အဖွဲ့ချုပ် ဗဟိုကော်မတီကို နိုင်ငံရေးလူရာသွင်းလော့

အဖွဲ့ချုပ် ဗဟိုကော်မတီကို နိုင်ငံရေးလူရာသွင်းလော့
Published 5 November 2016
ဒေါက်တာရန်မျိုးသိမ်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အကျပ်အတည်းများ၊ စိန်ခေါ်မှုများ၊ နိုင်ငံရေးမာယာများ၊ လှည့်ကွက်များနှင့် ပရိယာယ်များအကြား အစုလိုက် အပြုံလိုက် ပိတ်မိနေဆဲ ဖြစ်သည်။ ပါတီ၏ ခေါင်းဆောင်မှုနှင့် ဗဟိုကော်မတီကလည်း ချည့်နဲ့လွန်းနေသည်။ ပါတီစည်းရုံးရေးနှင့် တည်ဆောက်ရေးကလည်း  သဲနှင့်ဆောက်သောအိမ် ဖြစ်နေသည်။ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ စည်းမျဉ်းများနှင့်အညီ အဖွဲ့ချုပ် ဗဟိုကော်မတီကို နိုင်ငံရေး လူရာသွင်းလာနိုင်မည်ဆိုလျှင် ဒီမိုကရေစီ ရှေ့ခရီးသည် ပိုမိုအားကောင်းမောင်းသန် လာမည်ဖြစ်သည်။
အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်းအရ ဗဟိုကော်မတီသည် အဖွဲ့ချုပ်၏ နိုင်ငံရေး ဝိညာဉ်ပင်ဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့အကြား ပေါင်းကူးတံတားဖြစ်သည့်အပြင် အပြန်အလှန် ထိန်းကျောင်းပေးမည့် နိုင်ငံရေးယန္တရားလည်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံနှင့် နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များ စာအုပ်၊ အခန်း(၃) ဖွဲ့စည်းပုံ၊ အပိုဒ်(၈)တွင် အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး၊ ဗဟိုကော်မတီနှင့် ဗဟိုကော်မတီက တင်မြှောက်သော ဗဟို အလုပ်အမှုဆောင်အဖွဲ့ဟု ဖွဲ့စည်းပုံ အဆင့်ဆင့်ကို ဖော်ပြထားသည်။ ဗဟို အလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့နှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ပါဝင်ပြီး၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့က သဘာပတိအဖွဲ့ကို တင်မြှောက်ရမည်။ နာယကသည် သဘာပတိအဖွဲ့ကို ဦးဆောင်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့များ၊ ခရိုင် အလုပ်အမှုဆောင်အဖွဲ့များ၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အလုပ်အမှုဆောင်အဖွဲ့များအပြင် ဗဟို အမျိုးသမီးလုပ်ငန်းအဖွဲ့နှင့် ဗဟို လူငယ်လုပ်ငန်းအဖွဲ့တို့သည် အဆင့်ဆင့် ဖွဲ့စည်းမှုတွင် အကျုံးဝင်သည်။
၂၀၁၃ ခုနှစ် နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီကို ကော်မတီဝင် ၁၂၀ ဖြင့် ဖွဲ့စည်းခဲ့သည်။ ၂၀၁၆ ခုနှစ်အထိ သုံးနှစ်တာ ဗဟိုကော်မတီ ခရီးတွင် ဗဟိုကော်မတီဝင် လေးဦး ကွယ်လွန်ခဲ့ပြီး ဗဟိုကော်မတီဝင် နှစ်ဦးကို ပါတီက ထုတ်ပယ်ခဲ့သည်ဟု လည်းကောင်း၊ အရန် ဗဟိုကော်မတီဝင် ၃၀ အနက် နှစ်ဦး ကွယ်လွန်ခဲ့ပြီး၊ တစ်ဦးကို ထုတ်ပယ်ခဲ့သည်ဟု လည်းကောင်း၊ အရန် ဗဟိုကော်မတီဝင် လေးဦးသည် ဗဟိုကော်မတီဝင်များ ဖြစ်လာခဲ့သည်ဟု လည်းကောင်း ကြားသိရသော်လည်း တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ၂၀၁၆ ခုနှစ် လွှတ်တော်များနှင့် အစိုးရများ ဖွဲ့စည်းပြီးနောက်ပိုင်း၊
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြုသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများနှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများကို လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟို လူငယ်လုပ်ငန်းအဖွဲ့၊ တာဝန်ခံနှင့် ဒုတိယတာဝန်ခံတို့ကို လည်းကောင်း အဖွဲ့ချုပ် ဗဟိုကော်မတီဝင်များအဖြစ် တာဝန် ပေးအပ်ခဲ့သည်ဟုလည်း ကြားသိရလင့်ကစား၊ တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းကို ပါတီတာဝန်ပေးခဲ့ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍လည်း ရှင်းရှင်းလင်းလင်း မသိရှိရ သေးပေ။
၂၀၁၆ ခုနှစ် နိုဝင်ဘာလဆန်းရရှိသည့် တရားဝင် အတည်မပြုနိုင်သော စာရင်းအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဗဟိုကော်မတီဝင် ၁၃၇ ဦးနှင့် အရန် ဗဟိုကော်မတီဝင် ၂၃ ဦး ရှိနေသည်။ ၂၀၁၆ ခုနှစ် အစိုးရ ဖွဲ့စည်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဒေါက်တာမျိုးအောင် တို့သည် ၎င်းတို့၏ ရာထူးသက်တမ်းအတွင်း ပါတီလုပ်ငန်းများ ဆောင်ရွက်နိုင်မည် မဟုတ်သောကြောင့် ဗဟိုကော်မတီဝင်များအဖြစ် အစည်းအဝေး တက်ရောက်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ လာမည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက် နံနက် ၀၉း၀၀ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊  ပထမအကြိမ် ဗဟိုကော်မတီ၊ ဆဋ္ဌမအကြိမ်မြောက် ပုံမှန် အစည်းအဝေးကို အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ၁၃၇ ဦးအနက် ဗဟိုကော်မတီဝင် ၁၃၃ ဦး နှင့် အဖွဲ့ချုပ် အရန် ဗဟိုကော်မတီဝင် ၂၃ ဦးတို့အား စာရင်းအရ ဖိတ်ကြားနိုင်ဖွယ် ရှိသည်။
ဖိတ်စာ ပို့၊ မပို့နှင့် ပတ်သက်၍ စိတ်ဝင်စားမိသူများမှာ ဒေါ်ခင်မိုးမိုး၊ ဒေါက်တာစိုးမိုးသူနှင့် ဦးတင်မောင်တိုး တို့ဖြစ်သည်။ ဒေါ်ခင်မိုးမိုးသည် ရှမ်းပြည်နယ် ကိုယ်စားပြု ဗဟိုကော်မတီဝင်ဖြစ်ပြီး ဦးတင်မောင်တိုးသည်  ရှမ်းပြည်နယ်ကိုယ်စားပြု အရံဗဟိုကော်မတီဝင် ဖြစ်သည်။ ဒေါက်တာစိုးမိုးသူသည်လည်း ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ ကိုယ်စားပြု ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည်။ ပထမအကြိမ် ဗဟိုကော်မတီ သက်တမ်းတွင် ဗဟိုကော်မတီဝင် နှစ်ဦးနှင့် အရန် ဗဟိုကော်မတီဝင် တစ်ဦးတို့ကို ထုတ်ပယ်ခဲ့ပြီး ဗဟိုကော်မတီဝင် ၂၃ ဦးကို ဖြည့်စွက် တာဝန်ပေးခဲ့သည်ဟု ကြားသိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ အရန် ဗဟိုကော်မတီဝင်များကို အရေးယူလျက်၊ ပါတီတာဝန်များမှ ရပ်ဆိုင်းနိုင်လင့်ကစား၊ ဘက်မလိုက်သော၊ ပွင့်လင်းမြင်သာသော၊ သြဇာလွှမ်းမှု မရှိသော၊ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ၊ အရေးယူမှုများ ဖြစ်ရန် သော့ချက်ကျပြီး အဆင့်ဆင့် အယူခံခွင့်၊ ဖြေရှင်းခွင့်တို့ အပြည့်အဝရရှိရန်လည်း လိုအပ်မည် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံနှင့် နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များ စာအုပ်၊ အခန်း (၅) စည်းကမ်းချက်များ၊ အပိုဒ် (၁၀)၊ အပိုဒ်ခွဲ (ဈ)တွင် အဖွဲ့ချုပ်၏ စည်းကမ်းချက်များကို မလိုက်နာခြင်း၊ ဖောက်ဖျက်ခြင်းများရှိလျှင် အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်တွင် စုံစမ်းစစ်ဆေး၍ အရေးယူနိုင်သည်ဟု လည်းကောင်း၊ အရေးယူခြင်းခံရသူသည် နိုင်ငံလုံးဆိုင်ရာ ညီလာခံအထိ အဆင့်ဆင့် အယူခံနိုင်ခွင့် ရှိစေရမည်ဟု လည်းကောင်း ဖော်ပြထားသည်။
ပါတီ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များသည် ပါတီတွင်း ဒီမိုကရေစီကို လျော့ပါးစေပြီး၊ ပါတီတွင်း အုပ်စုဖွဲ့မှု၊ ဂိုဏ်းဂဏဖွဲ့မှုများကို အားပေးသည့် သဘောမဖြစ်ရန် အလေးထားသင့်သည်။ ပါတီ စည်းကမ်းထိန်းသိမ်းရေး အပိုင်းတွင် မနိုင်မနင်းဖြစ်လျှင်၊ မမျှမတဖြစ်လျှင်၊ ကိုယ့်လူကိုယ့် လက်ရင်းမို့ ဖုံးဖုံးဖိဖိ လုပ်လျှင် ပါတီသည် တစ်ဖြည်းဖြည်းချင်း ဖရိုဖရဲဖြစ်လာမည်မှာ ဧကန်မုချ ဖြစ်သည်။
ပါတီ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အနေဖြင့် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ အပါအဝင် အလုပ်အမှုဆောင် အဖွဲ့အဆင့်ဆင့်တို့၏ လုပ်ဆောင်ချက်များ၊ အများပြည်သူအကြား ပြောဆိုမှုများသည် ပါတီ၏မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်းရှိ၊ မရှိ စောင့်ကြည့်လျက်၊ စည်းမျဉ်းစည်းကမ်းများနှင့် မညီလျှင် ထိထိရောက်ရောက် လွတ်လွတ်လပ်လပ် အရေးယူ ဆောင်ရွက်နိုင်ရန်လည်း လိုအပ်မည် ဖြစ်သည်။ သို့မှသာ ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်တွင် စည်းလွတ်ဝါးလွတ်၊ ထင်ရာပြော၊ ထင်ရာလုပ်မည့်သူများ အုပ်စုဖွဲ့၊ မင်းမူနေခြင်းကို ဟန့်တားနိုင်မည် ဖြစ်ပြီး ပါတီ၏ လူထု စည်းရုံးရေး၊ ပါတီတွင်း ညီညွတ်ရေး၊ ပါတီ တည်ဆောက်ရေးတို့ကို ထိရောက် အားကောင်းစေမည် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံနှင့် နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များ စာအုပ်၊ အခန်း (၃) ဖွဲ့စည်းပုံ၊ အပိုဒ် (၈)ပါ မှတ်ချက်ကို ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ အနေဖြင့် အလေးအနက် အကိုးအကားပြုလျက်၊ ပါတီ စည်းရုံးရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများတွင် ကျင့်သုံးနိုင်ရန် ပဓာနကျသည်။ အဆိုပါ မှတ်ချက်တွင် မူအားဖြင့် အထက်အောက် အဖွဲ့အစည်းများကို ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်ရမည် ဖြစ်သော်လည်း၊ အခြေအနေအရ အရေးပေါ် ဖွဲ့စည်းရန် လိုအပ်ပါက ဒီမိုကရေစီ နည်းကျကျ ညှိနှိုင်းမှုဖြင့် ဖွဲ့စည်းသွားမည်ဟု အတိအလင်း ဖော်ပြထားသည်။ ရပ်ကွက်/ကျေးရွာအုပ်စု အလုပ်အမှုဆောင် အဖွဲ့မှသည် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အထိ  ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်ရမည်ဟု ဆိုလိုရင်းဖြစ်သည်။
လက်ငင်း အခြေအနေသည် အရေးပေါ် ဖွဲ့စည်းရန် လိုအပ်သည့် ကာလမဟုတ်သည်မှာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပြီးဖြစ်သည်။ အရေးပေါ် ဖွဲ့စည်းရသည့်တိုင် ဒီမိုကရေစီ နည်းကျကျ ညှိနှိုင်းမှုဖြင့် ဖွဲ့စည်းရမည်ဟု သတ်မှတ်ထားပြီး ဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ အပါအဝင် အလုပ်အမှုဆောင် အဖွဲ့အဆင့်ဆင့် အနေဖြင့် ပထမအကြိမ် ဗဟိုကော်မတီ သက်တမ်းအတွင်း ပါတီ၏ စည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ အခန်း (၈)ပါ မှတ်ချက်နှင့် အညီ ပါတီ တည်ဆောက်ရေးနှင့် စည်းရုံးရေး လုပ်ငန်းစဉ်များကို ဦးဆောင်နေခြင်း ရှိ၊ မရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီက ဝေဖန်သုံးသပ် ဆုံးဖြတ်နိုင်ရန် လိုအပ်မည် ဖြစ်သည်။
ဆဋ္ဌမအကြိမ်မြောက် ဗဟိုကော်မတီ ပုံမှန်အစည်းအဝေးတွင် ဗဟိုကော်မတီဝင်များ အနေဖြင့် မိမိတို့ ရွေးကောက် တင်မြှောက်ခံရသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် သက်ဆိုင်သည့် ကိစ္စများ၊ ပြည်ထောင်စု တစ်ခုလုံးနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစု ပင်လုံနှင့်
ပတ်သက်သည့် ကိစ္စများ၊ ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးရန် လိုအပ်သည့်နည်းတူ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ စည်းမျဉ်း ပြင်ဆင်ရေး၊ အဖွဲ့ချုပ်၏ အလုပ်အမှုဆောင် အဖွဲ့အဆင့်ဆင့်တွင် တာဝန်များနှင့် လုပ်ပိုင်ခွင့်များ သတ်မှတ်ရေး၊ အဖွဲ့ချုပ်၏ လူထုစည်းရုံးရေး၊ အဖွဲ့ချုပ်၏ တည်ဆောက်ရေး၊ အဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေး အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပုဂ္ဂိုလ်တစ်စု၊ တစ်ဖွဲ့က ဆရာမွေး၊ တပည့်မွေး နည်းလမ်းများဖြင့် ဒီမိုကရေစီ ပြောင်းပြန်လုပ်မည့် ဘေးအန္တရာယ်မှ ကာကွယ်၊ ရှောင်ရှားနိုင်မည့် နည်းလမ်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်၊ ဆွေးနွေး အဖြေရှာနိုင်ရန် လိုအပ်မည် ဖြစ်သည်။
အရေးကြီး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်ပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုကော်မတီ အထူးအစည်းအဝေးကို ခေါ်ယူကျင်းပလျက်၊ ဒီမိုကရေစီ နည်းကျ အဆုံးအဖြတ် ရယူရမည်ဟု ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ထားနိုင်လျှင် ပိုမိုကောင်းမွန်သည်။ အရေးကြီး ကိစ္စရပ်များကို ဗဟိုကော်မတီ အနေဖြင့် ဆုံးဖြတ်၊ သတ်မှတ်ထားရန်လည်း လိုအပ်မည် ဖြစ်သည်။ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ စည်းမျဉ်းနှင့်အညီ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ အရံ ဗဟိုကော်မတီဝင်များကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ရန် လိုအပ်ကြောင်းကို ဗဟိုကော်မတီ အစည်းအဝေး၌  ဆုံးဖြတ်ချက် ချမှတ်ထားနိုင်မည်ဆိုလျှင် ပိုမိုလျော်ကန်မည် ဖြစ်သည်။ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ စည်းမျဉ်းအရ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ အရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်၊ အရန် ဗဟိုကော်မတီဝင်တို့ကို တာဝန်ပေး ခန့်အပ်ပိုင်ခွင့် လုံးဝမရှိပေ။ ထိုနည်းတူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က တာဝန်ပေး ခန့်အပ်ပြီး၊ ဗဟိုကော်မတီ၏ သဘောတူညီချက် ရယူခြင်းသည်လည်း ကြောင်းကျိုး ဆီလျော်မှု လုံးဝမရှိနိုင်ပေ။ ပါတီ၏ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းကို ပါတီခေါင်းဆောင်များ ကိုယ်တိုင်က မလိုက်နာသည့် သဘော ကောက်ယူနိုင်မည် ဖြစ်သည်။ အကယ်စင်စစ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ အရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်၊ အရန် ဗဟိုကော်မတီဝင်တို့ကို ရွေးချယ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီ အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းပြီး ဗဟိုကော်မတီဝင်များက ဒီမိုကရေစီနည်းကျ ဆန္ဒမဲပေး၊ ရွေးကောက် တင်မြှောက်ရမည် ဖြစ်သည်။
အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ စည်းမျဉ်းပါ ပြဋ္ဌာန်းချက်များ၊ အဖွဲ့ချုပ်၏ စည်းကမ်းများကို လက်တစ်လုံးခြား ပြုလျက် အဖွဲ့ချုပ်အတွင်း ဆရာမွေး တပည့်မွေးစနစ် အားကောင်းလာစေရန် ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ အလေ့အထများ လျော့ပါးပြီး ဗဟိုချုပ်ကိုင်မှု မြင့်မားအောင် ဆောင်ရွက်ခြင်း၊ ပါတီစည်းရုံးရေးနှင့် ပြည်သူလူထုအတွင်း ပါတီ၏ နိုင်ငံရေး ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းအောင် ဆောင်ရွက်ခြင်းတို့သည် အကယ်စင်စစ် နိုင်ငံရေး အဂတိ လိုက်စားမှုများပင် ဖြစ်သည်။
အဆိုပါ နိုင်ငံရေး အဂတိလိုက်စားမှုများအား ထိန်းကျောင်းနိုင်မည့် နည်းနာများ၊ လုပ်ဟန်များကို လာမည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များအဖြစ် ချမှတ်နိုင်ရန် အရေးကြီးမည် ဖြစ်သည်။ အဖွဲ့ချုပ် ဗဟိုကော်မတီ အားကောင်းမောင်းသန်မှ အဖွဲ့ချုပ် အားကောင်းမောင်းသန်မည် ဖြစ်သည်။ အဖွဲ့ချုပ်အတွင်း ဒီမိုကရေစီ အားကောင်းပြီး၊ ဗဟိုချုပ်ကိုင်မှု လျော့ချနိုင်မှ တိုင်းပြည်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဗဟိုချုပ်ကိုင်မှု လျော့ချရေးတို့သည် အင်တိုက်အားတိုက် ဖြစ်လာမည် ဖြစ်သည်။
ရက်ပေါင်း ငါးရာကျော် ကြားကာလ၊ အစိုးရများနှင့် လွှတ်တော်များ ဖွဲ့စည်းပြီးသည့် ကာလတွင် ပထမဆုံးအကြိမ် ကျင်းပမည့် ဗဟိုကော်မတီ အစည်းအဝေးကို တစ်ရက်တည်းသာ ကျင်းပမည့် အစီအစဉ်သည် ကြောင်းကျိုး ဆီလျော်မှု အားနည်းလွန်းသည်။ နိုင်ငံရေး အနှစ်သာရ အားနည်းလွန်းပြီး၊ မည်ကာမတ္တ ကျင်းပသည့် သဘောဖက် ယိမ်းနေသည်။ သို့ဖြစ်၍ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်များ အနေဖြင့် အစည်းအဝေး ပထမနေ့တွင် ဗဟိုကော်မတီ ပုံမှန်အစည်းအဝေးကို အချိန်ကာလ တိတိကျကျ သတ်မှတ်ခေါ်ယူရန်၊ ဗဟိုကော်မတီ ပုံမှန်အစည်းအဝေးကို အနည်းဆုံး သုံးရက် ကျင်းပရန်၊ အစည်းအဝေးများတွင် လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရရန်၊ ဗဟိုကော်မတီ အထူးအစည်းအဝေးကို လိုအပ်ပါကခေါ်ယူ ကျင်းပရန် စသည့်အချက်များကို လွှမ်းခြုံနိုင်မည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးကို ရှေးရှုနိုင်မည်ဆိုလျှင် အတိုင်းထက် အလွန်ပင်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေး ရှေ့ခရီးရှည်တွင် ဗဟိုကော်မတီကို နိုင်ငံရေးအရ လုပ်ပိုင်ခွင့် ပိုမိုအပ်နှင်းကာ၊ မဖြစ်မနေ လူရာသွင်းရန် ပဓာနကျမည် ဖြစ်သည်။ ပါတီတွင်း ဒီမိုကရေစီ ကြံ့ခိုင်ဖို့၊ စည်းရုံးရေးနှင့် တည်ဆောက်ရေး အားကောင်းဖို့၊ ဗဟိုချုပ်ကိုင်မှု လျော့ချနိုင်ဖို့၊ ပါတီ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းပြင်ဆင်ဖို့ စသည့်စသည့် စိန်ခေါ်ချက်များ အကြား ပြည်တွင်းစစ် ရပ်စဲဖို့၊ ဆင်းရဲမွဲတေမှု လျော့ချဖို့၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ကျော်လွှားနိုင်ဖို့ စသည့်စသည့် အကျပ်အတည်းများအကြား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုကော်မတီသည် နိုင်ငံရေးအရ လူရာဝင်သည်ထက် လူရာဝင်လာရေး အရေးကြီးပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

Most Read

Most Recent