ ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံပါ မှတ်ချက်နှင့် အညီ အတွင်းရေးမှူး အဖွဲ့ဝင်များ အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို ဒီမိုကရေစီနည်းကျ လျှို့ဝှက် ဆန္ဒပြုလျက် ပြန်လည်ရွေးချယ်နိုင်မည်ဆိုလျှင် အကောင်းဆုံး ဖြစ်နိုင်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသကဲ့သို့ ပါတီ၏ ရှေ့ခရီးအတွက် ခေါင်းဆောင်များကိုလည်း ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ပြီး ဖြစ်နိုင်သည်။ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို အစိုးရနှင့် လွှတ်တော်တာဝန်များ ကင်းလွတ်နေသူများနှင့် တိုးချဲ့ဖွဲ့စည်းနိုင်ရေးကို ဗဟိုကော်မတီ အနေဖြင့် အလေးအနက် သုံးသပ်၊ ဆုံးဖြတ်သင့်သည်ဟု တိုက်တွန်းလိုပါသည်။ပါတီဗဟိုကော်မတီကို လေ့လာသုံးသပ်ကြည့်မည် ဆိုလျှင် ဗဟိုကော်မတီဝင် စုစုပေါင်း၏ သုံးပုံနှစ်ပုံသည် လွှတ်တော်တာဝန်များကို ယူထားကြသည်။ ကျန်ဗဟိုကော်မတီဝင် သုံးပုံတစ်ပုံကသာ ပါတီတာဝန်များကို ထမ်းဆောင်နေရသဖြင့် ပါတီလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်နှင့်အား မမျှသည့် အနေအထားများကို ရင်ဆိုင်နေရသည်ဟု သုံးသပ်နိုင်သည်။ ကရင်ပြည်နယ်တွင် ဗဟိုကော်မတီ ခြောက်ဦးရှိပြီး ဗဟိုကော်မတီဝင် အားလုံးသည် အစိုးရနှင့် လွှတ်တော်တာဝန်များကို ထမ်းဆောင်နေရသည်။ ကယားပြည်နယ်တွင်လည်း ဗဟိုကော်မတီဝင် သုံးဦးစလုံးသည် အစိုးရနှင့် လွှတ်တော်လုပ်ငန်းများထဲ ပါဝင်နေရသည်။ အလားတူ တနင်္သာရီတိုင်း ဒေသကြီးတွင် ပါတီဗဟိုကော်မတီဝင် ခြောက်ဦးအနက် တစ်ဦးသာ လွှတ်တော်တာဝန်၊ အစိုးရတာဝန်များမှ ကင်းလွတ်နေသည်။ မကွေးတိုင်းဒေသကြီးတွင် ဗဟိုကော်မတီဝင် ရှစ်ဦးအနက် ခြောက်ဦးသည် အစိုးရနှင့် လွှတ်တော်တာဝန်များကို ထမ်းဆောင်နေရသည်။ မွန်ပြည်နယ်တွင် ဗဟိုကော်မတီ ရှစ်ဦးရှိပြီး တစ်ဦးသာ ပါတီတာဝန်ကို သီးသန့် ထမ်းဆောင်နိုင်သည်ကို တွေ့ရှိရသည်။နိုဝင်ဘာ ၁၂ ရက် ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီ တိုးချဲ့ဖွဲ့စည်းရေးကိုလည်း စဉ်းစားသုံးသပ်သင့်သည်။ အစိုးရနှင့် လွှတ်တော်တာဝန်များမှ ကင်းလွတ်သော အရန်ဗဟိုကော်မတီဝင်များကို ဒီမိုကရေစီနည်းကျ ဆန္ဒမဲပေးလျက် ဗဟိုကော်မတီဝင်များအဖြစ် တိုးမြှင့်တာဝန်ပေးအပ်နိုင်ရေး ဝိုင်းဝန်း စဉ်းစားသင့်သည်။ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်များကို ဗဟိုကော်မတီ တိုးချဲ့ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းကျ ပါဝင်နိုင်ရေး စီမံချက်ချမှတ် လမ်းဖွင့် ဆောင်ရွက်သင့်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ လွှတ်တော်များကို ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို မျက်နှာမူလျက် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းကျောင်းနိုင်ရေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပါတီဗဟိုကော်မတီဝင်များ ဦးဆောင်သည့် ကော်မတီများအား သီးသန့် တာဝန်ပေးနိုင်မည်ဆိုလျှင် ပိုမိုအားကောင်း မောင်းသန်မည် ဖြစ်သည်။ ပါတီ အနေဖြင့် အစိုးရများနှင့် လွှတ်တော်များကို စောင့်ကြည့်ခြင်းသည် ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်၊ သြဇာလွှမ်းမိုးခြင်း မဟုတ်၊ အောက်ခြေ မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒနှင့် အသံကို ထင်ဟပ်၊ ထိန်းကျောင်း၊ အကြံပြုခြင်းသာ ဖြစ်သည့်အလျောက် ဒီမိုကရေစီ အပြောင်းအလဲအတွက် မြင့်မြင့်မားမား အထောက်အကူပြုနိုင်သည်ဟု ယုံကြည်မိသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ဥက္ကဋ္ဌ ဦးအောင်ကြီး၊ ဒုတိယဥက္ကဋ္ဌ သူရဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့က ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ပါတီ စတင်တည်ထောင်သူများအနက် နာယက သူရဦးတင်ဦးနှင့် ပါတီဥက္ကဋ္ဌဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးသာ နိုင်ငံရေးထဲမှာ ကျန်ရစ်နေဆဲ ဖြစ်ပါသည်။ ပါတီ၏သက်တမ်း ၂၈ နှစ်တာကာလတွင် နိုင်ငံရေးအရ ရုန်းကန်ခဲ့၊ စွန့်လွှတ်ခဲ့၊ ပေးဆပ်ခဲ့ရသည့် မှတ်တမ်းများစွာ ရှိခဲ့ပြီး ဖြစ်သည်။ ဒီချုပ်ပါတီ ဗဟိုကော်မတီ အနေဖြင့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပါတီ၏ မှတ်တမ်းများကို စနစ်တကျ ဆန်းစစ်သုံးသပ်နိုင်ရေး ရှေးရှုသင့်သည့်အပြင် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အားနည်းချက်များ၊ လိုအပ်ချက်များ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အကျပ်တည်းများကို စနစ်တကျ ဆန်းစစ်သုံးသပ်ကာ အကြံပြု အစီရင်ခံနိုင်မည်ဆိုလျှင် သာလွန်ကောင်းမွန်မည် ဖြစ်သည်။ဒီချုပ်ဗဟိုကော်မတီသည် လာမည့်နိုင်ငံရေး ရှေ့ခရီးတွင် ပါတီ၏ လမ်းကြောင်းကို ထင်ထင်ရှားရှား သတ်မှတ်ရန်လည်း တာဝန်ရှိမည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရေတိုနှင့် ရေရှည်နိုင်ငံရေး စီမံချက်များ၊ ဗျူဟာများ၊ ရှေ့လုပ်ငန်းစဉ်များကို ဗဟိုကော်မတီ အနေဖြင့် ဆွေးနွေး၊ ဆုံးဖြတ်ကာ ချမှတ်နိုင်ရန် သော့ချက်ကျမည် ဖြစ်သည်။ နိုင်ငံရေး စီမံချက်များ၊ ဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များ မရှင်းမလင်း ဖြစ်နေမည် ဆိုလျှင် ကမ်းမမြင် လမ်းမမြင်၊ သံလိုက်အိမ်မြှောင်မပါ ပင်လယ်ထဲတွင် ရွက်လွှင့်သည်နှင့်အလား သဏ္ဌာန်တူနေနိုင်သည့် အားလျော်စွာ မြန်မာ့နိုင်ငံရေး ရှေ့ခရီးသည် ရတတ်မအေးစရာ ဖြစ်လာနိုင်ဖွယ် ရှိနေသည်။အချုပ်အားဖြင့်ဆိုရသော် လာမည့် နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပထမအကြိမ် ဗဟိုကော်မတီ၊ ဆဋ္ဌမမြောက် ပုံမှန်အစည်းအဝေး၌ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ပါတီ ဗဟိုကော်မတီကို အစိုးရနှင့် လွှတ်တော်တာဝန်များမှ ကင်းလွတ်သူများနှင့် ဒီမိုကရေစီနည်းကျ တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစိုးရနှင့် လွှတ်တော်တာဝန် ကင်းလွတ်သည့် ဗဟိုကော်မတီဝင်များကို ဒီမိုကရေစီနည်းကျ ရွေးချယ်လျက် တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပါတီ အလုပ်အမှုဆောင် အဖွဲ့များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဗဟိုကော်မတီများ အကြား စနစ်တကျ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီများ ပူးပေါင်းပါဝင်သည့် ကော်မတီများသည် အစိုးရများ၊ လွှတ်တော်များ၏ ဆောင်ရွက်ချက်များကို ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံနှင့် ညီ၊ မညီ စောင့်ကြည့်ထိန်းကျောင်းနိုင်ရေး၊ ဒီချုပ်ပါတီ၏ ရေတိုနှင့်ရေရှည် နိုင်ငံရေး စီမံချက်များ၊ လုပ်ငန်းစဉ်များ၊ ဗျူဟာများ ချမှတ်နိုင်ရေးတို့ကို အကြိတ်အနယ် ဆွေးနွေး၊ ဆုံးဖြတ် အဖြေရှာသင့်ပါကြောင်း တိုက်တွန်း ဆော်သြလိုက်ရပါသည်။










