နိုင်ငံတစ်နိုင်ငံ တိုးတက်စေဖို့နဲ့ နိုင်ငံသားတွေရဲ့ဘဝအရည်အသွေးတွေ တိုးတက် မြင့်မားလာနိုင်စေဖို့က ခိုင်မာတဲ့ ဖွဲ့စည်းအုပ်ချုပ်မှု အခြေခံဥပဒေရှိဖို့ရယ် သက်ဆိုင်ရာ ကဏ္ဍအလိုက် စနစ်တကျ ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ ခိုင်ခိုင်မာမာရှိနေဖို့ လိုအပ်တယ်။ စာရေးသူတို့ နိုင်ငံက အင်္ဂလိပ်လက်အောက်ကို နှစ်ပေါင်းများစွာ ကျရောက်ခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာမှ လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေးရပြီးပြန်တော့ ပင်လုံစာချုပ်အရ ၁၉၅၈ ခုနှစ်မှာ ဖက်ဒရယ်စနစ်နဲ့ နိုင်ငံကို အုပ်ချုပ်ကြရမှာဖြစ်ပေမယ့် ဖက်ဒရယ်စနစ်က ပြည်နယ်ခွဲထွက်တဲ့ သဘောအဓိပ္ပာယ် ဖွင့်ခဲ့ကြတာကြောင့် ဖက်ဒရယ်စနစ်ကို မကျင့်သုံးတာကြောင့် ပြည်တွင်းစစ်တွေ ဖြစ်ပွားလာခဲ့တယ်။
အမှန်ကတော့ ပြည်တွင်းစစ်ဆိုတာ မိမိနိုင်ငံသားတွေ အချင်းချင်း တိုက်နေခိုက်နေကြတဲ့ စစ်ပွဲတွေသာ ဖြစ်ပါတယ်။ ဖြစ်ပွားခဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲတွေကနေ စစ်ဘေးဒုက္ခသည်တွေ များလာခဲ့တယ်။ ဒီအထဲ တစ်ဖက်နဲ့တစ်ဖက် ရန်လိုမုန်းပွား မုန်းတီးမှုတွေ များလာပြီး မြေမြှုပ်မှိုင်းတွေ ထောင်လာကြရာကနေ ခြေပြတ်လက်ပြတ် ကိုယ်အင်္ဂါ မသန်စွမ်းသူတွေ များလာခဲ့တယ်။ အဆိုးရွားဆုံးကတော့ နိုင်ငံမဖွံ့ဖြိုး မတိုးတက်လာစေတာနဲ့ နိုင်ငံသားတွေရဲ့ဘ၀ အရည်အသွေးတွေ နိမ့်ကျစေခဲ့တာဖြစ်တယ်။
ပြည်တွင်းစစ်တွေကြောင့် နိုင်ငံကို ယာယီထိန်းသိမ်းပေးဖို့ စစ်တပ်ကို အုပ်ချုပ်စေတာ တစ်သွေးတစ်သံ တစ်မိန့်ပုံစံနဲ့ စစ်အာဏာရှင်ပုံစံ လွဲမှားတဲ့စနစ်ကို ကျင့်သုံးလာရာကနေ ဥပဒေတွေက ဥပဒေတခြား၊ လုပ်ဆောင်မှုကတခြား ဖြစ်လာစေခဲ့တယ်။ ဒီအထဲအတ္တများတဲ့ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေကလည်း ခရိုနီလို့ခေါ်နေကြတဲ့ ပေါင်းစားသူတွေအဖြစ် အာဏာရှင်တွေနဲ့ ပေါင်းစား ပင်းစားလာခဲ့ကြပါတယ်။ယခင် ပုဂ္ဂိုလ်လက်ထက်က Good Governance နဲ့ Clean Government လို့ ငြာသံပေးပြီး နိုင်ငံကို ငါးနှစ်တာ အုပ်ချုပ်ခဲ့ရာမှာ သူများနိုင်ငံတွေက Good Governance နဲ့ Clean Government လို့သာသုံးတာကို သူက စေတနာပိုတယ်ထင်ပါရဲ့ Clean Government လို့ သုံးခဲ့ရာမှာ သန့်ရှင်းတဲ့ အစိုးရဖြစ်မလာဘဲ အဲဒီရဲ့ ဆန့်ကျင်ဘက် ဖြစ်လာခဲ့တယ်။
စာရေးသူတို့နိုင်ငံက နှစ်ပေါင်း ၅၀ ကျော် ကာလအထိ စစ်အာဏာရှင်ပုံစံနဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှု (Mismanagement) ကြောင့် နေရာများစွာတို့မှာ ဥပဒေကင်းမဲ့မှု (Lawless) ဖြစ်လာခဲ့တယ်။ အခုလို Lawless ဖြစ်လာရတဲ့ အကြောင်းရင်းက အုပ်ချုပ်သူ တစ်နည်းအားဖြင့် အာဏာကို ပိုင်စိုးထားသူတွေက ဥပဒေအထက်မှာနေပြီး ဥပဒေကို ပေယျာလကန်ပြုခဲ့ကြလို့ ဖြစ်တယ်။ အတိတ်ကာလမှာ တစ်ဦးသော သူကနေ စစ်အာဏာရှင်ကို နိုင်ငံကို ကြာရှည်စွာ အုပ်ချုပ်နိုင်စေဖို့ မပေးသင့်တဲ့ နည်းလမ်း သုံးသွယ်ဖြစ်တဲ့ (၁) အကြောက်တရား (Fear)၊ (၂) ဆင်းရဲတွင်း နက်ရှိုင်းစေမှု (Poverty) နဲ့ (၃) ပညာမဲ့စေမှု (Ignorance) ကိုကျင့်သုံးစေခဲ့ရာမှာ ကြောက်စိတ် လွှမ်းမိုးနေခဲ့တာကြောင့် ပါးစပ်ပေါက်တွေ ပိတ်ထားခံကြရတယ်။
ဒါကြောင့်လည်း စာရေးသူရဲ့ ဆောင်းပါးတွေမှာ သူတို့ရဲ့ အမှားလုပ်ရပ်တွေအတွက် မိမိနိုင်ငံသားတွေကို ပြန်လည် တောင်းပန်ကြဖို့နဲ့ မိမိတို့ မတရားရယူထားတာတွေကို ဆင်းရဲတွင်း နက်နေတဲ့ မိမိနိုင်ငံသားတွေအတွက် ပြန်လည် လှူဒါန်းပေးခဲ့ကြဖို့ကို ထည့်ရေးခဲ့တယ်။ အတိတ်ကာလမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည် ဆန်းစစ်ကြည့်ရင် ဥပဒေဆိုတာ သူတို့ပါးစပ်က ထွက်လာတာတွေက ဥပဒေ ဖြစ်သွားတယ်။ ဥပဒေက မည်သို့ပင် ဆိုစေကာမူဆိုတဲ့ စကားလုံးကိုသုံးပြီး လွဲမှားတဲ့ လုပ်ဆောင်ချက်တွေ လုပ်ခဲ့ကြတယ်။ ငွေပေး တရားနိုင်ဆိုတာလည်း ပေါ်လာခဲ့တယ်။ ကိုယ့်ကျိုးရှာမှုတွေ များလာ၊ အကျင့်ပျက် ခြစားမှုတွေ များလာစေရာကနေ တရားရေး မဏ္ဍိုင်အပါအဝင် နေရာတိုင်းမှာ ဥပဒေကင်းမဲ့လာခဲ့တယ်။
ခေါင်းဆောင်လုပ်သူက ဘာပဲလုပ်လုပ် စတင်လုပ်ဆောင်ပြမှုဆိုတဲ့ Initiative သဘောတရားကို ကျင့်သုံးရမှာဖြစ်ပေမယ့် အစကနဦး မိန့်ခွန်းမှာ Bottom-Up-Initiative ဆိုတာသုံးတယ်။ သဘောက အောက်ခြေကနေ စတင်လုပ်ဆောင်ကြရမယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ အမှန်က ခေါင်းဆောင်လုပ်သူက စတင်လုပ်ဆောင်ပြရမှာ ဖြစ်တယ်။ ခေါင်းဆောင်က နေရာတိုင်းမှာ သူကိုယ်တိုင်က ဥပဒေအထက်မှာ မနေဘဲ ဥပဒေတွေကို လေးစားလိုက်နာတဲ့ စံပြ ပုဂ္ဂိုလ်အဖြစ် ရပ်တည်ပြရမှာ ဖြစ်တယ်။ ခေါင်းဆောင်က အရာရာတိုင်းမှာ မိမိနိုင်ငံသားတွေကို စံနမူနာပြဖြစ်အောင် လုပ်ဆောင်ပြရမှာ ဖြစ်ပေမယ့် သူတို့ ကိုယ်တိုင်က ဥပဒေ ချိုးဖောက်သူတစ်ဦး ဖြစ်နေရင် ဒီမိုကရေစီခေတ်မှာ မိမိနိုင်ငံသားတွေရဲ့ ယုံကြည်မှု၊ ကိုးစားမှုရရှိနိုင်မှာ မဟုတ်ပါ။ ဒီကနေ့ခေတ်မှာ ဒီမိုကရေစီကို စစ်စစ်မှန်မှန် အသုံးပြုလာကြရာမှာ နိုင်ငံအုပ်ချုပ်သူ အပါအဝင် တရားဥပဒေတွေရဲ့ အမှားတွေကို နိုင်ငံသားတစ်ဦးချင်းမှာ ထောက်ပြပိုင်ခွင့် ရှိလာနေပြီဖြစ်တယ်။
ဒါကို အများပြည်သူတွေအနေနဲ့ အားကိုးရာဖြစ်စေမယ့် LawLab ကဏ္ဍသစ်တစ်ခုကို DVB ကနေလာမယ့် အောက်တိုဘာ လဆန်းကနေ စတင်ပြီး အပတ်စဉ် ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီကဏ္ဍသစ် စတင်မယ်ဆိုတာကို အသိပေးတဲ့ အခမ်းအနားတစ်ခုကို ၃-၉-၂၀၁၆ စနေနေ့က ပါရမီဟိုတယ်မှာ ပြုလုပ်ခဲ့တာကို စာရေးသူလည်း တက်ရောက်ခွင့် ရခဲ့ပါတယ်။ ကဏ္ဍစုံမျာ အများပြည်သူတွေအတွက် အကျိုးပြုနိုင်စေမယ့် ဥပဒေတွေကို ပြင်ဆင်မှု၊ အသစ်ရေးဆွဲမှုနဲ ဖြည့်စွက်မှုတွေကို လိုအပ်သလို ထောက်ပြပေးနိုင်စေမယ့် အစီအစဉ်ဖြစ်လို့ အမှန်တရားကို လိုလားပြီး နိုင်ငံတိုးတက်စေလိုတဲ့ ဆန္ဒမွန်တွေ ရှိနေသူတိုင်းက လက်ကလမ်း ကြိုဆိုကြရမှာ ဖြစ်ပါတယ်။
အတိတ်ကာလမှာလို ဥပဒေက ဥပဒေအတိုင်းရှိနေပြီး ပါးစပ်ကနေ ထွက်တာတွေက ဥပဒေဖြစ်စေတာက Rule of Law လို့ခေါ်တဲ့ ဥပဒေလွှမ်းမိုးမှုကို မျက်ကွယ်ပြုခဲ့ကြလို့ ဖြစ်ပါတယ်။
စာရေးသူတို့နိုင်ငံမှာ သတင်းစာ၊ ဂျာနယ်တွေ အတွင်းမှာ နေ့စဉ်မပြတ်ပါရှိနေတဲ့ သတင်းက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမှုသတင်းတွေ အပါအဝင် တခြားရာဇဝတ်မှုတွေ တွေ့ရတယ်။ ယခင်အစိုးရ လက်ထက် အာဏာလွှဲပြောင်းခါနီးမှာ အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တဲ့ ရာဇဝတ်သား ၆၀၀၀ ကျော်ကို သုံးသပ်ကြည့်ရင် မလုပ်သင့်တာကို လုပ်လိုက်တာလို့ အများက ရှုမြင် သုံးသပ်နေကြတယ်။ နိုင်ငံခေါင်းဆောင် ဖြစ်လာရင် ငါ့မှာ လုပ်ပိုင်ခွင့် အာဏာရှိတယ်။ အဲဒီအာဏာကို တလွဲအသုံးချပြီး ငါလုပ်ချင်ရာ လုပ်မယ်ဆိုတာက အာဏာရှင်ဆန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒီမိုကရေစီ ခေတ်မှာတော့ မှားတာကို ပြင်ပေးကြရမယ်။ မပါသင့်၊ မရှိသင့်တဲ့ ဥပဒေကို ဖယ်ရှားပစ်ရမယ်။ အမှားတွေပြင်ပါမှ အမှန်တွေဖြစ်လာစေမှာ ဖြစ်တယ်။
ဥပဒေကြမ်း အဆင့်မှာကတည်းက စာရေးသူ ထောက်ပြခဲ့တဲ့ ဥပဒေတစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ Securities Exchange Law ဖြစ်လာတယ်။ Securities ကို ၂၀၀၂ ဥပဒေဝေါဟာရ အဘိဓာန်စာမျက်နှာ ၂၅၇ မှာ ငွေချေး သက်သေခံ လက်မှတ်များလို့ အဓိပ္ပာယ် ဖွင့်ထားပါတယ်။ အဲဒီ Securities ရဲ့အောက်မှာ Equity နဲ့ Debt နှစ်ခုပါတာဖြစ်ပြီး Equity က ထုတ်ရောင်းတဲ့ စတော့တွေ ရောင်းဝယ်တဲ့ ဈေးကွက်ဖြစ်ပြီး ငွေချေးတဲ့ လုပ်ငန်းမဟုတ်ပါ။ မိမိဝယ်ယူတဲ့ စာရင်းဝင် အများပိုင်ကုမ္ပဏီရဲ့ လုပ်ဆောင်ချက် ကောင်းရင်ကောင်းသလို စတော့ဈေးတွေ တက်လာရင် စတော့ ဝယ်ယူထားသူတွေအတွက် အကျိုးအမြတ် ရရှိစေတာဖြစ်တယ်။ စာရင်းဝင် အများပိုင်ကုမ္ပဏီဖြစ်ဖို့ အများပိုင်ကုမ္ပဏီတွေက SEC လို့ခေါ်တဲ့ Securities Exchange Commission ကိုဖြတ်ရတယ်။ SEC ကနေ အများပိုင်ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်တွေ၊ နှစ်စဉ် မိမိရဲ့ရှယ်ယာ ဝယ်ထားသူတွေ အတွက် Dividend လို့ခေါ်တဲ့ အစုပေါ် အမြတ်ဘယ်လောက် ခွဲဝေပေးနိုင်သလဲ ဆိုတာတွေ အပါအဝင် အခြေအနေအားလုံးကို လေ့လာသုံးသပ်ရတာ ဖြစ်ပါတယ်။
Debt က Bond လို့ခေါ်တဲ့ ငွေချေးစာချုပ်တွေနဲ့ ငွေချေးငှားတဲ့ ဈေးကွက် ဖြစ်ပါတယ်။ ငွေချေးငှားထားတဲ့ ပမာဏအလိုက် အတိုးငွေ Interest တွေရကြတယ်။ ခြုံပြီးဆိုရရင် Securities ကို ဥပဒေ ထုတ်ပြန်တဲ့အခါ ငွေကြေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေဆို တော်သေးတယ်။ အခုတော့ ငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်ရေးလို့ ဥပဒေအမည် ထုတ်ပြန်ထားတာ မှားနေတာကို သက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးကို တင်ပြခဲ့ဖူးတယ်။ သူကလည်း မှားမှန်းသိကြောင်း ဝန်ခံခဲ့တယ်။ သို့သော် ဒီကနေ့အထိ မပြင်နိုင်ပါ။ ဒါကြောင့် ဥပဒေအမှားတွေကို ပြင်ဖို့ Law Lab ဓာတ်ခွဲခန်း အဖြေ လိုအပ်လာပြီဖြစ်တယ်။
အခုအခါ Law Lab ကနေ မှားနေတဲ့ ဥပဒေတွေ ဥပဒေမဲ့နေတာတွေကို Lawlav ဓာတ်ခွဲခန်းကနေ အဖြေမှန်ထွက်လာအောင် ဓာတ်ခွဲပေးနိုင်တော့မှာဖြစ်လို့ မှန်ကန်တဲ့ ဥပဒေကို နိုင်ငံသားတစ်ဦးချင်းက လိုက်နာပြီး အုပ်ချုပ်သူများ အပါအဝင် မည်သူကမျှ ဥပဒေ အထက်တွင်မရှိဘဲ တန်းတူညီမျှ ဥပဒေအခွင့်အရေးကို ခံစားကြရမှာဖြစ်လို့ ဝမ်းပန်းတသာ ကြိုဆိုရမှာဖြစ်ပါတယ်။
မကြာမီ ပေါ်ပေါက်လာတော့မယ့် Law Lab က ဥပဒေမဲ့နေတဲ့ Lawless ဖြစ်နေတဲ့ အရာမှန်သမျှကို အဖြေမှန်ထွက်အောင် ဓာတ်ခွဲပေးတော့မှာဖြစ်လို့ နိုင်ငံသားတိုင်းက ကြိုဆိုနေကြမှာ ဖြစ်တယ်။ စနစ်တကျ ဓာတ်ခွဲပေးနိုင်ရင်တော့ ဥပဒေတွေက အမှန်တွေ ဖြစ်လာရင် နိုင်ငံသားတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေအဖြစ် ပေါ်ပေါက်လာတော့မှာ ဖြစ်လို့ ဝမ်းပန်းတသာ ကြိုဆိုရမှာ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။










