ကလင်တန်နှင့် ထရန့်တို့၏ နောက်ဆုံးတိုက်ပွဲ အပြီးသတ်ရန် နှစ်ရက်အလို

ကလင်တန်နှင့် ထရန့်တို့၏ နောက်ဆုံးတိုက်ပွဲ အပြီးသတ်ရန် နှစ်ရက်အလို
Published 7 November 2016
■ နရီမင်း

ကမ္ဘာတစ်လွှားကို ဖမ်းစားထားတဲ့ အမေရိကန် ရွေးကောက်ပွဲကျင်းပဖို့ နှစ်ရက်သာ လိုတော့တဲ့အချိန် နိုဝင်ဘာ၆ ရက်မှာ နောက်ဆုံးအချိန် မဲဆွယ်မှုတွေအတွက် ဟီလာရီကလင်တန်ရော ဒေါ်နယ်ထရန့်ပါ အလုပ်အချိန်ဇယားတွေ ပြည့်ကျပ်လို့နေပါတယ်။
စစ်တမ်းတွေအရ နှာတစ်ဖျားသာ အသာရတော့တဲ့ ကလင်တန်ဟာ သူရဲ့ရေပန်းစားမှုကို ထိန်းထားနိုင်ဖို့ ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ ဘီယွန်းစေးနဲ့ ကက်တီပယ်ရီတို့နဲ့အတူ စနေတနင်္ဂနွေ ပေါ့ပ်ဖျော်ဖြေပွဲ တွေလုပ်ခဲ့ပြီး သမ္မတ ဘာရက်အိုဘားမားနဲ့လည်း အတူမဲဆွယ်ဖို့ စီစဉ်ထားပါတယ်။
ဒေါ်နယ်ထရန့်ဟာလည်း အိုင်အိုဝါ၊ မင်နီဆိုးတား၊ မီချီဂန်၊ ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ၊ မြောက်ကယ်ရို လိုင်းနားနဲ့ နယူးဟမ့်ရှိုင်းယားတစ်လွှား ပြေးလွှားပြီး မဲဆွယ်မှုတွေ ပြုလုပ်နေပါတယ်။
အခုနောက်ဆုံး အဓိကစစ်တမ်းတစ်ရပ် အဖြစ် ABC သတင်းဌာနနဲ့ ဝါရှင်တန်ပို့စ် သတင်းဌာန ပူးတွဲကောက်ယူတဲ့ စစ်တမ်းဟာ နိုဝင်ဘာ ၆ ရက်မှာ ထွက်ပေါ်လာပါတယ်။အဲဒီစစ်တမ်းမှာ ကလင်တန်က ၄၈-၄၃ ရာ ခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းပဲ အသာရနေပါတယ်။
တင်းမာမှုတွေ မြင့်တက်လာမှုနဲ့ အကျည်းတန်တဲ့ မဲဆွယ်ပွဲ စိတ်အခြေအနေကို ဖော်ပြတဲ့ နောက်ဆုံးလက္ခဏာအဖြစ် နိုဝင်ဘာ ၅ ရက်မှာ ထရန့်ဟာ နီဗားဒါးပြည်နယ် ရီနိုမြို့မှာ သေနတ်နဲ့ပစ်ခတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုအတုတစ်ရပ်ကြောင့် မဲဆွယ်ပွဲစင်မြင့်ပေါ်ကနေ ကမူးရှူးထိုး ဆင်းပြေးခဲ့ရပါတယ်။
ထရန့်ရဲ့သားက“လုပ်ကြံရန်ကြိုးပမ်းမှု” လို့ ညွှန်းဆိုတဲ့ မက်ဆေ့ချ်တစ်ခုကို Twitter မှာ ပြန်တင်ခဲ့ပေမယ့် ထရန့်ကတော့ တုန်လှုပ်မှုကို မပြပါဘူး။ လျှို့ဝှက်ထောက်လှမ်းရေး ဌာနကတော့ သူတို့ရဲ့အေးဂျင့်တွေဟာ ဘာလက်နက်တွေကိုမှ ရှာမတွေ့ဘူးလို့ ဆိုပါတယ်။
ကလင်တန်ကို ထောက်ခံသူတွေကတော့ ကြုံရာကျပန်းနေရာတွေ သွားရောက်ပြီး ပျာယာခတ်မဲဆွယ်နေတဲ့ ထရန့်ကို သွေးရူးသွေးတန်းဖြစ်နေတဲ့ လက္ခဏာရယ်လို့ လှောင်ပြောင်ခဲ့ကြပါတယ်။
ကလင်တန်ကိုယ်တိုင်လည်း သူ့ရဲ့အချိန်ဇယားမှာ နောက်ထပ်အစီအစဉ်တစ်ရပ် အဖြစ် မီချီဂန်ပြည်နယ်က တစ်နေရာမှာ မဲဆွယ်ဖို့ ထပ်ဖြည့်လိုက်ပါတယ်။ မီချီဂန်ပြည်နယ်ဟာ ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲမှာ အိုဘားမားတစ်ယောက် လွယ်လင့်တကူ အနိုင်ရရှိခဲ့တဲ့နေရာပါ။
ကလင်တန်နဲ့ ထရန့်မဲဆွယ်ရေးအဖွဲ့ နှစ်ဖွဲ့စလုံးကထုတ်ပြန်တဲ့ နောက်ဆုံး ၄၈ နာ ရီ အစီအစဉ်တွေက နှစ်ဖက်စလုံးက ဝန်ခံထားတာတွေထက်ပိုပြီး ပြိုင်ပွဲက အကြိတ်အနယ် ဖြစ်နေကြောင်း ညွှန်ပြနေပါတယ်။
ရွေးကောက်ပွဲမဲဆွယ်မှု အဆုံးသတ် အချိန်ကို ရောက်လာတဲ့အချိန် သူ့အနေနဲ့ ဖိအားကို ခံစားရလား မရဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး ဘီလျံနာသူဌေးကြီး ထရန့်ရဲ့ စကားတွေကတော့ အောင်ပွဲရရှိထားသလို ဖြစ်နေတုန်းပါပဲ။
“ကြီးမြတ်တဲ့ ကော်လိုရာဒိုပြည်နယ်မှာ သုံးရက်အတွင်း ကျွန်တော်တို့ အနိုင်ရရှိမှာဖြစ်ပြီး သမ္မတနေရာအတွက် ကျွန်တော်တို့ ပြန်ပြီးအနိုင်ရမှာပါ” လို့ ထရန့်က ကော်လိုရာဒိုပြည်နယ် ဒင်ဗာမြို့မှာ နိုဝင်ဘာ ၅ ရက်ညက သူ့ကိုထောက်ခံတဲ့သူတွေကို ကတိပေးခဲ့ပါတယ်။
“ကျွန်တော်တို့ အရမ်းကိုပျော်ရမှာပါ။ အနိုင်ရရှိမှုကို ကျွန်တော်တို့ ပြန်ပြီးစတင်နိုင်မှာပါ” လို့ ထရန့်ကပြောရင်း ဆက်သွယ်ရေး ကနေတစ်ဆင့် မဲပေးမှုက မသမာမှုတွေလုပ်နိုင်တဲ့ အန္တရာယ်ရှိတာမို့ မဲရုံတွေကိုသွားပြီး လူကိုယ်တိုင်မဲပေးကြဖို့ မဲဆန္ဒရှင်တွေကို တောင်းဆိုခဲ့ပါတယ်။
ထရန့်ဟာ သူ့ရဲ့အဓိကပင်မ အကြောင်းအရာတွေဖြစ်တဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ဖျက်သိမ်းရေး၊ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအခြေချ သူတွေကို နှင်ထုတ်ရေး၊ ယိုယွင်းနေတယ်လို့ စွပ်စွဲထားတဲ့ အမေရိကန်စစ်တပ်ကို ပြန်လည်တည်ဆောက်ရေးနဲ့ ခြစားမှုနဲ့ပတ်သက်တဲ့ အစိုးရအရာရှိတွေကို ထုတ်ပယ်သန့်စင်ရေး ဆိုတာတွေကို ရွေးကောက်ပွဲကတိအဖြစ် အသုံးပြုပါတယ်။
ထရန့်ရဲ့ ပရိသတ်တွေကလည်း“နံရံကြီးကိုတည်ဆောက်၊ ရွှံ့နွံတွေကိုရှင်းပစ်၊ သူ့ကို  (ဟီလာရီကို) ထောင်ထဲထည့်” ဆိုတဲ့ ကြွေးကြော်သံသုံးရပ်ကို ဟစ်ကြွေးနေတုန်းပါပဲ။
ကလင်တန်ရဲ့ မဲဆွယ်ရေးအဖွဲ့ မန်နေဂျာ ရော်ဘီမွတ်က သတင်းထောက်တွေကို ပြောကြားရာမှာ“သူက တစ်ချိန်တည်းမှာ နေရာအားလုံးကိုသွားဖို့ ကြိုးပမ်းနေသလိုပါပဲ” လို့ ပျာယာခတ်နေတဲ့ ထရန့်ကို လှောင်ပြောင် ခဲ့ပါတယ်။
ရော်ဘီမွတ်က ထရန့်ရဲ့ ပြည့်ကျပ်နေတဲ့ အလုပ်ဇယားတွေဟာ ဒီမိုကရက်တွေရဲ့ နယ်မြေတွေကို သူမထိုးဖောက်နိုင်တာမို့ သွေးရူးသွေးတန်းဖြစ်နေတဲ့ လက္ခဏာပဲလို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ နိုဝင်ဘာ ၇ ရက်မှာ မီချီဂန်ပြည်နယ်ကို အိုဘားမားနဲ့အတူသွားဖို့ နောက်ပိုင်းမှ ဆုံးဖြတ်ခဲ့တာနဲ့ မြောက်ကယ်ရိုလိုင်းနားမှာ သန်းခေါင်ယံအချိန် လူထုစုဝေးပွဲလုပ်ဖို့ ထပ်မံဖြည့်စွက်ခဲ့တာတွေရယ်ဟာ ကလင်တန် အနေနဲ့လည်း ရွေးကောက်ပွဲနေ့အပေါ် စိုးရိမ်စိတ်ဝင်နေပြီဆိုတာ ပြသနေတာပါပဲ။
ရော်ဘီမွတ်က အမေရိကန်မြောက်ပိုင်းမှာ သူ့ကိုထောက်ခံမှုပြိုကျနေတာကို ပြန်လည်ကယ်တင်နိုင်ဖို့ ကလင်တန် ရုန်းကန်နေရတယ်ဆိုတဲ့ ပြောကြားချက်တွေကို ပယ်ချခဲ့ပြီး ဖလော်ရီဒါပြည်နယ်မှာ စစ်တမ်းတွေအရ ထရန့်အသာရနေမှုကို ကလင်တန်က ပြောင်းလဲနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ရော်ဘီမွတ်က“ဒေါ်နယ်ထရန့်အနေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေ အားလုံးမှာ အနိုင်ရရှိရမှာပါ။ ပင်ဆယ်ဗေးနီးယားနဲ့ ဖလော်ရီဒါပြည်နယ်လောက် နိုင်ရုံနဲ့ သူ့အတွက် လမ်းမရှိပါဘူး” လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ မဟာမိတ်တွေကတော့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ သဘောတူ စာချုပ်တွေကို ပြန်လည်သုံးသပ်မယ်ဆိုပြီး ခြိမ်းခြောက်နေတဲ့သူက အမေရိကန်သမ္မတဖြစ်ဖို့ လက်တစ်ကမ်းအကွာကို ရောက်နေတာ နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြပါတယ်။
ဗြိတိန်နိုင်ငံမှာ နိုဝင်ဘာ ၅ ရက်ည ရိုးရာမီးပုံပွဲတွေလုပ်ကြတော့ သူတို့နိုင်ငံထဲက မုန်းစရာလူတွေရဲ့ ပုံတွေကိုမသုံးဘဲ ထရန့်ရဲ့ပုံ လုပ်ထားတဲ့အရုပ်ကို မီးရှိုှု့ခဲ့ကြပါတယ်။
ဂျာမနီနိုင်ငံရဲ့ အထင်ရှားဆုံး အပတ်စဉ်ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ Der Spiegel ရဲ့ မျက်နှာဖုံးမှာ အမေရိကန်သမ္မတလောင်း နှစ်ဦးစလုံးကို ညစ်ပတ်တဲ့ မဲဆွယ်မှု ရွှံ့နွံတွေဖုံးလွှမ်းနေပုံကို ဖော်ပြခဲ့ပါတယ်။
ရုရှားနဲ့ အီရန်တို့လို အမေရိကန်ရဲ့ ရန်သူတော်တွေကလည်း အမေရိကန်ဒီမိုကရေစီကို လှုပ်ခတ်စေတဲ့ ဗရုတ်ဗရက်မဲဆွယ်မှုအပေါ် သရော်လှောင်ပြောင်လိုစိတ်ကို အောင့်အည်းမထားနိုင်ကြပါဘူး။
ကမ္ဘာ့ဈေးကွက်တွေကတော့ အတွေ့အကြုံမရှိတဲ့ အမျိုးသားရေးဝါဒီ လှုံ့ဆော်ရေး သမားတစ်ဦး သမ္မတဖြစ်လာရင် အမေရိကန် စီးပွားရေးကိုသာမက ကမ္ဘာ့စီးပွားရေးကိုတောင် စီးပွားရေးပျက်ကပ်ထဲ သက်ဆင်းစေမှာကို စိုးရိမ်နေကြပါတယ်။
ရွေးကောက်ပွဲ စစ်တမ်းတွေကလည်း သေချာရေရာမှုမရှိပါဘူး။ RealClearPolitics က ကောက်ယူတဲ့ စစ်တမ်းအရဆိုရင်တော့ ကလင်တန်ဟာ ၂ ဒသမ ၁ ရာခိုင်နှုန်းပဲ အသာရပါတယ်။
ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးမယ့် ပြည်နယ်က ၁၂ ခုရှိပြီး ထရန့်ရဲ့အဖွဲ့ကတော့ နိုဝင်ဘာ ၈ ရက်ကျရင် ထရန့်အနေနဲ့ လိုအပ်တဲ့ မဲအရေအတွက်ကို ရရှိလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
ထရန့်ရဲ့မဲဆွယ်ရေး သင်္ဘောက တော်ပီဒိုနဲ့ ပစ်ခံရပြီး အပေါက်ပေါက်သွားပေမယ့် လိင်ဆိုင်ရာ မဖွယ်မရာမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလောက်နဲ့ နစ်မြုပ်မယ့်ပုံ မပေါ်ပါဘူး။
အဲဒီလိုပါပဲ၊ ကလင်တန်ဟာ ကိုယ်ပိုင် အီးမေးလ်ဆာဗာကို တရားမဝင်အသုံးပြုခဲ့ တယ်ဆိုတဲ့ ကာလရှည်ကြာစွာကတည်းက စွပ်စွဲမှုတွေက FBI ရဲ့ကောင်းမှုကြောင့် အခုလို ရွေးကောက်ပွဲနေ့ ကပ်နေတဲ့အချိန်မှာ ပြဿနာပြန်ပေါ်လာပြီး ကလင်တန်ရဲ့ အိမ်ဖြူတော်ဆီသွားရာလမ်းကို မြူဆိုင်းသွားစေ ခဲ့ပါတယ်။
ကလင်တန်ကတော့ အဲဒီအနေအထားကနေ ဖောက်ထွက်နိုင်ဖို့ အိုဘားမားနဲ့ ဘီယွန်းစေးတို့ ဇနီးမောင်နှံလို ဟဲဗီးဝိတ်တွေကို စစ်ကူခေါ်ထားလိုက်ပါပြီ။

Most Read

Most Recent