ယခုရက်ပိုင်းအတွင်း စာအုပ်တစ်အုပ် ဖတ်ဖြစ်သည်။ အဆိုပါစာအုပ်ထဲမှာ ပြင်သစ်တွေးခေါ်ရှင် ဖူကိုး(Michel Foucault) ၏ ပါဝါအယူအဆနှင့် ပတ်သက်ပြီး ဆရာမြင့်သန်း ပြန်ရေးထားသည့် ဆောင်းပါးတစ်ပုဒ် ပါဝင်သည်။ ဆောင်းပါးနာမည်က “အပြင်ဘက်မှာမရှိတဲ့ ဖူကိုးရဲ့ ပါဝါနဲ့ ဘာဘာညာညာ”ဟူ၍ ဖြစ်သည်။
ပါဝါ (Power) ဟူသော စကားလုံးကို ကျွန်တော်တို့ရပ်ထဲရွာထဲမှာ “သြဇာ” “အာဏာ” “လုပ်ကိုင်ခွင့်” သဘောမျိုး ယေဘုယျ ပြောဆို သုံးနှုန်းလေ့ရှိကြပါသည်။ “သွားမလုပ်နဲ့ သူ့အဖေက ပါဝါရှိတယ်”ဟူသော စကားမျိုးကို မကြာခဏ ကြားရလေ့ရှိသည် မဟုတ်ပါလား။ တစ်နည်းပြောရလျှင် ကျွန်တော်တို့သည် “ပါဝါ”ဟူသော စကားကို အဆိုးမြင်ရှုထောင့်မှသာ သုံးသပ်ရှုမြင် ပြောဆိုလေ့ရှိကြပါသည်။ (ယေဘုယျ ခြုံငုံပြောခြင်းဖြစ်ပါသည်။ အားလုံးကို မဆိုလိုပါ။)
ဖူကိုးသည် အဆိုပါ “ပါဝါ” ဟူသော စကားလုံးကို အသေးစိတ် စေ့စေ့စပ်စပ် သေသေချာချာ လေ့လာခဲ့သူဖြစ်ပါသည်။ ဖူကိုးသည် “ပါဝါ”ကို အစဉ်အလာအမြင်ကနေ ဖဲ့ထွက်ပြီး ကြည့်မြင်သုံးသပ်သည်။ အနောက်တိုင်း သမိုင်းထဲက သီဝရီအခြေခံ ပါဝါအမျိုးမျိုးကို ပြန်ပြီး မေးခွန်းထုတ်ခဲ့သည်။ ဖူကိုး လေ့လာတင်ပြခဲ့သည့် ပါဝါအမြင်တွေကို အကြမ်းဖျင်းကြည့်လျှင် သုံးမျိုးတွေ့နိုင်ပါသည်။ ခေတ်သစ်ကာလမတိုင်ခင် (၁၇ ရာစုအဆုံးအထိ) အမြင်မှာ “အချုပ်အခြာ အာဏာပိုင် ပါဝါ ” (Sovereign Power) ဟူ၍ဖြစ်သည်။ အဆိုပါပါဝါကို အနောက်တိုင်း သမိုင်းတစ်လျှောက်လုံး အနက်ယူ လွဲခဲ့သည်ဟု ဆိုပါသည်။ “ပါဝါ” ကို တရားစီရင်ရေးနှင့် အုပ်ချုပ်မှု အခြေခံပြီး ဆင်ခြင်သုံးသပ် လက်ခံထားလိုက်သောကြောင့် “အကျိုးတရား” ထက် “အဆိုးတရား”အတွက် အသုံးချသလိုဖြစ်နေခဲ့ပါသည်။ ထိုအခါ “ပါဝါ” သည် ဥပဒေ၊ စည်းကမ်းအသွင်ကို ဆောင်လာသည့်အတွက် အထက်ကနေ အောက်ကို ထိန်းချုပ်သည့် ပုံစံမျိုးဖြစ်လာသည်။ “ပါဝါ” သည် ဥပဒေအခြေခံ တားမြစ်မှုတွေကို ဆင့်ကဲထုတ်လုပ်သည့် စက်ယန္တရားတစ်ခုကို ဖြစ်နေသည် ဟု ဖူကိုးက သုံးသပ်ပြခဲ့ပါသည်။
ခေတ်သစ်ကာလမှာတော့ “ပါဝါ”သည် စည်းကမ်းနည်းလမ်း အခြေခံပါဝါ (Disciplinary Power) နှင့် ဇီဝအခြေခံ (လူအခြေခံ) ပါဝါ (Biopower) ဟူ၍ ရှိခဲ့သည်ဟု ဆိုပါသည်။ အချုပ်အခြာအာဏာ ပါဝါကနေ နောက်ထပ်ပါဝါ တစ်မျိုးဆီ ပြောင်းလဲလာသည့် သဘောပါပဲ။ အဆိုပါ ပါဝါသည် ၁၈ ရာစုမှာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခင် အချုပ်အခြာ ပါဝါသည် သက်ဦးဆံပိုင် သဘောဆောင်သည်။ လူတစ်ယောက်၏ အသက်ရှင်နေထိုင်ရေးကို အာဏာပါဝါက ချုပ်ကိုင်ထားသည်။ အချုပ်အခြာအာဏာပိုင်အနေဖြင့် “သေဆိုသေ၊ ရှင်ဆိုရှင်”ဟု အမိန့်ပေးခွင့် ရနေသောကြောင့် “ပါဝါ” ခမျာ နာမည်ဆိုးဖြင့် ကျော်ကြားနေသော အချိန်ကာလဟု ဆိုရလိမ့်မည်ထင်သည်။ သို့သော် စည်းကမ်းနည်းလမ်း အခြေခံ ပါဝါခေတ်မှာတော့ အကြောင်းမဲ့သေဒဏ် ပေးသည့်နေရာမှာ ပြစ်ဒဏ်ကျူးလွန်သူကို တရားဥပဒေ၏ ဆုံးဖြတ်ချက်ရယူကာ ပြစ်ဒဏ်ပေးလာကြပါသည်။ တစ်နည်းပြောရလျှင် ပြစ်မှုကိုချည်းပဲ မကြည့်ဘဲ ပြစ်မှုကျူးလွန်သူ၏ စရိုက်လက္ခဏာကိုပါ ထည့်သွင်း စဉ်းစားလာသည့် သဘောပါပဲ။ ပြစ်မှုကျူးလွန်သူကို ထောင်တန်ထောင်၊ ကျွန်းတန်ကျွန်း။ စိတ်ရောဂါ တစ်ခုခုကြောင့် ပြစ်မှုကျူးလွန်သူကို စိတ်ရောဂါကုဆေးရုံမှာ သွားရောက် ကုသစေတာမျိုး ကျင့်သုံးလာကြသည်။ “ပါဝါ” က လူကို စည်းကမ်းနည်းလမ်းနှင့် ထိန်းကျောင်းလာသည့် ပုံစံမျိုး ဖြစ်လာပါသည်။
၁၈ ရာစုကာလ နှောင်းပိုင်းမှာတော့ “ပါဝါ” သည် အပြစ်ကျူးလွန်သူကိုသာမက လူ့အဖွဲ့အစည်းကိုပါ ထည့်သွင်းစဉ်းစားလာပါသည်။ လူ့အဖွဲ့အစည်းအတွင်း မှုခင်းကျဆင်းရေးကို ဝေဖန်သုံးသပ် စဉ်းစားလာကြသည်။ “ပါဝါ” က လူငယ်လေ့ကျင့်ရေးစခန်း၊ စိတ်ရောဂါကုဆေးရုံ၊ စုပေါင်းလုပ်ဆောင် ပညာယူသည့် နေရာ၊ အကျဉ်းထောင်စသည့် အရာတွေကို ပြုပြင်ထိန်းကျောင်းလာသည်။ ထို့အပြင် လူ့အဖွဲ့အစည်းအတွင်း ဖွားသေနှုန်း၊ အသက်ရှည်နှုန်း၊ ပြည်သူ့ကျန်းမာရေးစနစ်၊ အိမ်ရာ၊ လူတို့၏ ရွှေ့ပြောင်းနေထိုင်မှု စသည်တို့နှင့်ပါ ပတ်သက်လာလေသည်။ ဖူကိုးက လူအခြေခံ (ဇီဝ) ပါဝါသည် “နိုင်ငံတော်” အပိုင်းနှင့် ပိုပြီးဆိုင်သည်ဟု ဆိုပါသည်။
ခေတ်သစ်ကာလ နောက်ပိုင်းမှာတော့ “ပါဝါ”အပေါ် အမြင် တစ်မျိုးတစ်ဖုံ ပြောင်းလဲလာပါသည်။ “ပါဝါ” ဟူသည် ပြုမူလုပ်ဆောင်ခြင်းပဲဟု ယူဆလာကြသည်။ သို့သော် တစ်ဦးတစ်ယောက်တည်းက ပြုမူလုပ်ဆောင်ခြင်းကို မဆိုလိုပါ။ ပါဝါသည် အသေးငယ်ဆုံး အစိတ်အပိုင်းအဆင့် (Micro Level ) နှင့်ကြီးမားသည့်အဆင့် (Macro Level) နှစ်ခုစလုံး၏ အထဲမှာ ရှိသည်ဟု ဆိုပါသည်။ ရှင်းအောင်ထပ်ပြောရလျှင် “ပါဝါ” သည် အသေးငယ်ဆုံး အစိတ်အပိုင်းဖြစ်သော သီးခြား လူတစ်ဦးတစ်ယောက်စီနှင့် ကြီးမားသော အစိတ်အပိုင်းကြီးတစ်ခုဖြစ်သည့် နိုင်ငံတော်တို့၏ အတွင်းမှာ တွန်းအားနှင့် ခုခံအားတို့အား ပြိုင်ဆက်ဆံမှုကနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဖူကိုးအလိုအရ ပါဝါသည် အပြင်ဘက်မှာ သူ့ဘာသာ ရပ်တည်နေသော အရာမဟုတ်။ ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုး သက်ရောက်မှုတွေကနေ ပါဝါပေါ်လာခြင်း ဖြစ်သည်။
ဖူကိုးသည် ခေတ်ဟောင်းအမြင်ဖြင့် ရှုမြင်နေသော ပါဝါအမြင်ကနေ လွတ်မြောက်စေချင်သောကြောင့် ပါဝါအမြင်ကို ပြန်လည်သုံးသပ် ဆင်ခြင်ခဲ့သည့် တွေးခေါ်ရှင်ဖြစ်သည်။ သူကိုယ်တိုင် “ပါဝါကို သမိုင်းဆိုင်ရာ စည်းကမ်းနည်းလမ်းများဖြင့် ခိုင်ခိုင်မာမာ လေ့လာမည်ဆိုလျှင် တရားဥပဒေနှင့် အချုပ်အခြာအာဏာပိုင်တို့အပေါ် သီဝရီနည်းလမ်းများအရ မျက်နှာသာပေးထားသော ပုံရုပ်မှ လွတ်မြောက်ရန်လိုသည်”ဟု ရေးသားခဲ့ပါ သည်။ ဖူကိုးက “ပါဝါ” ကို အထက်ကနေ အောက်သို့ အဆင့်ဆင့်သွားသည့် အမိန့်၊ သြဇာ၊ အာဏာအဖြစ် မရှုမြင်စေချင်သလို အသုံးလည်း မချစေလိုပေ။ ထိုကဲ့သို့ အဆိုးမြင်သဘောမှာ အခြေခံထားသည့် အမြင်မှလည်း လွတ်မြောက်စေချင်သည်။ “ပါဝါ” ကို အကျိုးရှိရှိသာ သုံးစွဲစေချင်သည်။
တခြားမကြည့်နှင့်။ ကျွန်တော်တို့ ကိုယ်တိုင်သည်ပင်လျှင် “ပါဝါ” ဟူသောအသံကြားလိုက်လျှင် “အမိန့်” “သြဇာ” “အာဏာ” ဟူ သော စကားလုံးများနှင့် တွဲမြင်လိုက်မိသည်ချည်း။ ကြောက်စရာ၊ ထိတ်လန့်စရာ၊ မုန်းတီးစရာ၊ ရွံကြောက်စရာဟု စိတ်ထဲမှာ ခံစားလိုက်ရသည်ချည်း။ ကျွန်တော်တို့က “ပါဝါ” ဆိုတာ တစ်စုံတစ်ယောက် တစ်စုတစ်ဖွဲ့ ပိုင်တာဟု ထင်မှတ်ထားခဲ့မိသည်။ ဖူကိုးကတော့ “ဘယ်သူ့မှာမှ ပါဝါရှိတယ်လို့ မပြောနိုင်ဘူး” တဲ့။ ကျွန်တော်တို့က “ပါဝါ” ဆိုတာ အထက်က ကျလာတာဟု အစဉ်အလာ ယူဆခဲ့ဖူးသည်။ ဖူကိုးကတော့ “ပါဝါဆိုတာ အောက်ကနေလာတာ”တဲ့။ ကျွန်တော်တို့က “ပါဝါ” ကို အကြောက်တရား အခြေခံဖြင့် တည်ဆောက်ကြသည်။ ဖူကိုးကတော့ “ပါဝါ” ကို ဆင်ခြင်တုံတရားပေါ်တွင် အခြေခံပြီး တည်ဆောက်ရမည်ဟု ဆိုသည်။ ကျွန်တော်တို့က “ဖိနှိပ်မှု” ကို ပါဝါ၏ အခြေခံယူနစ်ဟု သဘောထားသည်။ ဖူကိုးကတော့ အင်အား (စွမ်းအား) ကို ပါဝါ၏ အခြေခံယူနစ်ဟု ယူဆလေသည်။
တကယ်တော့ ကျွန်တော်တို့သည် ခေတ်အဆက်ဆက် “ပါဝါ” အပေါ် နားလည်မှု လွဲခဲ့၊ အသုံးချမှု လွဲခဲ့ကြခြင်းသာဖြစ်ပါ သည်။ “ပါဝါ” ဟူသည် အာဏာရှင်တစ်စုက ပြည်သူလူထုအပေါ် လွှမ်းမိုး အနိုင်ယူ အုပ်ချုပ်လို့ရအောင် လုပ်ထားသည့် စနစ်တစ်ခုမဟုတ်ပါ။ ထို့ကြောင့် “ပါဝါ” ကို အုပ်ချုပ်သူရော အုပ်ချုပ်ခံများပါ (တစ်နည်း) ပြည်သူရော အစိုးရပါ သေချာနားလည် သဘောပေါက်ပြီး စနစ်တကျ ကိုင်တွယ်အသုံးချဖို့ လိုအပ်မည်ဟု ထင်ပါသည်။ “ပါဝါ” ဆိုသော အရာကို မိမိပိုင်ဆိုင်ထားသည့် ပစ္စည်းတစ်ခုသဖွယ် အတ္တရှေ့တန်းတင်ကာ လိုသလို မသုံးစွဲဘဲ နှစ်ဦးနှစ်ဖက် အပြန်အလှန ်ညှိနှိုင်း .တိုင်ပင် ဆုံးဖြတ်ရာမှ ထွက်ပေါ်လာသည့် အင်အားတစ်ရပ်ဟု ယုံကြည်ယူဆကာ အကျိုးရှိရှိ သုံးစွဲသင့်သည်ဟု ထင်မြင်မိပါသည်။
ကိုးကား။ ။ မြင့်သန်း-ဒဿနပညာရပ်ဆိုင်ရာ အခြားအရေးအသားများ
ပါဝါ
Most Read
Most Recent
3 hours ago










