အင်္ဂလိပ်ဘာသာနဲ့ Counseling ဆိုတဲ့ စကားလုံးကိုမြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ အဘိဓာန်ထဲမှာ “(ကျွမ်းကျင်သူတို့၏) ဆွေးနွေးလမ်းညွှန်မှု” လို့ တွေ့ရပါတယ်။ အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းခွင်ထဲမှာရှိစဉ်က “နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်း” လို့ ဘာသာပြန်တာ တွေ့ဖူးပါတယ်။ အဲဒီလိုဘာသာပြန်ခြင်းက မှားတယ်၊ တကယ်က အကြံပေးတာမဟုတ်ဘူးလို့ ထောက်ပြပြောဆိုသူတွေရှိပေမယ့် ဘယ်အရာက မှန်တယ်ဆိုတာကို နားလည်သဘောပေါက်အောင် ရှင်းပြခြင်း၊ မှန်ကန်တဲ့ စကားလုံးကို လမ်းညွှန်ပေးခြင်းတွေမရှိခဲ့ပါဘူး။ အဲဒါကြောင့် မြန်မာဘာသာနဲ့ နားလည်အောင် ရှင်းပြရာမှာ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း၊ ဒါမှမဟုတ် အကြံပြုခြင်းလို့ပဲ ကျွန်မတို့ ဆက်သုံးခဲ့ကြပါတယ်။ ကောင်ဆယ်လင်းလို့ အသံထွက်တဲ့ အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခုကို တက်ခွင့်ရတဲ့အခါမှာ အဲဒါက ကောင်ဆယ်လင်းလုပ်သူကောင် ဆယ်လာ (Counselor) က ကောင်ဆယ်လင်း ရယူသူ (Client) ကိုရွေးစရာတွေ ချပေးတာလို့ အနည်းငယ်သိရှိ သဘောပေါက်လာပါတယ်။ ဒါပေမဲ့ ဘယ်လိုရွေးစရာပေးတာလဲ၊ ဘယ်လိုပုံစံနဲ့ ပေးတာလဲဆိုတာကိုတော့ နှစ်အတန်ကြာအောင် သဘောမပေါက်ခဲ့ပါဘူး။
မကြာသေးခင်က တက်ခွင့်ရခဲ့တဲ့ အခြေခံစိတ်ကျန်းမာရေး သင်တန်းအရ စိတ်ကျန်းမာရေးအတွက် ကောင်ဆယ်လာဆိုတာ ကောင်ဆယ်လင်းရယူသူကို ကြည့်မှန်တစ်ချပ်လို မိမိအနေအထားကို မိမိဘာသာမြင်လာအောင် ဆောင်ရွက်ပေးသူလို့ သဘောပေါက်လာခဲ့ပါတယ်။ ကောင်ဆယ်လာတစ်ယောက် လုံးဝမလုပ်ရမယ့် အလုပ်ကအကြံပေးတာ၊ ဒါမှမဟုတ်၊ အကြံပြုတာဖြစ်ကြောင်း သိလာရတဲ့အခါ ‘နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း’ ဆိုတဲ့ စကားလုံးကအလွန်ကို လွဲချော်မှားယွင်းနေကြောင်း သဘောပေါက်လာခဲ့ပါတယ်။
ကျွန်မရဲ့ နားလည်မှုအသစ်အပေါ်မှာ အခြေခံပြီး ကောင်ဆယ်လင်းကို “ကြေးမုံပြင်လို နားထောင်ဆွေးနွေးခြင်း” လို့ အမည် ပေးချင်ပါတယ်။ ဒါပေမဲ့ ဒါကလုပ်ငန်းခွင်ထဲမှာ အလုပ်ဖြစ်မယ့် စကားလုံးတော့ မဟုတ်ပါဘူး။ ကောင်ဆယ်လာရဲ့ အခန်းဝမှာ“ကြေးမုံပြင်လို နားထောင်ဆွေးနွေးသူရဲ့အခန်း” ဆိုတဲ့ ဆိုင်းဘုတ်ကို စိတ်ထဲမှာမြင်ယောင်ကြည့်တော့ အတော်လေးအဆင်မပြေပါဘူး။ ကောင်ဆယ်လင်းအတွက် လာရောက်သူကို “ကြေးမုံပြင်လို နားထောင်ဆွေးနွေးမှုကို ခံယူမယ့်သူတွေ” လို့ ခေါ်ရတာလဲအတော်ကို အူကြောင်ကြောင်နိုင်မယ့် ကိစ္စပါ။ ဒါကြောင့် ပိုမိုကောင်းမွန်၊ မှန်ကန်ပြီး အသုံးတည့်မယ့် ဘာသာပြန်စကားလုံး ထွက်ပေါ်လာခြင်း မရှိခဲ့ရင် သဘောတရားကို နားလည်ပြီးတဲ့ နောက်ပိုင်းမှာ အသံထွက်ကို တိုက်ရိုက်မွေးစားပြီး ခေါ်တာပဲကောင်းမယ်လို့ ထင်ပါတယ်။ (ဒီဆောင်းပါးမှာဥပဒေပိုင်း၊ နိုင်ငံရေးပိုင်းနဲ့ဆိုင်တဲ့ ကောင်ဆယ်လာတွေကို ထည့်သွင်းစဉ်းစားထားခြင်း မရှိပါဘူး။)
နိုင်ငံကြီးတွေမှာ စိတ်ပညာနဲ့ ပတ်သက်တဲ့ ကောင်ဆယ်လာလိုင်စင်ကို ရယူဖို့အတွက် အနည်းဆုံး စိတ်ပညာမဟာဘွဲ့အထိ ရရှိထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အခြားကောင်ဆယ်လင်း နယ်ပယ်တွေအတွက်လည်း သက်ဆိုင်ရာမဟာဘွဲ့တွေ၊ အထူးပြုဘွဲ့တွေ လိုအပ်ပါသတဲ့။ ကျွန်မတို့ နိုင်ငံမှာ အဲဒီလိုအနေအထားတွေမှာမှ ကောင်ဆယ်လင်းလုပ်ခွင့် ရမယ်ဆိုရင် ကောင်ဆယ်လာမရှိသလောက် နီးပါးဖြစ်သွားမလားလို့ တွေးမိပါတယ်။ သို့ ပေမဲ့ စိတ်ပညာနဲ့ရိုးရိုးဘွ့ဲသူ၊ မဟာဘွဲ့ရ သူတွေ၊ အသုံးချစိတ်ပညာနဲ့ ဒီပလိုမာရရှိသူတွေရှိတယ်လို့ သိထားပါတယ်။ ကုသရေးပိုင်းဆိုင်ရာ စိတ်ပညာရှင်တွေလောက် အဆင့်မမြင့်ရင်တောင် ရက်တိုသင်တန်းနဲ့ ကောင်ဆယ်လာ လုပ်နေရသူတွေထက်တော့ ပိုမိုသိနားလည်မယ်လို့ ယူဆရပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းအခြေအနေကြောင့် အဲဒီအရင်းအမြစ်တွေ ပျောက်ဆုံးနေမှုကလည်း စိတ်ဝင်စားစရာပါ။
ကျွန်မတို့နိုင်ငံမှာ ကောင်ဆယ်လာဆို သူအများစုကို အိတ်ချ်အိုင်ဗွီပိုးစစ်ဆေး ရာနေရာတွေမှာ တွေ့ရှိနိုင်ပါတယ်။ လူကုန်ကူးခံခဲ့ရသူတွေနဲ့ အခြားထိခိုက်ခံစားခဲ့ ရသူတွေအတွက် အကူအညီပေးနေသူ ကောင်ဆယ်လာ အနည်းငယ်ကိုလည်း တွေ့ဖူးပါတယ်။ သို့ပေမဲ့ အများပြည်သူရဲ့ စိတ်ကျန်းမာရေးအတွက် ကောင်ဆယ်လင်း အကူအညီရယူစရာ အရင်းအမြစ်တွေက နည်းပါးနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေးအတွက် ကောင်ဆယ်လာလိုအပ်မှုကို ဗေဒင်ဆရာ၊ ဆရာမတွေက ဖြေရှင်းပေးနေတယ်လို့ ပြောဆိုသူတွေရှိပါတယ်။ အဲဒီစကားကို နားထောင်မိခါစမှာ ဟုတ်သလိုလို ခံစားရပါတယ်။ စကားပြောချင်လာတဲ့အခါ စိတ်သက်သာရာရအောင် ဗေဒင်ဆရာ၊ ဆရာမတွေကို ပိုက်ဆံပေးပြီး သွားရောက်ပြောဆိုလို့ ရနိုင်ပါတယ်။ မိတ်ဆွေသူငယ်ချင်း အရင်းတွေကိုတောင် မပြောပြရဲတဲ့ အလွန်ဆိုးရွားတဲ့ ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ ကောင်ဆယ်လာတွေက နားထောင်ပေးကြရလေ့ ရှိပါတယ်။ ကျွန်မတို့ နိုင်ငံမှာတော့ ဗေဒင်ဆရာ၊ ဆရာမတွေက နားထောင်ပေးရလေ့ရှိပါတယ်။ သို့ပေမဲ့ အလွန်ကြီးမားတဲ့ ကွာခြားချက်နှစ်ခုက ဗေဒင်ဆရာ၊ ဆရာမတွေမှာ ကောင်ဆယ်လာတွေ လိုကျင့်ဝတ်စည်းကမ်းတွေ တရားဝင်သတ်မှတ် ထားမှုမရှိခြင်းနဲ့ သူတို့ကိုလူအများက ပြဿနာတွေကို ဖြေရှင်းပေးဖို့ မျှော်လင့်ကြတဲ့အတွက် သူတို့ရဲ့ အဓိကအလုပ်ကဟော ကိန်းထုတ်ပြီး အကြံပေးမှုဖြစ်နေခြင်းပါ။
အကြံပေးမှုကို ခံယူလိုက်ရတဲ့အခါ မိမိပြဿနာတွေကို မိမိဘာသာအမှန်အတိုင်း မြင်နိုင်ဖို့ခဲယဉ်းသွားပါတယ်။ သူတို့ပြောတာတွေကိုပဲ ဟုတ်နိုးနိုးထင်သွားပြီး ညွှန်ကြားရာ နောက်ကိုလိုက်လုပ်မိတဲ့ ပြဿနာတွေကို ကြုံရတတ်ပါတယ်။ မိမိအတွက် အကောင်းဆုံးရွေးချယ်မှုကို မိမိဘာသာ ပြုလုပ်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါ့အပြင် မိမိရဲ့ အတွင်းရေးတွေကိုပြောပြပြီး ထိခိုက်ခံစားလွယ်တဲ့ အခြေအနေကို ရောက်သွားတဲ့ကာလမှာ ကျင့်ဝတ်ကို မထိန်းသိမ်းသူတွေ၊ စည်းမစောင့်သူတွေနဲ့တွေ့ရင် အမြတ်ထုတ်မှုတွေကို ခံရနိုင်ပါတယ်။ ဈေးကြီးတဲ့ယတြာ၊ အဆောင်လက်ဖွဲ့တွေကို ဝယ်ယူခိုင်းခြင်းကနေ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ ကြိုးစားမှုတွေအထိ ကြားသိဖူးပါတယ်။ အားလုံးက အဲဒီလိုချည်းပဲလို့ ဆိုလိုတာမဟုတ်ပါဘူး။ သို့ပေမဲ့ အဲဒီလိုအခြေအနေ မျိုးတွေရှိနိုင်ကြောင်း သိရှိသတိပြုမိဖို့ လိုအပ်ပါတယ်။ ဒါကကောင်ဆယ်လင်းနဲ့ လုံးဝကွာခြားနေတဲ့ အချက်တွေဖြစ်ပါတယ်။ အမှန်တကယ် ကျွမ်းကျင်ပြီးကျင့်ဝတ် သိက္ခာနဲ့ ပြည့်ဝတဲ့ ကောင်ဆယ်လာက လာရောက်အကူအညီရယူသူကို မိမိကိုယ်မိမိ သိရှိနားလည်လာပြီး မိမိဘာသာကူညီစောင့် ရှောက်နိုင်စွမ်းရှိလာအောင် ဖေးမသူဖြစ်ပါတယ်။
ကျွန်မတို့ရဲ့လူ့အဖွဲ့အစည်းမှာ ဗေဒင်ဆရာ၊ ဆရာမထံသွားရင် အမြင်လွဲခံရမှုနည်းပါးပြီး၊ ဖြစ်ရိုးဖြစ်စဉ်လို သဘောထားကြပေမယ့် ကောင်ဆယ်လာတွေ၊ စိတ်ရောဂါကုသတဲ့ ဆရာဝန်တွေထံ သွားရောက်အကူအညီ ရယူတဲ့အခါမျိုးမှာတော့ အမြင်လွဲမှားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲဒါကလည်း စိတ်ကျန်းမာရေးအတွက် အလွန်ကြီးမားတဲ့ အတားအဆီးတစ်ခု ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ အပြင်းအထန်ဝေဒနာခံစားရမှ ဆေးရုံဆေးခန်းသွားရတာ မဟုတ်ပါဘူး။ နှာစေးချောင်းဆိုး အအေးမိလို အနေအထားမျိုးမှာလည်း ဆေးခန်းပြရတာတွေ၊ ကုသမှုခံယူ တာတွေ ရှိတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အလားတူ မြင်သင့်ပါတယ်။ စိတ်ဝေဒနာ အကြီးအကျယ်ဖြစ်မှ ကုသရတာမျိုးမဟုတ်ဘဲ စိတ်ဖိစီးမှု၊ စိတ်ရှုပ်ထွေးမှု စတာတွေနဲ့တင် အကူအညီရယူသင့်တဲ့ ကာလတွေရှိပါတယ်။ မိမိစိတ်ထဲမှာ ရှိနေတာတွေကို တစ်ယောက်ယောက်ကိုပြောပြလိုက်ရင် ပေါ့ပါးသွားတတ်တဲ့ အနေအထား၊ ပြဿနာ တွေကိုမိမိ ဘာသာမိမိ ပိုပြီးကောင်းကောင်းမွန်မွန် မြင်လာနိုင်တဲ့ အနေအထားမျိုးတွေကို ကြုံဖူးပါလိမ့်မယ်။ ကောင်ဆယ်လာတွေက ကြေးမုံပြင်မှာထင်ဟပ်လာတဲ့ အရိပ်တွေကိုကြည့်ပြီး သိသင့်တဲ့သတင်း အချက်အလက်တွေကိုပေးခြင်း၊ သင့်လျော်တဲ့ ကုထုံးတွေ အသုံးပြုခြင်း၊ အခြေအနေတွေ ကိုရင်ဆိုင်နိုင်မယ့် နည်းလမ်းတွေ၊ စိတ်လျှော့အပန်းဖြေနိုင်မယ့် နည်းလမ်းတွေကို သင်ကြားပေးခြင်းစတာတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ သေးငယ်တဲ့ အနေအထားမှာ အကူအညီရယူလိုက်ခြင်းက ပိုမိုကြီးမားတဲ့ အခြေအနေမရောက်အောင် ကာကွယ်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်မလေးစားအားကျရတဲ့ အမေရိကန်နိုင်ငံက သုတေသီ၊ စာရေးဆရာဘရန်နေးဘရောင်း (Brené Brown) က သူမရဲ့ ကောင်ဆယ်လင်းရယူမှုကို လူသိရှင်ကြား မကြာခဏ ထုတ်ဖော်ပြော ဆိုသူတစ်ဦးဖြစ်ပါတယ်။
သို့ပေမဲ့ လူ့စွမ်းအားအရင်းအမြစ် နည်းပါးလွန်းပြီး ကြီးမားတဲ့ပြဿနာတွေ များ ပြားရာနေရာဒေသဖြစ်တဲ့ ကျွန်မတို့နိုင်ငံမှာ ကောင်ဆယ်လင်းလုပ်သူတွေ ကိုယ်တိုင်က ပြဿနာနည်းပါးတယ်လို့ ထင်ရသူတွေအပေါ်မှာ စိတ်မရှည်တာမျိုးတွေ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ မိမိထံမှာ ကောင်ဆယ်လင်း ရယူသူတွေရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးခြင်းဆိုတဲ့ အလွန်အရေးကြီးတဲ့ အချက်ကိုလည်း စောင့်ကြည့်သူတွေ မရှိတဲ့အခါ အလွယ်တကူ ဖောက်ဖျက်မိတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ဒါတွေက စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကူအညီရယူမှုတွေကို ပိုမိုနည်းပါးသွားစေနိုင်ပါတယ်။ မိမိကိုယ်တိုင်က အကူအညီရယူလိုသူတွေကို နာမည်ဆိုးတံဆိပ်ကပ်ပြီး တွန်းထုတ်မိသလို ဖြစ်သွားနိုင်ပါတယ်။ အမှတ်တမဲ့မြင်မိ၊ ကြားမိတာလေးတွေက ကောက်ချက်ဆွဲမိတာပါ။ အားလုံးဒီလိုပဲလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
ကြေးမုံပြင်လို နားထောင်ဆွေးနွေးပေးနိုင်တဲ့ အရည်အသွေး မြင့်မားသူတွေ များပြားလာရင် ကျွန်မတို့နိုင်ငံရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ အတိုင်းအတာတစ်ခုအထိ သေးငယ်လျော့ကျသွားမယ်လို့ မျှော်လင့်မိပါတယ်။ အဲဒါက လူတစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရော၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ကောင်းမွန်တဲ့ဘက်က များစွာအထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်ယူဆမိပါတယ်။
(Ref: Basic Mental Health Training by Andrew Riley and Heal the World, www.counselor-license.com)










