ကောက်ဦးပေါ်စ ရာသီဖြစ်၏။ ကျွန်တော်တို့ငယ်စဉ် ရွာတွေမှာ အလှူအတန်းလှိုင်သော ကာလများပါပေ။ အလှူ၌ တိတ်ဆိတ်ခြောက်သွေ့မှု အတွက် နေရာမရှိ။ အိုးစည် ဗုံမောင်းသံတို့ဖြင့် ဆူညံစိုပြည်နေတတ်၏။ပိုးပုဆိုးရယ်နှင့် ဗုံကြိုးလွယ်ရွှေဗုံသည် လူတစ်ရှဉ်းရယ်မွေးတတ်လေခြင်း။
ကုသိုလ်ရေး ကုသိုလ်ပွဲ၌ တက်ကြွခြင်း၊ စိတ်အားထက်သန်ခြင်းများ ဖြစ်ပေါ်စေရန် ရှေးမြန်မာကြီးများက အတီး၊ အမှုတ်၊ အက အခုန်များကို ထည့်သွင်းပေးထားခဲ့ကြ၏။ ရယ်ဒီမိတ် တီးလုံးများဖြင့် သူတစ်ပါးနား ဒုက္ခရောက်စေရန် ရည်ရွယ် ထည့်သွင်းခဲ့သည် မဟုတ်ပါ။
“အားတိုင်းကို ဖွင့်အော်နေတော့တာပဲကွာ” ဟု အဆဲခံရသည့် အသံချဲ့စက်မျိုးတွေ မဟုတ်ပါ။ ကုသိုလ်ပွဲဝန်းကျင် တစ်ဝိုက်မှာသာ ပဲ့တင်ထပ်၍ ကြားရတတ်သော စိတ်အားတက်ကြွဖွယ် အသံမျိုးဖြစ်၏။ ကျွန်တော့် အဘိုးဦးအောင်သာသည် တေးဆိုသန်သူ တစ်ဦးဖြစ်ပြီး မဟာဂီတကို လက်မလွှတ်သူ ဖြစ်၏။ လွတ်လပ်ရေးခေတ် ဆိုးပေ့ဆိုသည့်နယ်မှာ သူကြီးလုပ်ခဲ့သူ။
‘နှစ်လုံးပြူးလေးထမ်းပြီး ဂန္ဓာမာတောင်ကို လေချွန်တတ်တဲ့ သူကြီး’ ဟုဆိုကြ၏။ ထိုသူကြီးမှာ မယား ၁၄ ယောက်ရှိပါ၏။ နှလုံးသားအလိုက်သူပါပဲ။ ဦးအောင်သာသည် ကျွန်တော့်အမေ၏ အဖေဖြစ်၏။ ကျွန်တော်၏ နောက်ထပ် အဘိုးတစ်ယောက်မှာ ဦးဘအုန်းဖြစ်၏။ ဦးဘအုန်းသည် တောဆိုင်းဆရာကြီး တစ်ဦးဖြစ်၏။ အဘွားကတော့ တောမင်းသမီး မဟုတ်ပါ။ အဘွားဒေါ်စိန်သည် ဘုတလင်သူဖြစ်ပြီး စာရေးဆရာ ဦးသိန်းဖေမြင့်နှင့် ဝမ်းကွဲမောင်နှမ တော်စပ်သည်ဟု သိရပါ၏။ အဘိုးဦးဘအုန်းက ရွာမှာတင်မက ရွာနီးချုပ်စပ်တွေပါ ဆိုင်းလိုက်တီးလေ့ရှိ၏။ အဖေငယ်စဉ်အခါက အဖေ့ကို ချီပိုးခေါ်ဆောင်သွားကာ ဆိုင်းတီး၏။ ကျွန်တော့်ကို မွေးပြီးသောအခါ ကျွန်တော့်ကို ပိုးကာ ဆိုင်းတီးလိုက်တတ်၏။ အသက်အရွယ်ကြီးရင့်လာပြီ ဖြစ်ရကား လက်သံသိပ်မပြောင်ရှာတော့။“တို့အရွယ်တော့ ဗေထိလောက်သာ တတ်နိုင်တော့တာပါပဲ” ဟု အဘိုးကညည်း၏။ အသက်ကြီးလာလျှင် စိတ်သွားတိုင်း ကိုယ်မပါတော့ဟု ဆိုလိုပုံရပါ၏။ သူ့တပည့် ကျွန်တော့် ဦးလေးအမြွှာနှစ်ယောက် ဦးကျော်နှင့် ဦးမော်တို့ကို ပိုးပုဆိုးဆင်တူ ဝတ်စေ၍ ဒိုးပတ်လုံးတူ လွယ်ကာ တီးစေကစေ၏။ များသောအားဖြင့် သီတင်းကျွတ်၊ တန်ဆောင်မုန်း ရွာလယ်ဘုရားပွဲများမှာ ဖြစ်၏။ ပိုးပုဆိုးနှင့် ဒိုးပတ်လွယ်ကာ အားရပါးရတီးခတ်နေသော ဦးလေးညီနောင် နှစ်ယောက်ကို သတိရနေမိ၏။ရှုလိုက်ကြနော်မျှော်လိုက်ကြစမ်း၊တိမ်ယံမှာဗုံသံလှိမ့်တယ်မိုးနိမ့်ကမန်း။
ဟင်းကောင်းကျွေးကောင်း ရနံ့တို့ သင်းပျံ့နေသော ရွာရိုး တစ်လျှောက်ဝယ် ဦးကျော်နှင့် ဦးမော်တို့၏ ဒိုးပတ်သံသည် လွင့်၍လွင်၍ မြည်းဟီးနေခဲ့သည်ကို လွမ်းဆွတ်မိ၏။ အဖေကလည်း အဖြည့်ဒိုးလွယ်ကာ ညီတွေ နှင့်အတူ လိုက်တီး၏။ သူတို့ ညီအစ်ကိုများ၏ အသွင်အပြင်သည် ကျွန်တော့်ဘ၀ တစ်သက်တာတွင် ရှုမက်၍ ဆုံးတော့မည် မဟုတ်ပါ။ သူတို့ညီအစ်ကိုများ၏ ဒိုးပတ်သံသည် တိမ်ယံထဲ လူးလှိမ့်မြည်ဟီးနေသည်ဟု ထင်မိမြင်မိ ခံစားမိ၏။ မြင့်မားသော ကောင်းကင်မိုးသည်ပင် နိမ့်ပါးလာလေပြီဟု ခံစားရတတ်သော အချိန်များပါပေ။တီးလိုက်ပါတဲ့ ဗုံကြီးသံထက်ကောင်းကင် ဝေဟင်စွန်းမှာလွမ်းစေဖို့ ဖန်လေလေ့သိကြားမင်းရယ်တဲ့ ဘုံဗိမာန်အယူခံ ဗုံသံတက်တယ်မိုးကျွက်ကျွက် ညံလေလေ့။
ယခုတော့ အဘိုးတို့ သီဆိုခဲ့သော ကောက်ဦးပေါ်ချိန် သီချင်းများ၊ အဘိုးတို့ တီးခတ်ခဲ့သော ဗုံသံများ၊ အဖေ၊ ဦးလေးတို့ တီးခတ်ခဲ့သော ဒိုးပတ်သံများသည် ထက်ကောင်းကင် ဝေဟင်လမ်းမှာသာ လွမ်းစေဖန်ရင်း ပျောက်ကွယ်သွားခဲ့ကြပါပြီ။
“ကြာပြီကွ။ သီးနှံကပျက်၊ စိုက်ပျိုးရတာလည်း စရိတ်က ကြီးသမို့လား။ စပါးသီးနှံပေါ်တော့လည်း ဈေးကမကောင်း၊ ဒုက္ခပဲ။ ကောက်ဦးပေါ် ရွာလယ်ဘုရားပွဲတောင် အတီးအမှုတ် အကအခုန် မပါတော့ဘူး။ ကာလပေါ်သီချင်း ဒိုးဒိုးဒန့်ဒန့်တွေ ဖွင့်ပြီးတော့ အကျဉ်းရုံးရ၊ ဆွမ်းတော်ကြီး ကပ်ရရုံနဲ့ ပြီးတော့တာပါပဲ” ဟု ဒိုးပတ်သမားဘဝမှ အငြိမ်းစားယူထားသော ဦးမော်ကပြော၏။
“ကိုရွှေနဲ့ ကိုကျော်တို့ကို သတိရတယ်ကွာ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆို တို့ညီအစ်ကိုတစ်တွေ . .” ဟု ကွယ်လွန်သူ အဖေနှင့် ဦးကျော်တို့ကို တမ်းတရှာ၏။ သူတို့ ငယ်စဉ်ကလို တောင်သူရိုးရိုး လုပ်ကိုင်စား၍ ရသောခေတ်လည်း မဟုတ်တော့ပါ။
“လယ်လုပ်တာချင်းအတူတူ ထိုင်းမှာ လယ်လုပ်တာ၊ သူရင်းငှားလုပ်တာက ပိုက်ဆံ ပိုရသေးတယ်” ဟုဆိုကာ ဦးမော်၏သား ကျွန်တော့်ညီများ ထိုင်းသို့ ထွက်ခွာသွားကြ၏။ တစ်ခါတလေ ဖခင်ထံ ငွေပို့ကြသည်ဟု ဆိုပါ၏။ ဦးကျော်၏ သမီးများသည်လည်း အထည်ချုပ်၊ ပုစွန်ခွာ၊ ထိုင်းမှာပင် အလုပ်ဖြစ်နေကြ၏။ အထည်ချုပ်သော ညီမများကို “မြန်မာပြည် ပြန်လာကြပါလား။ ဒီဇိုင်းလေး ဘာလေးသင်ပြီး အထည်ချုပ်ကြပါလား” ဟု အကြံပေးကြည့်ရာ ကက်ကက်လန်လန် ရန်စွာခံရလေ၏။ ရွာမှာ ကောက်စိုက်သမ ပြန်လုပ်ရမှာလား၊ တောသူတောင်သား လယ်သမားတွေအတွက် မက်လောက်စရာ ဘာမှမရှိသေးဘူးဟု တုံ့ပြန်ကြ၏။
အစ်မတစ်ယောက်က “နင်လည်း ရွာပြန်လယ်လုပ်လေ။ ကလောင်ကိုင်မနေနဲ့။ အဲဒါဆို ငါတို့လည်း ပြန်လာမယ်” ဟု ဆိုလေ၏။ ကွဲကွာပြီးသော တိမ်စိုင်များကို ပြန်လည်စုစည်း၍ မရတော့သကဲ့သို့ ကွဲကွဲကွာကွာ ဆွေမျိုးများကိုလည်း ပြန်လည်စုစည်း၍ မရနိုင်တော့ပါပေ။မောင့် ဗုံညိုအစာကောင်းလို့မောင်းသံလို ဟီ၊ချစ်ကြိုးသီတဲ့ ပင်ကိုယ်လှရယ်မင်းကြွခဲ့ဦး။
ရှေးယခင်ကတော့ ကောက်ဦးပေါ် ပျော်ပွဲဆင်ကြသခိုက် အပျိုလူပျို ဆိုကြတီးကြ၊ ရွဲ့ကြစောင်းကြ၊ ချစ်ခွန်းတုံ့တင်ကြနှင့် ကျေးလက်မေတ္တာ ဇာတ်လမ်းကလေးများ တရစပ် မွေးဖွားကြ၏။ တီးမှုတ် ကခုန်ကြရာ နေရာသို့ ချစ်ကြိုးစောင်းငဲ့ သီဖွဲ့သူပင် ကိုယ်အလှကလေးကို ‘မင်းကြွခဲ့ပါလား အချစ်ရယ်” ဟု မဖိတ်ခေါ်နိုင်လေတော့။“စပါးပေါ်လည်း ပေါ်ပေါ်ပဲကွာ။ ဘာထူးတာလိုက်လို့။ ကိုယ်တစ်ယောက်တည်းတောင် ငတ်မသေအောင် မနည်းရှာဖွေ စားနေရတာ။ အချစ်တွေ ဘာတွေ မရှာနိုင်ပါဘူး” ဟု ညီလုပ်သူ လယ်သမားလူပျိုကြီးက ပြော၏။ သူ့အမြင်၌ အိမ်ထောင်မှုပြုမိသော ကျွန်တော်တို့သည်ပင်လျှင် ရူးနှမ်းနေသယောင် ယောင်မြင်လေသည်လား မပြောတတ်ချေ။
“အရင်ကတော့ အရက်ဖိုး သက်သာအောင် ကိုယ့်ထန်းတော ကိုယ်တက်သောက်တာပဲ။ အခုတော့ . . .”“အခုတော့ ဘာဖြစ်လဲကွ”“အခုတော့ အုတ်ထင်း ဈေးကောင်းလို့ ထန်းတောတွေ တောပြတ် ရောင်းစားတယ်လေ”“ကောင်းကွာ”ရွာမှာ ထန်းတောများစွာပိုင်သော သူငယ်ချင်းကလည်း ထိုသို့ပြော၏။ ရွာတောင်ပိုင်းက နိုင်ငံရေးပါတီနှင့် ရွာမြောက်ပိုင်းက နိုင်ငံပါတီ မတည့်ကြသောကြောင့် မနှစ်က ဘုရားပွဲလည်းမဖြစ်၊ ကထိန်လည်းရွာက မခင်း၊ တခြားရွာက လာခင်းရသည်ဆိုသည့် သတင်းကလည်း ကျွန်တော့်စိတ်ကို ပူလောင်စေပြန်ပါ၏။
“တချို့လူတွေက ပါတီတစ်ခုထဲမှာ အကျင့် ပျက်စီးချင်တိုင်း ပျက်စီးပြီးတဲ့နောက် ဘာမှမဖြစ်ခဲ့သလိုပုံစံနဲ့ ပါတီအသစ်၊ ဒါမှမဟုတ် လှုပ်ရှာမှု အသစ်တစ်ခုခုမှာ ရှေ့တန်းကနေပြီး ပြာမှုန့်က ရုန်းတက်လာတဲ့ မီးလျှံငှက်လို အသွင်နိုင်လိမ့်မယ်လို့ ထင်နေကြတယ်။ တကယ်တော့ နိုင်ငံရေးသက်တမ်းမှာ အဓွန့်ရှည်ဖို့အတွက် ထူးခြားဆန်းပြားမှုတွေ ဖြစ်ဖို့မလိုပါဘူး။ ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပါပဲ။ ကိုယ့်ကတိတွေကို ကိုယ်စားပါ။ အကျင့်မပျက်ပါနဲ့။ ကိုယ့်ပါတီ ကိုယ်မဖျက်ဆီးပါနဲ့” ဟု လီကွမ်ယု၏ စကားလေး ကိုးကားကာ တစ်ပါတီလျှင် ၄၅ မိနစ်စီခန့် ဟောပြောလိုက်မိ၏။ ကျွန်တော် ပြန်သောအခါ “ဘာတွေပြောသွားမှန်း မသိဘူး” ဟု ကောင်းချီ ထောပနာ သြဘာစကား ပြောကြသောဟူ၏။ ဆရာကြီး ဗန်းမော်တင်အောင် ညည်းသလို ညည်းမိ၏။
“ကျွန်တော်ကကော ဘာများကော တတ်နိုင်ပါဦးမည်နည်း” ဟူ၍သာပဲ။










