လောင်းကစား ဂိမ်းဆိုင်တွေ ရှင်သန်နေတဲ့ နောက်ကွယ်မှာ အဂတိ လိုက်စားမှု ရှိနေမလား

လောင်းကစား ဂိမ်းဆိုင်တွေ ရှင်သန်နေတဲ့ နောက်ကွယ်မှာ အဂတိ လိုက်စားမှု ရှိနေမလား
Published 6 November 2016
ဆန်းမိုးထွန်း

ရန်ကုန်မြို့မှာ ကလေးကစားကွင်းလို့ ဆိုလိုက်တာနဲ့ တရားမဝင်အကြွေစေ့ လောင်းကစားနည်းမျိုးစုံ ပြုလုပ်လို့ရတဲ့ နေရာလို့ အဲဒီနေရာကို ရောက်ဖူးသူတိုင်း သိကြပါတယ်။
ကလေးကစားကွင်းလို့သာ အမည်ခံထားပေမယ့် တကယ့်တကယ်မှာတော့ ဒီကစားကွင်းတွေမှာ လူကြီးတွေကသာ အများအပြား လာရောက် ကစားနေကြတာပါ။
ရန်ကုန်မြို့မှာ လူသိများတဲ့ အပန်းဖြေ ဂိမ်းစင်တာကြီးတွေကတော့ အလီဘာဘာ အပန်းဖြေစင်တာ၊ ရိုဘော့ဂိမ်း စင်တာ၊ အာလာဒင် အပန်းဖြေစင်တာနဲ့ ဖန်တက်စီဝေါတို့ပဲ ဖြစ်ပါတယ်။
ဒီဂိမ်းစင်တာကြီးတွေ အားလုံးက ရန်ကုန်မြို့လယ်ကောင်မှာ ဖွင့်ထားကြတာပါ။ ဒါ့ပြင် ရပ်ကွက်ထဲမှာ ဖွင့်ထားတဲ့ ဂိမ်းဆိုင် အသေးလေးတွေလည်း ရှိနေပါသေးတယ်။
ဒီဂိမ်းဆိုင် အသေးလေးတွေကတော့ ရပ်ကွက်ထဲက လူနေအိမ်တွေကို ငှားရမ်းပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အချို့သော ဂိမ်းဆိုင်တွေက လမ်းရဲ့မျက်နှာစာမှာ ဖွင့်လှစ်နေတာ ဖြစ်သလို အချို့သော ဂိမ်းဆိုင်တွေကတော့ ရပ်ကွက်ရဲ့ လမ်းတွေထဲမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
အဲဒီဆိုင်တွေထဲကို ဝင်လိုက်တာနဲ့ ‘ဆိုင်တွင်း/ဆိုင်ပြင် အကြွေစေ့ ရောင်းဝယ်ခြင်း လုံးဝခွင့်မပြု’ ဆိုတဲ့ စာတန်းက ဆီးကြိုနေပါတယ်။ အဲဒီစာတန်းရဲ့ ဘေးမှာတော့ ကင်မရာ  ကြက်ခြေခတ်ထားတဲ့ စတေကာကို ကပ်ထားပါတယ်။
မကျဉ်းမကျယ်လှတဲ့ အခန်းလေးထဲမှာ ကလေးတွေ ကစားတဲ့ သေနတ်ပစ်စက်၊ ကားပြိုင်စက်၊ မြင်းစီးစက်စတဲ့ ဂိမ်းစက်တွေကို သူ့နေရာနဲ့သူ အစီအရီ ချထားတာကို တွေ့ရမှာပါ။
ဒီလို ကလေးကစားစရာစက်တွေ အများအပြား ရှိပေမယ့် ကလေးအနည်းငယ်လောက်ကသာ ကစားနေပြီး ဆိုင်ထဲမှာ လူကြီးအများစုက တခြားစက်တွေ ကစားနေတာကို သင်တွေ့မြင်ရပါလိမ့်မယ်။
လူကြီးတွေ ကစားနေတဲ့စက်တွေက ကလေးတွေကစားနေတဲ့ စက်တွေနဲ့မတူဘဲ ၃၆ ကောင်စက်၊ ဘောလုံးငါးလုံးစက်၊ အနီအပြာစက်၊ ငါးမန်းစက်၊ ငါးပစ်စက်စတဲ့ စက်တွေပဲ ဖြစ်ပါတယ်။
အဲဒီစက်တွေကို ကစားတဲ့အခါမှာ အကြွေစေ့ အလျော်အစားရှိတဲ့ စက်တွေဆိုတာ သိရပါတယ်။  ဒီစက်တွေကို ကစားနေသူတွေထဲမှာတော့ ယောကျ်ားတွေအပြင် မိန်းမတွေကလည်း အားတက်သရော ကစားနေကြပါတယ်။
ဒါဟာ ကလေးကစားကွင်း အမည်ခံထားပြီး လူကြီးတွေ လောင်းကစားလုပ်နေကြတဲ့ ဆိုင်တွေရဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ တရားဝင်လျှောက်ထား လုပ်ကိုင်နေတဲ့ ဂိမ်းစင်တာတွေဟာ အရှေ့ပိုင်းခရိုင်မှာ ၁၂ ဆိုင်၊ အနောက်ပိုင်းခရိုင်မှာ ၂၁ ဆိုင်ရှိနေပြီး ၂၀၁၆-၁၇ ခုနှစ်အထိ လုပ်ငန်းလိုင်စင် ပေးသွင်းပြီး တရားဝင် ဖွင့်လှစ်ထားတဲ့ ဆိုင်ပေါင်း ၄၃ ဆိုင်ရှိနေတယ်လို့ သိရပါတယ်။
အစိုးရက ဘယ်လို ခွင့်ပြုပေးခဲ့လဲ
၂၀၁၃ ခုနှစ်ကစလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ Amusement Arcades လို့ ခေါ်တဲ့ ဂိမ်းစင်တာတွေကို ဗီဒီယိုဂိမ်း (Video Games) ၊ အာကိတ်ဂိမ်း (Arcade Games)၊ Small Rides၊ Dance Machines နှင့် Shooting Galleries စတဲ့ ပုံစံတွေနဲ့ ဖျော်ဖြေမှုပေးဖို့ ခွင့်ပြုခဲ့ပါတယ်။
ဒီလိုဆိုင်တွေ ဖွင့်လှစ်ဖို့အတွက် ရဲစခန်း၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လျှပ်စစ်နဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်တွေရယူပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ တင်ပြရပါတယ်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ဆင်းစစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက စစ်ဆေးပြီးတာနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံတင်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ ချပေးပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဆီ ရောက်ရှိချိန်မှာတော့ စီမံလက်ထောက်ဌာနမှူး ဦးဆောင်တဲ့အဖွဲ့က နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနရဲ့ ပစ္စည်းစာရင်းနဲ့ ဖွင့်မယ့်ဆိုင်ရဲ့ ပစ္စည်းစာရင်းတွေကို တိုက်ဆိုင်စစ်ဆေးပြီး စည်းကမ်းချက်နဲ့ ကိုက်ညီမှုရှိရင်တော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပြန်တင်ပေးပါတယ်။
အဲဒီကနေတစ်ဆင့် တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်နဲ့ သက်ဆိုင်ရာ မြို့နယ်စည်ပင်က လိုင်စင်ချပေးတာ ဖြစ်ပါတယ်။ လုပ်ငန်းလိုင်စင် သက်တမ်းက တစ်နှစ် ဖြစ်ပါတယ်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကစလို့ ကလေးကစားကွင်းကနေ အပန်းဖြေအိမ်တွင်း ကစားနည်း ခန်းမဆိုပြီး အမည်ပြောင်းလဲခဲ့ပါတယ်။ ဒီလိုဆိုင်တွေဖွင့်မယ့် လုပ်ငန်းရှင်တွေ အနေနဲ့ကလည်း လောင်းကစားမှုတွေ မပါရှိစေဖို့အတွက် ခံဝန်ကတိလက်မှတ်တွေ ရေးထိုးထားရပါတယ်။
ရှုံးနိမ့်ခဲ့သူတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
ကလေးကစားကွင်း အမည်ခံထားတဲ့ ကစားကွင်းတွေမှာ သွားရောက် ကစားနေကြတဲ့သူတွေထဲမှာ အိမ်ရောင်းလိုက်ရပြီး ဘဝပျက်သွားတဲ့ သူတွေရှိသလို တစ်နေ့တာ ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ ငွေကြေးတွေနဲ့ သွားရောက်ကစားနေကြတဲ့ သူတွေကိုလည်း တွေ့မြင်ရပါတယ်။
“စသွားတုန်းကတော့ အဲဒီလိုဆော့ရမှန်း မသိဘူး။ နောက်မှ ကစားရင်းးနဲ့ ကြေးကြီးလာတာ” လို့ ရန်ကုန်မြို့လယ်ကောင်က နာမည်ကြီးဂိမ်းဆိုင်မှာ သွားရောက် ကစားဖူးသူတစ်ယောက်က ဆိုပါတယ်။
ဒီလိုသွားကစားတဲ့အခါမှာ ဆိုင်းအတွင်း အကြွေစေ့ ဝယ်ရောင်းလုပ်တဲ့ ပွဲစားဆိုသူရှိနေပြီး သူ့ဆီမှာ အကြွေစေ့ဝယ်ပါက အကြွေစေ့ တစ်စေ့ကို ၉၅ ကျပ်နဲ့ ဝယ်ရပြီး ပြန်ရောင်းပါက အကြွေစေ့ တစ်စေ့ကို ကျပ် ၉၀ နဲ့ ပြန်ရောင်းရတယ်လို့ သူကဆက်ပြောပါတယ်။
“အကြွေစေ့ ဝယ်ရောင်းလုပ်နေတဲ့ ပွဲစားက သက်သက်ရှိတယ်။ သူ့ဆီမှာ ရောင်းလို့လည်းရတယ်။ ဝယ်လို့လည်းရတယ်။ သူ့ဆီက ဝယ်ရင် အကြွေတစ်စေ့ကို ၉၅ ကျပ်နဲ့ ဝယ်ရတယ်။ ပြန်ရောင်းရင်တော့ ၉၀ ပဲရတယ်။ ကြိုက်တဲ့အချိန်ရောင်း ကြိုက်တဲ့သူဝယ်ပဲ။ ကြိုက်သလောက် ဝယ်ပေါ့။ ရောင်းတာလည်းကြိုက်သလောက် ရောင်းလို့ရတယ်။ ကိုယ့်မှာ ရှိသလောက်ပေါ့။ ဆိုင်က ဝယ်မယ်ဆိုရင်တော့ တစ်စေ့ ၁၀၀ ပေးဝယ်ရတယ်” လို့ သူကဆိုပါတယ်။
သူ့အနေနဲ့ ဒီလိုကစားခဲ့ရာမှာ နှစ်ပတ်အတွင်း ကျပ်သိန်း ၆၀၊ ၇၀ လောက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
လောင်းကစားမှု ပပျောက်ရေးအတွက် အချက်လေးချက်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ အပန်းဖြေ အိမ်တွင်းကစားနည်း လုပ်ငန်းတွေကို လိုင်စင်ချပေးပြီးတဲ့ နောက်ပိုင်း လောင်းကစားမှုတွေနဲ့ ပတ်သက်လို့ အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ အပေါ်မှာ အဖြေရှာဖို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ၂၀၁၄ ခုနစ်က ကျင်းပခဲ့ပါတယ်။ 
ပြီးခဲတဲ့ ၂၀၁၄ ခုနစ် ဇွန် ၂၃ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ ၄ မှာ အပန်းဖြေ အိမ်တွင်းကစားနည်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့တာပါ။
အဲဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ကစားကွင်းတွေမှာ လောင်းကစားမှု ပပျောက်ရေးအတွက် အချက်လေးချက်ကို ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီဆုံးဖြတ်ချက်တွေကတော့ (၁) အပန်းဖြေ အိမ်တွင်းကစားနည်း ခန်းမများတွင် လောင်းကစားများ မပါရှိစေရေးနှင့် လောင်းကစား ဆောင်ရွက်မှုမရှိစေရေးအတွက် စီမံကြပ်မတ်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးရန်နှင့် ခွင့်ပြုမည့်နေရာ အကျယ်အဝန်းအား အနည်းဆုံး (၄၀ ပေ×၅၀ ပေ) သတ်မှတ်ပေးရန်။ (၂) တရားဝင် တင်သွင်းလာသော စက်များဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ အထောက်အထားများနှင့် တိုက်ဆိုင်စိစစ်၍ လိုင်စင်စည်းကမ်း ဖောက်ဖျက်မှု မရှိစေရေး စိစစ်ကြပ်မတ်ရန်။ (၃) လိုင်စင်ခွင့်ပြုပြီးသော အပန်းဖြေအိမ်တွင်း ကစားနည်း ခန်းမများရှိ စက်ပစ္စည်းများအား နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့၏ ပစ္စည်းတင်သွင်းခွင့် အထောက်အထားများနှင့် မြေပြင်ရှိ စက်ပစ္စည်းများ တိုက်ဆိုင် စစ်ဆေးနိုင်ရေးအတွက် ခရိုင်(ထွေ/အုပ်)၊ မြို့နယ်(ထွေ/အုပ်)၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း စစ်ဆေးဆောင်ရွက်ရန်။ (၄) ယခင်ခွင့်ပြုပြီးခဲ့သော အပန်းဖြေအိမ်တွင်း ကစားနည်းခန်းမများအား ခွင့်ပြုတင်ပြချက်များနှင့် ကိုက်ညီမှု ရှိ မရှိ ခရိုင်၊ မြို့နယ် (ထွေ/အုပ်)နှင့် မြို့နယ်အလိုက် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ ဖွဲ့စည်း၍ ပြန်လည် စစ်ဆေးတင်ပြရန်စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ လောင်းကစား ပပျောက်ဖို့အတွက် ဒီအချက်လေးချက်ကို ချမှတ်ခဲ့ပေမယ့်လည်း လက်ရှိ အချိန်ထိတော့ ကလေးကစားကွင်း အမည်ခံ လောင်းကစားဂိမ်းဆိုင်တွေနဲ့ ပတ်သက်လို့ အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့အတွက် ဒီနှစ် အောက်တိုဘာ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် နှစ်ယောက်က မေးခွန်း မေးမြန်းခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ မေးပြီ
ကလေးကစားကွင်း အမည်ခံပြီး အကြွေစေ့လောင်းကစားပြုနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အောက်တိုဘာ ၂၅ ရက်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။
သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်နဲ့ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းတို့က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “အကြွေစေ့ဂိမ်းများသည် အပျော်တမ်းကစားသည်ထက် ကျော်လွန်၍ လောင်းကစား အသွင်ဆောင်ပြီး ပြည်သူများ၏ စားဝတ်နေရေးကိုပါ ထိခိုက်လာသည့်အတွက် လောင်းကစားဝိုင်းများကို တရားဥပဒေ နှင့်အညီ ဖယ်ရှားရှင်းလင်းပေးရန် အစီအစဉ် ရှိမရှိ” မေးမြန်းခဲ့တာပါ။
“ဂိမ်းစင်တာလို့၊ ကလေးကစားကွင်းလို့ ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ထားပေမယ့် တကယ်တမ်းအထဲကို ဝင်ရောက် လေ့လာကြည့်တဲ့အခါမှာ ကစားနေတဲ့သူတွေက ကလေးတွေတင်မကဘဲ လူလတ်ပိုင်းတွေ၊ လူကြီးပိုင်းတွေက အကြွေစေ့ဂိမ်းတွေ ကစားနေတာကို တွေ့ရပါတယ်။ ရပ်ကွက်ထဲမှာ ခေတ်စားတဲ့ စကားလုံးက ငါးဖမ်းတဲ့ကိစ္စပေါ့။ ငါးမန်းဖမ်းတာ အကြွေစေ့တွေနဲ့ ပစ်ပြီးဖမ်းရတယ်။ အလျော်အစားကိစ္စတွေ ရှိနေတာကို ဂိမ်းဆိုင်တွေမှာ တွေ့ရပါတယ်။ ဒါကို ရပ်ကွက်ထဲကလူတွေ သွားသွားကစားတဲ့အခါမှာ အချို့ဆိုရင် ငွေကြေး အမြောက်အမြား ဆုံးရှုံးပြီးတော့ မိသားစုဘဝတွေ ထိခိုက်တာ ဖြစ်လာတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ဒီလိုမျိုး အားကစားကွင်း အမည်ခံပြီးတော့၊ ကလေးအားကစားကွင်း၊ ဂိမ်းစင်တာ အမည်ခံပြီး အတွင်းမှာ အလျော်အစားတွေနဲ့ အလောင်းအစား ပုံစံပြုလုပ်နေတဲ့ အကြွေစေ့ ဂိမ်းတွေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မည်သို့မည်ပုံ ဆောင်ရွက်ထားတယ်ဆိုတာ သိချင်ပါတယ်” လို့ ဦးနေမျိုးထက် (ခ) နေဘုန်းလတ်က မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါ့ပြင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက “ငါးမန်းဂိမ်းဆိုင်များကြောင့် စာရိတ္တပျက်ပြားမှုများ၊ မိသားစုပြဿနာများ၊ ခိုးဆိုး လုယက်မှုများအား အထူးစီမံချက်များ ချမှတ်၍ ထိထိရောက်ရောက် နှိမ်နင်းပိတ်သိမ်း အရေးယူသွားရန် အစီအစဉ် ရှိမရှိ” မေးမြန်းခဲ့ပါတယ်။
“သက်ဆိုင်ရာပြည်သူတွေက သွားရောက်တိုင်ကြားရာမှာ ဆိုင်ပိတ်ထားတာတွေ၊ လောင်းကစားနဲ့ ဆက်စပ်ပစ္စည်းတွေ ဆိုင်အတွင်းမှာ မတွေ့ရှိရဘူးဆိုတဲ့ အချက်တွေကြောင့် ဖမ်းဆီးမရဘဲနဲ့ နောက်ရက် အနည်းငယ်အကြာမှာ ဂိမ်းဆိုင်ပြန်ဖွင့်တာတွေ ကြားသိနေရပါတယ်။ အဲဒီလောင်းကစားနည်းဟာ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံ တစ်နိုင်လုံးမှာ ပျံ့န့ှံနေပြီ ဖြစ်ပါတယ်” လို့ ဦးရန်ရှင်းက ပြောကြားခဲ့ပါတယ်။
ဒီလို လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ရဲ့ မေးခွန်း မေးမြန်းမှုနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ရန်ကုန်တိုင်းအတွင်း လောင်းကစားဆန်တဲ့ ဂိမ်းဆိုင်တွေ ဖွင့်လှစ်မှုမှာ ခရိုင်၊ မြို့နယ်ရဲမှူးတွေ ငွေကြေးရယူပြီး ဖွင့်လှစ်ခွင့်ပြုတယ်လို့ သိရှိပါက ထိရောက်စွာ အရေးယူမယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
“ဒါနဲ့ပတ်သက်ပြီးလည်း ရန်ကုန်တိုင်း ဒေသကြီးမှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခရိုင်ရဲတပ်ဖွဲ့ ခရိုင်မှူး လေးယောက်ရယ်၊ မြို့ နယ်မှူး ၄၄ ယောက် အားလုံးကို ကျွန်တော့် ရုံးခန်းမှာ ခေါ်ယူမှာကြားပြီး ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ငွေကြေး ပါဝင်ပတ်သက်ပြီးတော့ ခွင့်ပြုထားတယ်ဆိုရင် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်။ ဒါကိုလည်း မြို့နယ် အုပ်ချုပ်ရေးမှူး ၄၄ ယောက်ကို ကျွန်တော့်ရုံးမှာ ထပ်မံခေါ်ယူပြီးတော့မှာ ကြားပြီးဖြစ်ပါတယ်။ ပါဝင်ပတ်သက်တယ်လို့ စိစစ်ဖော်ထုတ်ပြီး တွေ့ရှိရတယ်ဆိုရင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားပါမယ်” လို့ ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုပါတယ်။
ဒါ့ပြင် ဗိုလ်မှူးကြီး တင်အောင်ထွန်းက “ဂိမ်းဆိုင်များနဲ့ ပတ်သက်ပြီး မြို့နယ်အတွင်းမှာ ခိုးဆိုးလုနှိုက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ပြီးတော့ ကလေးကစားတဲ့ ဂိမ်းကနေ လောင်းကစား သက်ရောက်တဲ့ ဂိမ်းစက်များကိုလည်း ပြည်ပကနေ တင်သွင်းခွင့် မရှိအောင်လည်းပဲ သက်ဆိုင်ရာ ဌာနများနဲ့ ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ လိုင်စင်ချထားပေးတဲ့ ဌာနများ အနေနဲ့လည်း လုပ်ငန်းလိုင်စင်ကို စိစစ်ပြီးမှသာ ချပေးဖို့ ညှိနှိုင်းပြီး ဖြစ်ပါတယ်။ လက်ရှိကစားနေတဲ့ဟာသည် ကလေးကစားစရာ အရုပ်တွေနဲ့ ကစားတာလို့ သိရပါတယ်။ အကြွေစေ့တွေနဲ့ ကစားတယ်ဆိုရင် အချိန်မရွေး သတင်းပို့ပါ။ နီးစပ်ရာ တာဝန်ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့ အမြန်ဆုံး ဖမ်းဆီးခိုင်းမှာ ဖြစ်ပါတယ်” လို့ဆိုပါတယ်။
ဒီလို လိုင်စင်မဲ့ ဖွင့်လှစ်ခဲ့တဲ့ လောင်းကစားအသွင် ဆောင်ဂိမ်းဆိုင်တွေကိုး ဖမ်းဆီးရာမှာ ၂၀၁၃ ခုနှစ်မှာ ၂၂ မှု တရားခံ ၁၉၉ ဦးနဲ့ လောင်းကြေးငွေ ၃၃၉၀၈၅၀ ကျပ်၊ ၂၀၁၄ ခုနှစ်မှာ ခုနစ်မှု တရားခံ ၄၈ ဦးနဲ့ လောင်းကြေးငွေ ကျပ် ၁၅၂၈၇၀၃၀ ၊ ၂၀၁၅ ခုနှစ်မှာ ခြောက်မှု တရားခံ ၁၃၆ ဦးနဲ့ လောင်းကြေးငွေ ကျပ် ၅၁၃၀၉၆၀ နဲ့ ဒီနှစ် အောက်တိုဘာ၂၃ ရက် အထိ ဖမ်းဆီးရရှိမှုမှာတော့ ရှစ်မှု၊ တရားခံ ၁၃၅ ဦးနဲ့ လောင်းကြေးငွေ ကျပ် ၁၀၀၄၁၀၀၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လောင်းကစားဥပဒေ
လောင်းကစား ဥပဒေကို ၁၉၈၆ ခုနစ်က ပြည်သူ့လွှတ်တော်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေမှာ အခန်း ၆ ခန်းနဲ့ ပုဒ်မပေါင်း ၂၃ ခု ပါရှိပါတယ်။
လောင်းကစား အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး ဒီဥပဒေရဲ့ ပုဒ်မ ၂ (က) မှာ ‘လောင်းကစားဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှု ကစားခြင်း တစ်ခုခုတွင် ပါဝင်ပြီး ငွေကြေးအတွက် လည်းကောင်း၊ ငွေကြေး တန်ဖိုးရှိသော သို့မဟုတ် ငွေကြေး တန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်းတစ်စုံတစ်ရာအတွက် လည်းကောင်း၊ အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ လောင်းကစားခြင်းကို ဆိုလိုသည်’ လို့ ပြဋ္ဌာန်းထားပါတယ်။
ဒီလို လောင်းကစား အဓိပ္ပာယ်ဖွင့်ဆိုချက် ပေတံနဲ့ လက်ရှိကလေးကစားကွင်း အမည်ခံလောင်းကစား ဂိမ်းဆိုင်တွေကို တိုင်းတာကြည့်မယ်ဆိုရင် ဒီဂိမ်းဆိုင်တွေအနေနဲ့ ဥပဒေကို ချိုးဖောက်နေတာ တွေ့ရမှာပါ။
ပုဒ်မ ၂ (ခ)မှာတော့ ‘ပစ္စည်းဆိုသည်မှာ သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးနှင့် ယင်းတို့နှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်ကိုဆိုသည်’ လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၂(ဂ) မှာလည်း ‘လောင်းကစားအိမ်ဆိုသည်မှာ လောင်းကစားပြုလုပ်သည့် အိမ်၊ အဆောက်အအုံ၊ ကာရံထားသော နေရာ၊ ဝင်း၊ ခြံ၊ အခန်း၊ ယာဉ်တစ်ခုခုကို ဆိုသည်။’ လို့ ပြဋ္ဌာန်းထားပါတယ်။
လက်ရှိအချိန်အထိ ဖွင့်လှစ်နေတဲ့ ကလေးကစားကွင်းအမည်ခံ လောင်းကစားဂိမ်းဆိုင်တွေဟာ အိမ်ခန်းတွေကို ငှားရမ်းပြီး လောင်းကစားစက်တွေ ထည့်သွင်းကာ လောင်းကစား အမှုတွေကို ပြုလုပ်နေတဲ့အတွက် ဥပဒေရဲ့ ပုဒ်မ ၂ (ခ)နဲ့ (ဂ) ကိုလည်း ချိုးဖောက်ရာ ကျနေပါတယ်။
လောင်းကစားရာမှာ လောင်းကစား ကိရိယာတွေနဲ့ ပတ်သက်လို့ လောင်းကစား ဥပဒေပုဒ်မ ၂ (ဃ) မှာတော့ ‘လောင်းကစား ကိရိယာဆိုသည်မှာ လောင်းကစားခြင်း ပြုလုပ်ရာ၌ အသုံးပြုသော ဖဲ၊ အန်စာ၊ မာကျောက်၊ တိုကင်၊ ဒင်္ဂါး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားခွက်၊ ဇယားကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ်၊ စာရင်း၊ လောင်းကစားခြင်းအတွက် ကြံစည်ပြုလုပ်ထားသော သို့မဟုတ် အသုံးပြုနိုင်သော အခြားအရာများ၊ လောင်းကစားခြင်း၌ အသုံးပြုသော တိရစ္ဆာန်၊ ယာဉ်ကို ဆိုလိုသည်’ လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
ဒါ့ပြင် ပုဒ်မ ၂(င) မှာ ‘အများပြည်သူနှင့် သက်ဆိုင်သော နေရာဆိုသည်မှာ မည်သူမဆို ဝင်ထွက် သွားလာနိုင်သောလမ်း သို့မဟုတ် နေရာကိုဆိုသည်’ လို့ ပြဋ္ဌာန်းထားပါတယ်။
အခု ဖွင့်နေတဲ့ ကလေးကစားကွင်း အမည်ခံ လောင်းကစားဂိမ်းဆိုင်တွေဟာ ရန်ကုန်မြို့ရဲ့ မြို့တွင်းမြို့ပြင် ရပ်ကွက်နေရာ အနှံအပြားမှာ ဖွင့်လှစ်ထားတာကြောင့် အများပြည်သူ အလွယ်တကူ ဝင်ထွက်သွားလာနိုင်တဲ့အတွက် ပုဒ်မ ၂(င)ကို  ချိုးဖောက်ရာကျနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေ ဦးထွန်းအောင် “သက်ဆိုင်ရာကနေပြီးတော့ ခွင့်ပြုတဲ့ကလေးကစားကွင်း ဒါမှမဟုတ် ကလေးကစားတွေထဲမှာရောပြီး လောင်းကစားစက်တွေကို ထားတာဟာ တစ်နည်းအားဖြင့် ဥပဒေကို လက်နှစ်လုံးကြားလုပ်ရာ ရောက်တယ်။ လက်တစ်လုံးကြားတောင် မဟုတ်ဘူး။ လက်နှစ်လုံးကို လုပ်နေကြတာ” လို့ပြောပါတယ်။
လောင်းကစားဥပဒေမှာ လောင်းကစားပြုလုပ်တာနဲ့ ပတ်သက်လို့ တားမြစ်ထားတာတွေ ရှိပါတယ်။ အခန်း ၄ တားမြစ်ချက်များ ပုဒ်မ ၈ မှာ ‘မည်သူမဆို လောင်းကစားအိမ်တွင် (က) လောင်းကစားခြင်းမပြုရ၊ (ခ) ရောက်ရှိနေခြင်း မရှိစေရ’ ဆိုပြီး ပြဋ္ဌာန်းထားသလို ပုဒ်မ ၉ မှာလည်း ‘မည်သူမဆို (က) လောင်းကစားအိမ် ဖွင့်လှစ်ခြင်း သို့မဟုတ် တည်ထောင်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်းမပြုရ ၊ (ခ) လက်ဝယ်ရှိသော သို့မဟုတ် အသုံးပြုခွင့်ရသော အိမ်၊ အဆောက်အအုံ၊ ကာရံထားသော နေရာ ၊ ဝင်း၊ ခြံ၊ အခန်း၊ ယာဉ်တစ်ခုခုကို လောင်းကစားအိမ်အဖြစ် ဖွင့်လှစ်ရန် သို့မဟုတ် တည်ထောင်ရန် သို့မဟုတ် အသုံးပြုရန်ခွင့်မပြုရ’ လို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ ၈ ကတော့ အိမ်တွင်းလောင်း ကစားပြုမှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၉ ကတော့ လက်ရှိဖွင့်လှစ်ထားတဲ့ အကြွေစေ့ဂိမ်းဆိုင်တွေအပေါ် သက်ရောက်မှုရှိနေတယ်လို့ တရားလွှတ်တော် ရှေကနေတွေက ဆိုပါတယ်။
ဒီလိုတားမြစ်ထားတဲ့ ပုဒ်မ ၉ ကို ချိုးဖောက်ခဲ့မယ်ဆိုရင်တော့ လောင်းကစားဥပဒေရဲ့ ပုဒ်မ ၁၄ (က)မှာ မည်သူမဆို ‘ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် တစ်နှစ်မှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ်အနည်းဆုံး ကျပ် ၁၀၀၀မှ အများဆုံးကျပ် ၅၀၀၀ အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်’ လို့ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၄ (ခ)မှာ မည်သူမဆို ‘ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် အနည်းဆုံးကျပ် ၅၀၀၀မှ အများဆုံးကျပ် ၁၀၀၀၀ အထိ ချမှတ်ခြင်း ခံရမည့်အပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်’ လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါကြောင့် ပုဒ်မ ၉ ကို ချိုးဖောက်လို့ ပြစ်မှုထင်ရှား အစီရင်ခံရရင်တော့ အနည်းဆုံး ထောင်ဒဏ် တစ်နှစ်ကနေ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။ ဒါ့ပြင်ဒီပုဒ်မကို ထပ်မံကျူးလွန်လို့ရှိရင်တော့ ပုဒ်မ ၁၄ (ခ) အရ အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။
“အကြွေစေ့ ဂိမ်းဆိုင်ကတော့ ပုဒ်မ ၉ နဲ့  ငြိနေတယ်။ ဒါကြောင့် ပုဒ်မ ၁၄ (က)အရ ပထမအကြိမ်ဆို ထောင်ဒဏ် တစ်နှစ်ကနေ သုံးနှစ်အထိ ချလို့ရတယ်။ ဒါ့ပြင် နောက်ထပ် ကျူးလွန်ရင်တော့ ၁၄ (ခ) အရ ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်အထိ ချလို့ရတယ်’ လို့ တရားလွှတ်တော် ရှေ့နေ ဦးထွန်းအောင်ကဆိုပါတယ်။
ဒီလို ဥပဒေ ပြဋ္ဌာန်းထားပေမယ့်လည်း အာဏာပိုင်တွေ အနေနဲ့ ဥပဒေကို လိုသလို အသုံးချနေတယ်လို့ သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်က ဝေဖန်ပြောကြားလိုက်ပါတယ်။
“လောင်းကစားဥပဒေကြီး ရှိနေပြီးတော့ ဥပဒေကို လိုသလိုသုံးသလို ဖြစ်နေတယ်။ ဥပဒေက အကုန်လုံးကို ထိထိရောက်ရောက် အရေးယူရမှာလေ။ ကျွန်တော် သိသလောက်တော့ အသေးအမွှားလေးတွေ ကျလိုက်ဖမ်းပြီးတော့ ကြီးကြီးမားမားတွေကျ ငွေရေးကြေးရေးနဲ့ လွှတ်ထားတဲ့ ပုံစံမျိုးလေးတွေ ရှိတာပေါ့။ အဲဒီတော့ ဥပဒေကို ကျင့်သုံးတဲ့အခါမှာ ဘက်လိုက်တဲ့ ကျင့်သုံးမှုမျိုး မဟုတ်ဘဲနဲ့ မျှတတဲ့ ကျင့်သုံးမှုမျိုးဖြစ်မှ အဆင်ပြေမယ်” လို့ ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်ကဆိုပါတယ်။
ဘယ်သူ့မှာ တာဝန်ရှိလဲ
ဒီလို ကလေးကစားကွင်းအမည်ခံ ဂိမ်းဆိုင်တွေကို သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ခွင့်ပြုပေးခဲ့ရာမှာ လက်ရှိအစိုးရသစ် လက်ထက်အထိ လောင်းကစားမှု ပြုလုပ်နေတာကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ခြင်း မရှိတဲ့အတွက် ဂိမ်းဆိုင်တွေကတော့ ပန်းပန်နေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကိစ္စဟာ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲလို့ မေးရမယ့် အခြေအနေကို ရောက်ရှိနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စဟာ လွှတ်တော်မှာ မေးခွန်း မေးမြန်းရတဲ့အထိ ဖြစ်လာတဲ့အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ အနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်အတွင်း အောက်တိုဘာ ၂၅ ရက်က ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ နယ်လုံဝန်ကြီးက ဒီဂိမ်းဆိုင်တွေကို သူကိုယ်တိုင် သွားရောက်စစ်ဆေးတဲ့အခါ လောင်းကစား လုပ်နေတာတွေမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒီလို နယ်လုံဝန်ကြီးရဲ့ ပြောကြားမှုအပေါ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်က “အဲဒီနေ့က ကျွန်တော်မေးခွန်းမေးတော့ နယ်လုံဝန်ကြီးကလည်း ဖြေသွားတာပဲ။ သူတို့ သွားစစ်တော့ မရှိဘူးပေါ့။ နောက်နောင် ဒါမျိုးတွေ ဖြစ်ရင်လည်းတိုင်ပါ။ သူအရေးယူပါ့မယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကျွန်တော် နားလည်တာကတော့ ဆိုင်တွေက လိုင်းကြေးတွေပေးပြီးတော့ အဲဒီလိုမျိုးညှိပြီးတော့ လုပ်နေတဲ့ ပုံစံမျိုးတွေဆိုရင်တော့ ဘယ်လိုမှပျောက်ပျက်မှာ မဟုတ်ဘူး။ လွှတ်တော်မှာ ဝန်ကြီးက လာဖြေပြီးတော့ အောက်ခြေမှာကျတော့ အဲဒီလိုမျိုးလိုင်းကြေးနဲ့ လုပ်နေမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး။ သေချာစနစ်တကျ ကိုင်တွယ်ဖို့လိုတယ်။ တချို့ကိစ္စတွေဆိုရင်လည်း တိုင်းအဆင့်ကနေ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတို့ ဘာတို့ လုပ်ဖို့လည်းလိုတယ်။ အဲဒါမှလည်း အဆင်ပြေမယ်။ အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ စစ်မယ်ဆိုတဲ့ အသံကြားရင် ခဏပိတ်ထားလိုက်တယ်။ နောက်တော့လည်း ပြန်ဖွင့်တယ်ဆိုတဲ့ ပုံစံမျိုးတွေဖြစ်နေတော့ မပျောက်ပျက်ဘူး” လို့ပြောပါတယ်။
“ကျွန်တော်တို့က တကယ်တွေ့လို့ ဒါတွေကို တကယ်တင်ပြတဲ့အခါမှာ သူသွားစစ်တဲ့အခါ ဘာမှမရှိပါဘူးဆိုပြီး ပြောတဲ့အခါကျတော့ အဲဒါကြီးက တစ်မျိုးဖြစ်နေတယ်။ တကယ်တမ်းသာ ရှောင်တခင် ဝင်စစ်ရင် မတွေ့စရာ အကြောင်းမရှိဘူး။ သတင်းက ကြိုရောက်တဲ့အတွက် အဲဒီဆိုင်တွေက စက်တွေကို ကြိုပြီးတော့သိမ်းထားတဲ့ သဘောမျိုး သက်ရောက်နေတာ။ နောက်နောင်တွေမှာလည်း တိုင်မှတို့ အဲဒီလိုမျိုးတစ်ခုခုဆိုလည်း လာစစ်မယ်၊ စစ်တဲ့အခါမှာ အကြောင်းကြားပြီးတော့ ကြိုသိမ်းဖို့ အချိန်ရမယ်ဆိုလည်း ဘယ်တော့မှ မိမှာမဟုတ်ဘူး။ အဲဒါကို သေချာစနစ်တကျ တိုင်းကနေ ရှောင်တခင် ဝင်စစ်တာမျိုး တကယ်တမ်းက သူတို့ကို လိုင်စင်ချပေးထားတာ ကလေးကစားကွင်းဆိုတဲ့ ဟာမျိုးချပေးထားတာ။ ငွေပေးငွေယူ ဖြစ်လာပြီဆို ဒါလောင်းကစား ဖြစ်သွားပြီ။ နယ်လုံဝန်ကြီးကတော့ အဲဒီနေ့က ပြောသွားပါတယ်။ ဒါတွေက လောင်းကစားနဲ့ ငြိတယ်။ နောက်နောင်တိုင်ရင်တော့ ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောသွားတာပဲ။ ဒါပေမဲ့ အဲဒီလိုပြောရုံနဲ့ မရဘူးလေ။ တစ်ဖက်မှာ ဒီလိုဟာတွေ ရှိနေတယ်ဆိုတဲ့ အသံတွေ အခုပြန်ကြားလာရတယ်။ တချို့ဆိုင်တွေက ခုချိန်အထိ ရှိနေတုန်းပဲ။ မြို့ထဲမှာဆိုလည်း မြို့ထဲအလျောက်ရှိတယ်။ ဒါကြောင့် ဒီထက်ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ရဦးမယ်။ တိုင်ရင် အရေးယူပါ့မယ် ဆိုတဲ့ဟာနဲ့တော့ မလုံလောက်ဘူး” လို့ သူကဆက်ပြောပါတယ်။
ကလေးကစားကွင်းတွေမှာ လောင်းကစား လုပ်နေတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်တွေနဲ့သာ သက်ဆိုင်ပြီး အာဏာပိုင်တွေ ဘက်ကနေ အကြောင်းကြားလာပါက လိုင်စင်ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြိုကတော် စည်ပင်သာယာရေး ကော်မတီရဲ့ စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
“အဲဒီလိုင်စင်ချပေးလိုက်တဲ့ ဆိုင်တွေက စည်းကမ်းချက်နဲ့ လိုက်နာလား မလိုက်နာလားဆိုတာကို လူထုတိုင်တာကို စောင့်နေစရာမလိုဘူး။ စည်ပင်မှာလည်း တာဝန်ရှိတယ်။ ဒီဆိုင်တွေမှာ လောင်းကစားတွေလုပ်နေတာကို လူထုကတိုင်မှ သိရတယ်ဆို လုံးဝအဓိပ္ပာယ်မရှိဘူး။ စည်ပင်က လိုင်စင်ချပေးရုံနဲ့ မပြီးဘူး။ လိုင်စင်အတိုင်း ဒီဆိုင်တွေက လိုက်နာခြင်း မလိုက်နာခြင်းက သူ့မှာတာဝန်ရှိတယ်။ ဘာမှ ပြည်သူတိုင်တာကို စောင့်နေစရာမလိုဘူး။ ဒီဆိုင်တွေက လိုင်စင်စည်းကမ်းအတိုင်း လိုက်နာလား မလိုက်နာဘူးဆိုတာကို သူတို့ကိုယ်တိုင် စုံစမ်းပြီးတော့ ဖောက်ဖျက်ရင် အရေးယူတာတွေ ဘာတွေက သူတို့ကိုယ်တိုင် လုပ်ရမှာပေါ့” လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်က ပြောပါတယ်။
ဒါပေမဲ့ လောင်းကစားကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုကို တကယ်လုပ်ဆောင်ရမယ့် အဖွဲ့အစည်းက ရဲတပ်ဖွဲ့သာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်ဆိုပါတယ်။
“ဖမ်းဆီးတဲ့အပိုင်းက ရဲမှာ တာဝန်အရှိဆုံးပဲ။ ရန်ကုန်မှာ အဖွဲ့အစည်းပေါင်းက နည်းတာမှ မဟုတ်တာ။ စသုံးလုံးရှိတယ်။ CID ရှိတယ်။ ဒီလိုမဖမ်းဘဲနေတာဟာ သံသယဝင်စရာ ရှိတယ်။ မဖမ်းရင် မဖမ်းတဲ့ရဲမှာ တာဝန်ရှိတယ်” လို့ ဦးထွန်းအောင် ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြို့နယ်ရဲစခန်း စခန်းမှူးတစ်ဦးက “ကလေးကစားကွင်းတွေကို ဝင်ရောက် စစ်ဆေးတဲ့အခါ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ မြို့နယ်မှူးတွေ ပါရပါတယ်။ သူတို့ရဲ့ စီစဉ်မှုနဲ့ စစ်ဆေးရပါတယ်။ ရဲချည်းပဲ စစ်ဆေးလို့ မရပါဘူး။ သွားစစ်ဆေးရင် သူတို့ဆိုင်ကို တစ်ခုခုလုပ်ပါတယ်။ လက်ထောက်ချပါတယ်လို့ ပြောလာရင် ဘယ်လိုလုပ်မလဲ” လို့ဆိုပါတယ်။
ဒါပေမဲ့ လောင်းကစားဥပဒေ အခန်း ၃ လောင်းကစားအိမ်သို့ ဝင်ရောက်ဖမ်းဆီးခြင်း ပုဒ်မ ၄ (က) မှာ ‘မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး သို့မဟုတ် မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာမြို့နယ်အတွင်း လောင်းကစားအိမ်တွင် လောင်းကစားနေကြောင်း ယုံကြည်လောက်သော သတင်းရလျှင် သို့မဟုတ် ယုံကြည်ရန် အခြားလုံလောက်သော အကြောင်းအချက်များရှိလျှင် ထိုသတင်း သို့မဟုတ် အကြောင်းအချက်များကို ရေးမှတ်ပြီး မိမိကိုယ်တိုင် ထိုလောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးနိုင်သည်’ လို့ ပြဋ္ဌာန်းထားတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးအနေနဲ့ လောင်းကစား ပြုလုပ်နေတယ်လို့ ခိုင်လုံတဲ့ သတင်းရတာနဲ့ လောင်းကစားလုပ်နေတဲ့ နေအိမ်ကို သွားရောက်စစ်ဆေး ဖမ်းဆီးနိုင်ခွင့် ရှိနေပါတယ်။
အဂတိလိုက်စားမှုနဲ့ ဆက်နွှယ်နေမလား
ကလေးကစားကွင်းအမည်ခံ လောင်းကစားဂိမ်းဆိုင်တွေ လက်ရှိအချိန်အထိ ရှင်သန်နေနိုင်တာဟာ အဂတိလိုက်စားမှုနဲ့ ဆက်နွှယ်နေသလားဆိုတဲ့ ပြည်သူတွေရဲ့ မေးခွန်းကို တာဝန်ယူ ဖြေရှင်းပေးဖို့ အချိန်ကျနေပါပြီ။ အာဏာရှင် အဆက်ဆက်ကစလို့ လက်ရှိအချိန်အထိ တိုက်ဖျက်လို့မရသေးတဲ့ အရာတွေထဲမှာ အဂတိ လိုက်စားမှုကလည်း ပါဝင်နေပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ပြောင်းလဲခဲ့ပေမယ့် အဂတိ လိုက်စားမှုကိုတော့ ထိထိရောက်ရောက် တိုက်ဖျက်နိုင်ခြင်း မရှိခဲ့ပါဘူး။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာတော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ လုပ်ဆောင်မှုမျိုးကို မတွေ့ရှိခဲ့ရပါဘူး။
ဒါ့ပြင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနစ် သြဂုတ် ၇ ရက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၁၄ ခုနစ် ဇူလိုင် ၂၃ ရက် မှာတော့ ‘အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေ’ ပြဋ္ဌာန်းခဲ့ပါတယ်။
ဒီဥပဒေရဲ့ အခန်း (၂) ရည်ရွယ်ချက်များ ပုဒ်မ ၄ (က) မှာ ‘လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကို အမျိူးသားရေး တာဝန်တစ်ရပ် အဖြစ်ဆောင်ရွက်ရန်’ ဆိုပြီး ဖော်ပြထားပါတယ်။
လက်ရှိသမ္မတ ဦးထင်ကျော် လက်ထက်မှာတော့ ‘အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ’ ကို ၂၀၁၆ ခုနစ် ဇူလိုင် ၂၉ ရက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပေမယ့် လက်ရှိ အစိုးရသစ်လက်ထက်အထိ ထိရောက်တဲ့ အရေးယူ လုပ်ဆောင်မှုမျိုးတွေကို မတွေ့ရသေးတာကြောင့် ‘လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်’ ဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း ေ၀ဝါးနေဆဲသာ ဖြစ်နေပါတယ်။
ဒီလို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်မှုမရှိခဲ့လို့လည်း လာဘ်ပေးလာဘ်ယူမှုတွေဟာ လက်ရှိအချိန်အထိ ရှိနေသေးတာပါ။ ဝန်ထမ်းတွေရဲ့ အကျင့်ပျက် ခြစားမှုတွေကြောင့် လောင်းကစားဂိမ်းဆိုင်ကိစ္စဟာ လွှတ်တော်မှာ မေးမြန်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
“ဒါကို အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်။ ဒါတွေကို ဒေသဆိုင်ရာအုပ်ချုပ်သူတွေကလည်း ထိထိရောက်ရောက် တိုင်ကြားရမယ်။ အာဏာပိုင်တွေကလည်း ဒီလိုတိုင်ရင် လာဘ်ပေးလာဘ်ယူ မလုပ်ဘဲ အရေးယူရမယ်။ ဒီလိုမလုပ်ရင် သူတို့လည်း ကြံရာပါ ဖြစ်သွားမှာပေါ့” လို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။
ဒီလို ကလေးကစားကွင်းအမည်ခံ လောင်းကစားဂိမ်းဆိုင်တွေ ရှင်သန်နေနိုင်တာဟာ လိုင်းကြေးနဲ့ ရာထူးအရှိန်အဝါ အသုံးချမှုတွေကြောင့် ဖြစ်နိုင်ပြီး ဒါတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုပါတယ်။
“လိုင်းကြေးရှိမယ်။ အကပ်တွေ ရှိနိုင်တယ်။ တချို့က ရဲကနေ လိုင်းကြေးယူပြီးတော့ ခွင့်ပြုထားတာလည်း ရှိနိုင်တယ်။ လိုင်းကြေး မဟုတ်ဘဲ ရဲတွေကိုယ်တိုင်က မဖမ်းရဲတာပေါ့။ ရဲသွားဖမ်းတော့လည်း အဘနာမည် ရွတ်ပြလိုက်တာမျိုး အဲဒီလိုဟာမျိုးတွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုဟာတွေက အရင်တုန်းက ရှိခဲ့တာမျိုးပေါ့။ အခုနောက်ပိုင်းတော့ အဲဒီကိစ္စမျိုးတွေကို ဘယ်လိုမှ ညှာတာမနေဘဲနဲ့ ထိထိရောက်ရောက် အရေးယူရမှာပဲ” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
နောက်ထပ် စဉ်းစားစရာတစ်ချက်က ဒီဂိမ်းဆိုင်တွေဟာ ဘယ်သူမဆို ဝင်ရောက်ကစားနိုင်တာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည့်တန်ဆာ အမှုဖမ်းသလိုမျိုး အသွင်ယူပြီး ဖမ်းဆီးလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖမ်းဆီးလို့ ရနိုင်ပေမယ့်လည်း ဘာကြောင့် မဖမ်းဆီးရလဲဆိုတာကတော့ ရဲတပ်ဖွဲ့ဝင်တွေကို မေးခွန်းထုတ်ရပါလိမ့်မယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေ ဦးထွန်းအောင်က “အသွင်ယူပြီး ဖမ်းလို့ရတာကို မဖမ်းဘဲနေခြင်းသည် ဘာကြောင့် မဖမ်းသလဲ။ ဒီလောင်းကစားရုံတွေနဲ့ တစ်မျိုးတစ်ဖုံ ဆက်သွယ်မှုရှိတယ်။ နီးစပ်မှုရှိတယ်ဆိုတာကို ဖော်ညွှန်းသလို ဖြစ်နေတယ်။ ဥပဒေရဲ့ နောက်ကွယ်မှာ ဆက်စပ်မှုရှိနေတယ်လို့ ထင်မြင်ယူဆတယ်။ အဂတိ လိုက်စားမှုတွေ ရှိနေတယ်လို့ ယူဆတယ်”လို့ဆိုပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကလေးကစားကွင်း အမည်ခံထားတဲ့ တရားမဝင် လောင်းကစားဂိမ်းဆိုင်တွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေသလို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ကလည်း ဂိမ်းဆိုင်အတွင်း လောင်းကစားမှု ပြုလုပ်နေမှု ရှိမရှိကို အမြဲတစေ ဝင်ရောက်စစ်ဆေးပြီး တွေ့ရှိပါက ချက်ချင်း အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ လိုင်စင်ချပေးတာကြောင့် ထွက်ပေါ်လာတဲ့ ကလေးကစားကွင်းတွေဟာ လက်ရှိအချိန်မှာတော့ အမည်ခံသက်သက်သာ ဖြစ်နေပြီး လူတိုင်းကို လောင်းကစားလုပ်ဖို့ တွန်းအားပေးနေသလို ဖြစ်နေတဲ့အပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို မဆောင်ရွက်နိုင်သေးရင်တော့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေရဲ့ အခန်း (၂) ပုဒ်မ ၄ (ခ)က ရည်ရွယ်ချက်ဖြစ်တဲ့ ‘သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်’ အချက်ဟာ ဘယ်လိုမှ ဖြစ်လာနိုင်ဖွယ်ရာမရှိပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “ဒီဟာကို တကယ်ပပျောက်အောင် လုပ်မယ်ဆိုရင် ဘယ်လိုစီမံကိန်းတွေနဲ့ ဘယ်လိုလုပ်မယ်ဆိုတဲ့ ဟာမျိုးနောက်ပြီး အက်ရှင်တွေယူမှ ရတော့မယ်။ အခုဟာက လွှတ်တော်လည်း သိက္ခာကျတယ်။ အစိုးရလည်း သိက္ခာကျတယ်။ လွှတ်တော်မှာ မေးတယ်။ ဝန်ကြီးက ဖြေသွားတယ်။ ဒါပေမဲ့ အောက်ခြေမှာတော့ ဒါမျိုးတွေ ဆက်ဖြစ်နေတုန်းပဲဆိုရင်တော့ တကယ်တမ်းပြောရင် တော်တော်လေးကို သိက္ခာကျတယ်။ အစိုးရအဖွဲ့ရော ကျွန်တော်တို့ လွှတ်တော်ရော သိက္ခာကျတာပေါ့” လို့ပြောပါတယ်။       

Most Read

Most Recent