မြန်မာနိုင်ငံတွင် တန်ဖိုးမြင့် အိမ်ရာဈေးကွက် လိုအပ်ချက်ကို ပုဂ္ဂလိက,က ဖြည့်ဆည်းနိုင်သော်လည်း တန်ဖိုး အလယ်အလတ်နှင့် တန်ဖိုးနည်းအိမ်ရာ ဈေးကွက်ကို ဖော်ဆောင်သည့် နေရာတွင် ပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိသေးပေ။ လက်ရှိအချိန်၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို ဖော်ထုတ်လျက်ရှိပြီး နေအိမ်ခန်းလိုအပ်သော အစိုးရဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ အိမ်ခန်းမရှိသော အမှန်တကယ် လိုအပ်သူများ၊ အလုပ်အကိုင်ရှိသော အိမ်ထောင်သစ် ထူထောင်သူများနှင့် လူမှုရေးအရ ပေးရမည့်သူများအတွက် ခွဲတမ်းပေး၍ ရောင်းချမည်ဖြစ်ကာ ခွဲတမ်းထက် လျှောက်ထားသူများပါက မဲနှိုက်သည့် စနစ်ဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်နှင့် ချိတ်ဆက်ကာ ရောင်းချမည်ဟု သိရသည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ကသာ ငွေချေးခြင်း၊ ငွေကြေးထုတ်ပေးခြင်း ဆောင်ရွက်နိုင်သဖြင့် အိမ်ရာအတွက် ရည်ရွယ် တည်ထောင်ထားသော အဆိုပါဘဏ်တွင် ဘဏ်စာရင်း တစ်ခုဖွင့်ပြီး ငွေစုသည့်စနစ် စတင်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသဖြင့် ဘဏ်နှင့်မည်ကဲ့သို့ ချိတ်ဆက် ဝယ်ယူနိုင်သည်၊ ပေးဆပ်ရန် ကျန်ရှိငွေများအတွက် အတိုးနှုန်းစသည်ဖြင့် နှစ်ရှည်ချေးငွေ အစီအစဉ်များနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်နှင့် ၎င်း၏ရုံးခန်း၌ သွားရောက်တွေ့ဆုံကာ မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။
■ မေး - ပထမဆုံး မေးချင်တာကတော့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါ။ဖြေ - ဒီဘဏ်ကို စပြီးဖွဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာပြည်သူပြည်သားတွေဟာ ကိုယ့်အိမ်လေးနဲ့ကိုယ် နေထိုင်နိုင်စေချင်တဲ့ ဆန္ဒနဲ့ နိုင်ငံတော် အစိုးရကနေပြီးတော့မှ အိမ်ကလေးတစ်လုံးနဲ့ နေနိုင်အောင် ဆောင်ရွက်ပေးနိုင်ဖို့ကို နည်းလမ်းတွေ ရှာခဲ့တာပေါ့။ နည်းလမ်းတွေရှာတော့ ဒီနေရာမှာ ပြည်သူတွေ ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေနိုင်ဖို့အတွက် အနီးအနား နိုင်ငံတွေကို လေ့လာလိုက်တဲ့အခါမှာ Housing Mortgage (နေအိမ် အပေါင်စနစ်) လို့ခေါ်တဲ့ အိမ်ရာ ချေးငွေလေးတွေနဲ့ နှစ်အတိုင်းအတာ တစ်ခုကို ချေးပေးမှ သူတို့တွေ ဝယ်နိုင်မယ်ဆိုတဲ့ အဖြေတစ်ခုထွက်တယ်။ နောက်တစ်ခုက ဒီ Financial Megnism တစ်ခုကို ထူထောင်ပြီးတော့ ဒီလိုလုပ်တဲ့အခါ ဘဏ်တစ်ခုကို ထူထောင်ပြီးတော့ ဘဏ်ကနေ ပြီးတော့မှတစ်ဆင့် ဒီအလုပ်ကလေးတွေလုပ်ရင် ဒါဟာပုံမှန်ဖြစ်ပြီး လုပ်နိုင်မယ်ဆိုတဲ့ အနေအထားတစ်ခုကို လေ့လာတွေ့ရှိရတဲ့ ဒီအနေအထားပေါ်မှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေ ဦးဆောင်ကြီးကြပ်ပြီး ဒီအထဲမှာ ရှယ်ယာလည်း ထည့်ပြီးတော့မှ ဒီဘဏ်ကြီးကို Semi-Government ဘဏ်အနေနဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာစပြီး ထူထောင်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
■ မေး - အခု ဒီဘဏ်က ပြည်သူတွေ အိမ်ရာ ဝယ်ယူလို့ရအောင် ထူထောင်ထားတယ်ဆိုတော့ ပြည်သူတွေအနေနဲ့ အိမ်ရာဝယ်လို့ရအောင် ဘာတွေ လုပ်ဆောင်ထားဖို့လိုပါသလဲ။ဖြေ - အဲဒီဟာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အချီးလေး နည်းနည်းလေးပြောရရင် ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မကုန်ခင်မှာ Pilot Project ပေါ့။ Project တစ်ခု အနေနဲ့ နိုင်ငံတော်အစိုးရ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တည်ဆောက်ထားတဲ့ ရွှေလင်ပန်းအိမ်ရာ၊ ရွှေလင်ပန်းအိမ်ရာကို ပြည်သူတွေကို စပြီး ရောင်းပေးတော့မယ်ဆိုပြီး ရောင်းပေးလိုက်တဲ့ စနစ်တစ်ခုအပေါ်မှာ ပြည်သူတွေကို ကျွန်တော်တို့က ပိုက်ဆံချေးပေးမယ်။ သူတို့က Down Payment နဲ့ အဲဒီစနစ်တစ်ခုကို စပြီး လုပ်ကြည့်ခဲ့တယ်။ လုပ်ကြည့်လိုက်တဲ့အခါ ပြည်သူလူထုထဲမှာ အိမ်ကို မဲပေါက်ပြီးတော့မှ Down Payment မပေးနိုင်ဘူး။ ဒီအိမ်ကို မဲသာလာ နှိုက်တယ်။ သူ့အနေနဲ့ ဒီအိမ်ကို ပေးဆပ်ရမယ့် ငွေအနေအထားကိုလည်း သူ့အနေနဲ့ မသိဘူး။ အဲဒီတော့ အဲဒီမှာ တစ်လတစ်လကို ဒီအိမ်ဝယ်လို့ရှိရင် သူတို့ရဲ့ ဝင်ငွေထဲကနေပြီးတော့မှ မိသားစုဝင်ငွေထဲက ရာခိုင်နှုန်း ၃၀ လောက်ဖြစ်တဲ့ ၁၂၀၀၀၀ လောက်ကို ပေးဆပ်ရမယ် ဆိုတော့လည်း မပေးနိုင်ကြဘူး။ ဆိုတဲ့အခါ ဘာအခက်အခဲ သွားတွေ့နေလဲဆိုတော့ ပြည်သူလူထုက မဲသာပေါက်ပြီး သူတို့အနေနဲ့ ဝယ်ယူနိုင်တဲ့ အနေအထားတစ်ခုကို မရလာခဲ့ဘူး။ အဲဒီအခါ ပြည်သူတွေအနေနဲ့ အိမ်လိုချင်လာလို့ ရှိရင်တော့ ကိုယ့်ဘက်က အိမ်ဝယ်နိုင်အောင် ပြင်ဆင်ရမယ်။ ကိုယ့်ဘက်ကလည်း အိမ်ဝယ်နိုင်အောင် ငွေတွေ စုဆောင်းရမယ်ဆိုတဲ့ အနေအထားတစ်ခုကို တွေ့လာရတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ ဘဏ်အနေနဲ့ အိမ်ကို ဝယ်နိုင်ဖို့အတွက် သီးခြား ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးတဲ့ Housing Saving ဆိုတဲ့ အကောင့်တစ်ခုကို ထူထောင်ပြီးတော့ စဖွင့်ပေးခဲ့တယ်။ အဲဒီ Housing Saving ကို စဖွင့်ပေးလိုက်တဲ့ အဓိက ရည်ရွယ်ချက်က ဒီအိမ် ဒီဘဏ်ထဲ မှာ Housing Saving ထဲမှာ ပုံမှန်ငွေလေးတွေ လာစုနေမယ်ဆိုရင် သူ့အနေနဲ့ ရာခိုင်နှုန်း ၃၀ ကို တစ်နေ့မှာ ပြည့်လိမ့်မယ်။ အဲဒီပြည့်သွားတဲ့ အချိန်မှာ အိမ်ဝယ်ဖို့အတွက် သူအခွင့်အရေး ရလာလိမ့်မယ်။ ရလာတဲ့ အတွက်ကြောင့် အဲဒီအခွင့်အရေးကို ကျွန်တော်တို့က သူ့ကို ရာခိုင်နှုန်း ၇၀ ကို ချေးပေးတယ်။
■ မေး - ခုချိန်မှာ ဒီဘဏ်မှာ စာရင်းလာရောက် ဖွင့်လှစ်ထားသူ ဘယ်လောက်များ ရှိသွားပြီလဲ။ဖြေ - ကျွန်တော်တို့က အဲဒီစာရင်းကို သြဂုတ် ၁ ရက်က စဖွင့်လိုက်တယ်။ သြဂုတ် ၁ ရက်ကနေ အောက်တိုဘာ လယ်လောက်အထိကို ကြည့်မယ်ဆိုရင် စုစုပေါင်းလာစုတဲ့ ဦးရေက ၆၀၀၀ လောက်ရှိမယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၁၊ ၂၂၊ ၂၃ မှာ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မလုပ်ဖူးတဲ့ Affordable Housing Expo-2016 လို့ဆိုပြီး လုပ်လိုက်တဲ့အခါ ပြည်သူလူထုက အဲဒီ Expo မှာ လာကြည့်ပြီးတော့မှ ဒီအိမ်ကို ဝယ်နိုင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကလည်း အိမ်ရာတွေကို ပြထားတယ်။ ဒီအိမ်တွေကို ဘယ်လိုရောင်းပေးမယ် ပြောတယ်။ ကျွန်တော်တို့ကလည်း ဒီအိမ်တွေကို ဘယ်လိုဖွင့်လို့ရှိရင်တော့ဖြင့် ဝယ်နိုင်တယ်ဆိုတဲ့ အကြောင်းကို အောက်တိုဘာ ၂၁၊ ၂၂၊ ၂၃ ကို လုပ်လိုက်ပြီးအခါမှာ ဒီနေ့ဆိုရင် နောက်ထပ် လူ ၂၀၀၀ လောက်ထပ်စု ဖြစ်ပါတယ်။ အဲဒီတော့ ၈၀၀၀ လောက် ဖြစ်သွားပြီ။
■ မေး - လက်ရှိမှာ ဆရာတို့စပြီး ရောင်းမယ့် အိမ်ရာ ဘယ်လောက်ရှိပါသလဲ။ဖြေ - မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အနေနဲ့ အခုစပြီးတော့ ရောင်းနိုင်မယ့် အိမ် ၂၀၀၀ လောက် ရှိနေပြီ။ နောက်ထပ် နှစ်နှစ်အတွင်းမှာ ၈၀၀၀ လောက်ထပ်ပြီး ဆောက်ဦးမယ်။ ဆိုတော့ အဲဒီအိမ်တွေကို သူတို့ဆောက်ရင်းနဲ့ ရောင်းပေးသွားမှာပေါ့။
■ မေး - လက်ရှိမှာ အိုး/အိမ်က ဒီဘဏ်နဲ့ ချိတ်ပြီး ရောင်းမှာက အိမ်ခန်း ၂၀၀၀ ကျော်ရှိတယ်။ ဒီဘဏ်မှာ လာပြီးစာရင်းဖွင့်ထားတဲ့သူတွေက ၈၀၀၀ လောက် ရှိတယ်ဆိုတော့ သူတို့အထဲကပဲ မဲနှိုက်ပြီး ရောင်းပေးမှာလား။ နောက်တစ်ခုက ငွေစုစာရင်း မဖွင့်ရသေးပေမယ့် ရာခိုင်နှုန်း ၃၀ Down Payment ကို ချက်ချင်းပေးနိုင်ပြီး ကျန်တဲ့ငွေကို အရစ်ကျ ဆပ်နိုင်တဲ့သူတွေ အတွက်ရော အိမ်ဝယ်ဖို့အတွက် ဘယ်လိုအခွင့်အရေး ရှိသလဲဆိုတာလည်း ရှင်းပြပေးပါ။ဖြေ - အဲဒီတော့ Housing Saving အကောင့်ကို ဖွင့်တဲ့ရည်ရွယ်ချက်က အိမ်ကို တကယ်ဝယ်ချင်ပြီးတော့မှ တကယ်နေမယ့်သူတွေ တကယ်ဝယ်လို့ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်ပါတယ်။ ပါတဲ့အခါ သူတို့ကလည်း တစ်ရစ်ရစ် စုကြမယ်ဆိုတဲ့အခါ ခုနကလို ရာခိုင်နှုန်း ၃၀ ပြည့်ဖို့ဆိုတာ တစ်ချိန်တည်းမှာ မပြည့်ကြဘဲ အချိန်အတိုင်းအတာ တစ်ခုစီနဲ့ ပြည့်လာကြမယ်လေ။ ဒီလိုဖြစ်လာမယ့် သူတွေအတွက် ရောင်းပေးစေချင်တဲ့ ဆန္ဒနဲ့လုပ်တာ။ ဒါပေမဲ့ တစ်ခါတည်း လာထည့်ပြီး ဝယ်လို့မရဘူးလားဆိုတော့ လာထည့်တဲ့ ရာခိုင်နှုန်း ၃၀ ကို သူကထည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ဘက်ကလည်း စစ်မယ်။ ခုနကပြောသလို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနကလည်း ဘာစစ်မလဲဆိုတော့ ရာခိုင်နှုန်း ၃၀ ကို ဘဏ်အနေနဲ့ ဘယ်ကနေ လာထည့်သလဲ၊ ဒါမှမဟုတ် တခြားဘဏ်မှာ စုထားတဲ့ဟာကို လာထည့်တယ်ဆိုရင် တရားဝင်တယ်၊ သူက စုထားတာကိုး။ ပြီးရင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အနေနဲ့လည်း တစ်လတစ်လ ပြန်လည် ပေးဆပ်နိုင်မယ့် ဝင်ငွေ ဘယ်လောက်ရှိသလဲဆိုတာ သူတို့စစ်မှာ၊ အဲဒါတွေပြည့်စုံမှ ဝယ်ခွင့်ရမှာပါ။ ဒီလိုလာထည့်လို့ ဒီလိုလည်း ပြည့်စုံတယ်ဆိုရင် ဝယ်ခွင့်ရမလားဆိုတော့ ဝယ်ခွင့်ရမယ်။ ဒါပေမဲ့ သူက ဒီနေ့မှ ထည့်တယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့လတွေတုန်းက ပြည့်ခဲ့တဲ့သူတွေက စီနီယာအတိုင်း ၁၊ ၂၊ ၃၊ ၄၊ ၅ စသဖြင့် စီထားပြီးပြီ။ သူလာထည့်ပြီး ပြည့်သွားတဲ့နေ့လည်း ဖြစ်တယ်။ သူကလည်း ဝယ်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ပြည့်စုံတယ်ဆိုရင် သူက နံပါတ် ၃၁ ဖြစ်သွားမယ်။ သူက နံပါတ် (၁) မဖြစ်ဘူး။ အဲဒီတော့ သဘောကတော့ အိမ်ကို ရောင်းပေးဖို့အတွက် ကိုဦးစားပေးတဲ့ ပြည့်တဲ့ နေ့အလိုက် ဦးစားပေးပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒါကို ဘာကာကွယ်ထားလဲဆိုတော့ အပြင်ကနေ သူများငွေနဲ့ဝယ်၊ ဝယ်ပြီးတော့မှ ပြန်ရောင်းတဲ့ဟာတွေကို ကာကွယ်တဲ့ သဘောလည်း ပါတယ်။ အဲဒီလို လာရောင်းနေရလို့ရှိရင် ခုနတုန်းကလို တကယ် ဝယ်ချင်တဲ့သူတွေက အိမ်ကို မဝယ်နိုင်ဘဲ ဖြစ်သွားမှာလေ။
■ မေး - ဆိုတော့ အပြင်ကနေ ရာခိုင်နှုန်း ၃၀ ကို ချက်ချင်း ပေးသွင်းနိုင်တဲ့သူတွေက ဝယ်ခွင့်တော့ရှိတယ်။ ဒါပေမဲ့ အဲဒီရာခိုင်နှုန်း ၃၀ ကို ဒီဘဏ်မှာတော့ လာထည့်ဖို့လိုတယ်။ အဲဒါမှ ရာခိုင်နှုန်း ၃၀ ပြည့်မီသူတွေ တန်းစီထားတဲ့ စာရင်းမှာ သူပါနိုင်မယ်။ သူ့ရဲ့ သတ်မှတ်တဲ့ အရည်အချင်းနဲ့ ပြည့်စုံမှပဲ ဝယ်ခွင့်ရှိမယ်ပေါ့နော်။ဖြေ - အပြင်မှာ စုထားတဲ့သူကျတော့ အခုကကျွန်တော်တို့က အိုး/အိမ်ကို နေ့တိုင်း Registration ဆိုတာကို ပို့ပေးရတယ်။ ဆိုတော့ အိုး/အိမ်က Registration လုပ်သွားပြီ။ အဲဒီတော့ Registration ထဲမှာပါသွားဖို့ တခြားဘဏ်မှာ စုထားတဲ့ ပိုက်ဆံ၊ အပြင်မှာစုထားတဲ့ ဟာကို Registration ထဲမှာပါဖို့ဆိုရင် ဒီထဲမှာ လာစုထားဖို့ လိုအပ်ပါတယ်။ ကိုယ်မှာရှိရင် အပြင်မှာမစုနဲ့၊ ဒီမှာပဲလာစုပါ။ ကြိုထည့်ထားမှ။ Registration က နံပါတ်နဲ့ အစဉ်လိုက်သွားတာ။ အဲဒီနံပါတ် မဖြတ်ဘူး။ Registration နံပါတ်က ၇ ဆိုရင် ၇ အတိုင်းသွားမှာ။ ကိုယ်က နောက်ဆုံးကျမှလာပြီး ထည့်ရင် ပိုက်ဆံရှိနေလျက်နဲ့ Registration က နောက်ကျသွားသလို ဖြစ်ပြီး Chance နည်းသွားမှာပေါ့။ ဆိုလိုတာက ဒီဘဏ်မှာတော့ လာစုဖို့ လိုကိုလိုအပ်ပါတယ်။
■ မေး - အဲဒီမှာ အတိုးနှုန်းကိုလည်း ပြောပြပေးပါဦး။ဖြေ - အတိုးနှုန်းက ၁၂ ရာခိုင်နှုန်း၊ ပြီးတော့မှ ဝန်ဆောင်ခအနေနဲ့ တစ်ရာခိုင်နှုန်း ယူတယ်။ ရှစ်နှစ်ဆိုတဲ့အခါမှာ ပထမဦးဆုံး တစ်နှစ်ကိုပဲ ဝန်ဆောင်ခ တစ်ရာခိုင်နှုန်း ယူတယ်။ ကျန်တဲ့နှစ်တွေ လတွေမှာတော့ ဝန်ဆောင်ခ မပါဘဲနဲ့ အတိုးနှုန်း ၁၂ ရာ ခိုင်နှုန်းနဲ့ပဲ တွက်ပါတယ်။
■ မေး - ဆိုတော့ ရာခိုင်နှုန်း ၃၀ ကိုပေးလိုက် ပြီးတဲ့နောက် ကျန်တဲ့ ရာခိုင်နှုန်း ၇၀ အတွက် ရှစ်နှစ်စာ အတိုးကို တစ်ခါတည်း ပေးရမှာလား၊ ဒါမှမဟုတ် နှစ်အလိုက် သွားမှာလား။ဖြေ - ကျွန်တော်တို့တွက်တာက ရှစ်နှစ်စာကို ပထမတစ်နှစ်စာ အတွက် ၁၃ ရာခိုင်နှုန်းနဲ့ တွက်တယ်။ ကျန်တဲ့နှစ်တွေကို ၁၂ ရာခိုင်နှုန်းနဲ့ တွက်တယ်။ အဲဒါတွေ အားလုံးပေါင်းပြီးမှ အဲဒီလနဲ့ စားပြီးတော့မှ ရလာတာကို တစ်လတစ်ခါ ပုံမှန်ထည့်ရမှာ။ အခုဟာကတော့ အတိုးရော အရင်းရော သူ့ဟာသူပါသွားမယ်။ ဒါပေမဲ့ တစ်လတစ်ခါ ပုံမှန်ထည့်သွားရမယ်။ တစ်လ ၁၂၀၀၀၀ ဆိုလည်း လစဉ် ၁၂၀၀၀၀ နှုန်းနဲ့ ရှစ်နှစ်ပြည့်သည်အထိ ထည့်သွားရမှာ။
■ မေး - အခု အခန်း ၂၀၀၀ ပြီးရင် နောက်ထပ် ရောင်းသွားမယ့် အခန်းတွေရဲ့ အစီအစဉ်ကိုလည်း ပြောပြပေးပါ။ဖြေ - အဲဒါကတော့ အခု ၂၀၀၀ အထိ သူတို့မှန်းထားပေမယ့် အိမ်ကို နောက်ထပ် နှစ်အလိုက်ဆက်ပြီး ဆောက်ပေးသွားမှာပဲ။ တောက်လျှောက် ရောင်းပေးသွားမှာပဲ။
■ မေး - ဒီဘဏ်ကို စဖွင့်တုန်းက မ,တည် ရင်းနှီးငွေက ကျပ်ဘီလျံ ၁၀၀ ရှိတယ်လို့ သိရပါတယ်။ အခုလက်ရှိမှာ ဘဏ်ရဲ့ မတည်ရင်းနှီးငွေက ဘယ်လောက်ရှိနေပါပြီလဲ။ဖြေ - ဟုတ်ပါတယ်။ ဘဏ်စဖွင့်တုန်းက မ,တည် ရင်းနှီးငွေက ကျပ်ဘီလျံ ၁၀၀ ပါ။ အခု ကျပ်ဘီလျံ ၂၀၀ ဖြစ်နေပါပြီ။
■ မေး - နောက်ထပ် ဖြည့်စွက် ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဆရာ။ဖြေ - အမှန်ကတော့ လူထုကို မက်ချ်ဆေ့ပေးချင်တာက အိမ်ဝယ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ အိမ်ကိုဝယ်မယ်ဆိုရင် ငွေကစုကိုစုရမှာပဲ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စုထားမှ အဆင်ပြေမယ်။ ဆိုတော့ အိမ်ရာ စုဆောင်းငွေ Housing Saving ဟာ ကိုယ့်အတွက် ဘယ်လောက်အထိ အကျိုးကျေးဇူးရှိတယ်ဆိုတာ ပြောပြရရင် ဒီစုငွေတွေဟာ ကိုယ်ဒီလိုစုဖို့ဆိုရင် စုနိုင်ဖို့အတွက် ကိုယ့်အနေနဲ့ ကိုယ့်ဝင်ငွေထဲက အနည်းဆုံး အမောင့်တစ်ခုကို စုနေရင်း စုနေရင်းနဲ့ ကိုယ်ဟာ အိမ်ပိုင်ရှင် ဖြစ်လာတယ်လေ။ အိမ်ပိုင်ရှင် ဖြစ်လာရုံတင်မကဘူး။ ဒီအိမ်နဲ့ပတ်သက်လို့ တိုးချဲ့ချင်တာရှိမယ်။ ပြုပြင်ချင်တာရှိမယ်၊ အိမ်နဲ့ပတ်သက်လို့ အထဲထဲမှာ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ချင်တာရှိမယ်။ လစဉ်နဲ့အမျှ မီးဖိုး၊ ရေဖိုး၊ အခြားအခွန်အခတွေ ပေးစရာရှိမယ်၊ ဒီအထဲကနေ ပေးလို့ရတယ်။ အဲဒီအပြင် အခု မြို့ပြနဲ့အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အနေနဲ့ နောက်ထပ် အခွင့်အရေးတစ်ခု ဘာလုပ်ထားလဲဆိုတော့ အခုလောလောဆယ်မှာ ၁၀၀ တန် အိမ်ကို ဝယ်တယ်ပေါ့။ ဒါပဲဝယ်နိုင်တယ်။ စဝယ်တယ်။ ဒါပေမဲ့ ကိုယ်ကလည်း မိသားစုက တဖြည်းဖြည်းနဲ့ များလာတယ်။ မိသားစုဝင်ငွေတွေကလည်း တဖြည်းဖြည်းနဲ့ တိုးလာတယ်။ အဲဒီအခါမှာ ၂၀၀ တန်တဲ့အိမ်ကို ကိုယ်ကဝယ်နိုင်တဲ့ အဆင့်ကို ရောက်လာတဲ့အခါကျရင် အဲဒီ ၁၀၀ တန်တဲ့အိမ်ကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနကို ပြန်ရောင်း၊ ပြန်ရောင်းလို့ရတဲ့ငွေနဲ့ ၂၀၀ တန်တဲ့ အိမ်ကိုဝယ်၊ အဲဒီမှာ ငွေထပ်လိုတယ်။ အဲဒီလိုတဲ့ ငွေကို ဒီဘဏ်က ထပ်ချေးပေးမယ်။
■ မေး - နှစ်ရှည်ချေးငွေကို နှစ်ထပ်တိုးဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီအစီအစဉ် ပြောပြပေးပါ။ဖြေ - အခုက ရှစ်နှစ်အထိ ပေးထားတာကနေ နောက်ထပ်လာမယ့် အခန်း ၂၀၀၀ အတွက် ၁၀ နှစ်အထိ ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နောက်ထပ်နှစ်တွေ တိုးဖို့ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ရန်ပုံငွေ၊ နှစ်ရှည်ရှည် ထားနိုင်မယ့် ရန်ပုံငွေတွေ ရလာမယ်ဆိုရင်တော့ ထပ်ပေးနိုင်ပါလိမ့်မယ်။
■ မေး - နောက်ဆုံးတစ်ခု အနေနဲ့ အိမ်ရာဝယ်ဖို့အတွက် လျှောက်လွှာဝယ်ချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲ။ဖြေ - လျှာက်လွှာက အိုး/အိမ်က သူတို့ရောင်းမယ့် အစီအစဉ် သူတို့ ကြေညာမှာပါ။ အဲဒီမှာ ဝယ်ရုံပဲ။ ကျွန်တော်တို့ ဘဏ်ကတော့ အရောင်းမလုပ်ပါဘူး။ ငွေကြေးစုဆောင်းမှု အပိုင်းကိုပဲ လုပ်ဆောင်ပါတယ်။
“အတိုးနှုန်းက ၁၂ ရာခိုင်နှုန်း၊ ပြီးတော့မှ ဝန်ဆောင်ခအနေနဲ့ တစ်ရာခိုင်နှုန်း ယူတယ်။ ရှစ်နှစ်ဆိုတဲ့အခါမှာ ပထမဦးဆုံးတစ်နှစ်ကိုပဲ ဝန်ဆောင်ခ တစ်ရာခိုင်နှုန်း ယူတယ်”
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်နှင့် တွေ့ဆုံခြင်း