■မေး-ပထမဆုံးတော့ ဇာတိမြေဖြစ်တဲ့ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ခံစားချက်ကို အရင်ပြောပြပါဦး။
ဖြေ- ကျွန်တော်အခု အရမ်းစိတ်လှုပ်ရှားနေတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ဇာတိမြေမှာ ဇာတိမြေအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကို ပထမဆုံး ပြသခွင့်ရလိုက်တယ်။ ဒီဇာတ်ကားကို မပြသမီမှာလည်း ကြိုက်ပါ့မလား၊ နားလည်ပါ့မလားဆိုပြီး အရမ်းစိတ်လှုပ်ရှားခဲ့ရပါတယ်။
■မေး-ဒီဇာတ်ကားကို မနေ့ကပြလိုက်တဲ့အချိန်မှာ ပရိသတ်အားပေးမှု တော်တော်များတာ တွေ့ရသလို ကြိုက်နှစ်သက်ကြတာလည်း တွေ့ရပါတယ်။ အဲဒီအပေါ်ခံစားမှုကိုလည်း သိချင်ပါတယ်။
ဖြေ- ပြတဲ့နေ့မှာ ဝဇီရာရုပ်ရှင်ရုံမှာ ပရိသတ် ၆၀၀ လောက်လာကြည့်တယ်။ ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမဆုံးတစ်ခေါက် ဇာတိမြေကိုလာပြီး ပြသခွင့်ရတာဖြစ်တယ်။ ဇာတိမြေက ပရိသတ်တွေကိုလည်း ဒီဇာတ်ကားကို ဘာကြောင့် ရိုက်ကူးတယ်ဆိုတာကို နားလည်စေချင်တယ်။ သူတို့ကြိုက်တယ်ဆိုရင် ဝမ်းသာပါတယ်။
■မေး- The Road to Mandalay ဇာတ်ကားက မြန်မာရွှေ့ပြောင်း လုပ်သားတွေအကြောင်းကို ဖန်တီးထားတာဆိုတော့ ဘာကြောင့် ဒီအကြောင်းအရာကို ရွေးချယ်ဖြစ်ခဲ့တာလဲ။
ဖြေ- ဒီဇာတ်ကားက မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ ဇာတိမြေကိုစွန့်ခွာပြီး နိုင်ငံခြားကို ခိုးဝင်ပြီး အလုပ်သမားမှောင်ခိုဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ခုပေါ့။ ဘာကြောင့် ဒီအကြောင်းအရာကို ရွေးဖြစ်လဲဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတဲ့လူငယ်တွေက အထက်တန်းကျောင်း မပြီးခင်မှာကိုပဲ နိုင်ငံခြားကို ခိုးဝင်ပြီးတော့ အလုပ်သွားလုပ်တာ တွေတွေ့ရတယ်။ အကြောင်းအရာ အစစ်တွေကိုခံစားပြီးမှ ရိုက်ကူးဖြစ်ခဲ့တာပါ။
■မေး-ဒီဇာတ်ကားကို ဖန်တီးနိုင်ဖို့ ဘယ်လိုလေ့လာမှုတွေ လုပ်ခဲ့ရလဲ။
ဖြေ-ပထမဆုံးက ကျွန်တော့်ဇာတိ လားရှိုးပတ်ဝန်းကျင်မှာရှိတဲ့ အတွေ့အကြုံအစစ်တွေကို အင်တာဗျူးလုပ်ပါတယ်။ ပြီးတော့ ဘန်ကောက်ကိုသွားပြီး စက်ရုံမှာ တရားဝင်ရော တရားမဝင်ရော အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၀၀ ကျော်ကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၅ အထိ လေ့လာမှုတွေ လုပ်ခဲ့ရပါတယ်။ ပြီးတော့မှ ဇာတ်ညွှန်းရေးခဲ့တာပါ။
■မေး-ဇာတ်ညွှန်းရေးတုန်းက ပြင်ဆင်ထားတာနဲ့ တကယ်ရိုက်ဖြစ်တဲ့အချိန်မှာ ကွဲလွဲမှုတွေနဲ့အတူ အခက်အခဲ ရှိတာမျိုးတွေ ကြုံရလား။
ဖြေ- ရှိတယ်။ ဇာတ်ညွှန်းရေးတဲ့အချိန်မှာ ပါဝင်တာတွေက တကယ်ရိုက်တဲ့အချိန်မှာ ရာခိုင်နှုန်း ၃၀ ပဲပါဝင်နိုင်တယ်။ ဒီဇာတ်လမ်း ရိုက်တဲ့အချိန်မှာ စက်ရုံမှာလုပ်တဲ့အလုပ်သမား ၁၀၀ ကျော်လိုတယ်။ ဒါပေမဲ့ တကယ်ရိုက်တဲ့အခါ တရားမဝင်အလုပ်သမား ၁၀၀ ကျော်ကို တကယ်မခေါ်နိုင်ဘူး။ ဒီအတွက် ရိုးရိုးသာမန် ဝန်ထမ်းလုပ်နေတဲ့သူတွေရော၊ အခြားစက်ရုံတွေက ခေါ်လာရတဲ့ အလုပ်သမားတွေရော အဲဒါမျိုးတွေလည်း ပါလာတယ်။ အဓိက မင်းသားမင်းသမီးကို မြန်မာနိုင်ငံမှာလာရှာတယ်။ ဒါပေမဲ့ ဘယ်သူမှ ဒီဇာတ်ကားကိုရိုက်ဖို့ ထရိန်နင်တစ်နှစ် မလုပ်နိုင်ဘူး။ ဒါကြောင့် ထိုင်ဝမ်မှာရှိတဲ့ မင်းသားမင်းသမီးတွေကို မြန်မာနိုင်ငံကိုခေါ်လာပြီး တစ်နှစ်လေ့ကျင့်ပေးတယ်။ ဘန်ကောက်မှာ သုံးလလေ့ကျင့်ရတယ်။ ရိုက်ရတဲ့ ကုန်ကျစရိတ်ကလည်း ပိုက်ဆံသိပ်မရှိတော့ တကယ်ရိုက်ကူး ဖို့စီစဉ်ထားတာက ရက် ၇၀ ကျော်ပေါ့။ ဒါပေ မဲ့ ၂၂ ရက်နဲ့ အပြီးရိုက်လိုက်ရတယ်။
■မေး-မြန်မာနိုင်ငံမှာ ရုံတင်ပြသသွားဖို့ရောရှိမလား။
ဖြေ- မြန်မာနိုင်ငံမှာ ပြသနိုင်အောင် ကြိုးစားနေပါတယ်။ ရုံမတင်နိုင်ရင်တောင် ဒီဗီဒီအနေနဲ့ ထုတ်ခွင့်ရချင်ပါတယ်။
■မေး-အရှေ့မှာရိုက်ခဲ့တဲ့ Ice Poison ဇာတ်ကားကလည်း မြန်မာအကြောင်းကိုပဲ အခြေခံရိုက်ဖြစ်တာနော်။ မြန်မာနိုင်ငံတွင်းက အကြောင်းအရာတွေကို အဓိကထားရိုက်ဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း သိခွင့်ပေးပါဦး။
ဖြေ-မြန်မာနိုင်ငံမှာ ကျွန်တော် ၁၆ နှစ်နေခဲ့တယ်။ ထိုင်ဝမ်မှာနေတာက ဇာတိမြေမှာနေခဲ့တာထက် ပိုကြာတယ်။ ဒါပေမဲ့ ဇာတိမြေမှာ ဖြစ်ပွားတဲ့အကြောင်းအရာတွေ၊ ကြားခဲ့ဖူးတဲ့ အကြောင်းအရာတွေကို မမေ့နိုင်ဘူး။ ဒီလိုမေ့လို့မရတဲ့ ကြားခဲ့ဖူးတဲ့ အကြောင်းအရာတွေကို ဖန်တီးဖြစ်တဲ့သဘောပါ။
■မေး- The Road to Mandalay ဇာတ်ကားက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသခွင့်ရတာတွေလည်း တွေ့ရတယ်နော်။
ဖြေ- ဒီဇာတ်ကားရဲ့ World Premiere က Veniece Film Festival မှာပြတာပါ။ အဲဒီမှာ ပြိုင်ပွဲလုပ်တယ်။ Best Film From the European Cinema Union ဆုတစ်ခုရတယ်။ တိုရွန်တို ရုပ်ရှင်ပွဲတော်ပြခွင့်ရတယ်။ စင်ကာပူနဲ့ တိုကျိုရုပ်ရှင်ပွဲတော်တွေမှာ ပြဖို့ရှိမယ်။ တရုတ်ဘာသာစကား သုံးတဲ့ဒေသတွေမှာ အော်စကာအနေနဲ့ Whloe Year Out-standing Achievement Filmmaker ဆုကို ရတယ်။ သူတို့ဆိုလိုတာက အရှေ့တောင်အာရှမှာရှိနေတဲ့ အကြောင်းအရာကို ပုံဖော်နိုင်တဲ့အတွက် ဒီဆုကိုပေးတာ။ တရုတ်အော်စကာမှာ Nomination ခြောက်ခုဝင်ထားတယ်။ ဆုစာရင်းကတော့ နိုဝင်ဘာ ၂၆ ရက်မှ သိရမယ်။ ဒီဇင်ဘာမှာ ထိုင်ဝမ်မှာပြသမယ်။ ဟောင်ကောင်မှာပြသမယ်။ ၂၀၁၇ မှာ ပြင်သစ်နိုင်ငံမှာ ပြသမယ်။ စင်ကာပူမှာပြဖို့လည်းရှိတယ်။
■မေး- Filmmaking ပိုင်းနဲ့ပတ်သက်လို့ရော ဘယ်လိုလေ့လာဖြစ်ခဲ့လဲ။
ဖြေ- ကျွန်တော်က Filmmaking major တော့မဟုတ်ဘူး။ Design ဘာသာရပ်။ ဒါပေမဲ့ ဝါသနာပါတဲ့အတွက် ဇာတ်ကားတွေအများကြီး ကြည့်တယ်။ ပြီးတော့ လေ့ကျင့်တယ်။ ထိုင်ဝမ်မှာရှိတဲ့ အော်စကာဆုရဒါရိုက်တာ အန်းလီနဲ့ ရုပ်ရှင်ဝပ်ရှော့ သုံးလလောက်တက် ဖြစ်ခဲ့တယ်။
■မေး- ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ Career အပေါ် အားရမှုဆိုရင်ရော။
ဖြေ- ကျေနပ်မှုရှိတဲ့အပိုင်းကတော့ ဇာတိမြေကို Effection ရှိလို့ အခုလိုဒါရိုက်တာ တစ်ယောက်ဖြစ်လာခဲ့တာ။ မြန်မာနိုင်ငံမှာသာ မမွေးဖွားရင် ဒီလိုဒါရိုက်တာတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး။ မကျေနပ်တာက ကျွန်တော်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေမှာ အားနည်းချက်တွေရှိပါတယ်။ ပိုက်ဆံလည်းမရှိဘူး။ မြန်မာနိုင်ငံမှာ ပူးပေါင်းရိုက်ကူးချင်ပေမယ့် လုပ်ပုံလုပ်နည်းမတူလို့ မပူးပေါင်းနိုင်ဘူး ဖြစ်နေတယ်။ ဥပမာ ဟောလိဝုဒ်မှာဆိုရင် တကယ့်ကျော်ကြားတဲ့ သရုပ်ဆောင်တွေလည်း ဇာတ်ကောင်အတွက် အနည်းဆုံး သုံးလကနေတစ်နှစ်အထိ လေ့ကျင့်ရတယ်။ မြန်မာနိုင်ငံမှာ ဒီလိုလုပ်ပုံလုပ်နည်း မရှိသေးဘူး။ ကောင်းတာ မကောင်းတာ ပြောတာမဟုတ်ဘူး။ လုပ်ပုံလုပ်နည်း မတူတာပေါ့။ ကျွန်တော်ကတော့ ပူးပေါင်းစေချင်တယ်။
■မေး-မြန်မာနိုင်ငံရဲ့ Film Industry ပိုင်းကိုရော Filmmaker တစ်ယောက်အနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ- ကျွန်တော်ဟိုမှာနေတဲ့ အချိန်မှာ ရန်ကုန်မှာရှိတဲ့သူငယ်ချင်းကို တစ်နှစ်တာလုံး မှာထွက်တဲ့ အကောင်းဆုံး မြန်မာဇာတ်ကား ၁၀ ကားလောက် ပို့ခိုင်းတဲ့အတွက် နှစ်စဉ် မြန်မာဇာတ်ကား ၁၀ ကားလောက် ကြည့်ဖြစ်တယ်။ ရိုက်ပုံရိုက်နည်းက အားနည်းချက် မဟုတ်ဘူး။ နည်းပညာပိုင်းမှာလည်း အားနည်းချက် သိပ်မရှိဘူး။ အားနည်းချက်တစ်ခုက မြန်မာနိုင်ငံတွင်းက ဖြစ်ပွားတဲ့ အကြောင်းအရာ အစစ်ကို အစစ်ခံစားပြီးမှရေးတဲ့ ဇာတ်ညွှန်းမျိုးရိုက်တာနည်းတယ်။ ကိုယ့်ပတ်ဝန်းကျင်ရှိတဲ့ ကိုယ့်သမိုင်း၊ အစစ်အမှန် ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာမျိုးကို ရိုက်မယ်ဆိုရင် ပိုကောင်းမယ်လို့ထင်တယ်။ ကျွန်တော်ကတော့ အဲဒီလိုရိုက်နိုင်အောင် ကြိုးစားမယ်။