ဆေးကျောင်းသားများဘဝမှ ဆရာဝန်ဘ၀ ရောက်ကြတော့မယ့် ဆရာဝန်လောင်းတို့ကို မျက်မြင်လက်တွေ့ ဒူးတွေ့နဖူးတွေ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဖူးမြင်ဖူး လုပ်ကိုင်ဖူး သွားကြရလေအောင် ကျေးလက်တို့တွင် ကွင်းဆင်းသည့် လက်တွေ့ လုပ်ငန်းကြီးကို ဆေးပညာ ဘာသာရပ်တွင် ရှေ့တန်းတင်ထားပါသည်။
သင်တန်းမှူးဆရာဝန်ကြီး
ကွင်းဆင်း လုပ်ငန်းကြီးမစမီ တာဝန်ရှိ ပါမောက္ခနှင့်တကွ သင်တန်းမှူးတို့က ဆေးကျောင်းသား/ကျောင်းသူများသို့ ခွဲဝေပြီး မိမိကဏ္ဍအလိုက် လေ့လာစရာများကို တာဝန်ပေးပါသည်။
ခရီးမထွက်မီ လေ့လာရ
အဖွဲ့ခေါင်းဆောင်တစ်ဦး၏ ဆေးကျောင်းသားများကို စီမံကွပ်ကဲ တာဝန်ခွဲဝေပေးပုံမှာ ခရီးမထွက်မီ ကုသရေးဆိုင်ရာ သမားတော်ကြီး တစ်ဦးဦးထံသွားပြီး မြွေအကြောင်း လေ့လာဆွေးနွေး မှတ်သားကြပါ။ မြွေအကြောင်း ပညာပေးကဏ္ဍက ကျေးလက်မှ ဦးကြီးတို့အတွက် အလွန်အရေးကြီးတယ်။ မြွေအကြောင်း အချက်အလက် ပြည့်စုံမှ ထိထိမိမိ ဟောပြော ပညာပေးပို့ကောင်းမယ်ဟု အဖွဲ့ခေါင်းဆောင်က ပြောကြားပါသည်။
မြွေအန္တရာယ်ကြီးမား
သမားတော်ကြီးတစ်ဦးက ပြောကြားသည်မှာ မြွေကိုက်ခြင်း ကိစ္စတွင် လူမှုရေး ဆုံးရှုံးမှုများက အဟန့်အတား ဖြစ်နေကြောင်း၊ အယူသည်းမှုတို့က သေဆုံးမှုကို ပိုမိုများပြားစေကြောင်း၊ မြွေကိုက် ဝေဒနာရှင်ကို ခရီးကြုံကားများက မတင်လိုကြောင်း၊ ငွေပေးငှား၍ ဆေးရုံပို့ရန် ကြိုးစားပါကလည်း အခကြေးငွေ များများပေးရကြောင်း အယူမှားမှုတို့ကြောင့် မြွေကိုက်ခံရသော ဝေဒနာရှင်များ ဆေးရုံသို့အရောက် နောက်ကျပြီး မသေသင့်ဘဲ သေဆုံးခဲ့ကြသည်ကို တောင်သူဦးကြီးတို့အား ပြောပြရန် မှာကြားပါသည်။
ရှေးဦးသူနာပြုနည်း
ခြေထောက်နှင့် လက်အကိုက်ခံရသည့် နေရာအထက်ပိုင်းတွင် သွေးလွှွတ်ကြောခုန်မှု မပျောက်အောင် ကြိုးဖြင့်စည်းပါ။
■ ကြိုးစည်းနည်းမှာ အရိုးတစ်ချောင်းတည်းရှိသော ပေါင် (သို့) လက်မောင်းတို့တွင် လက်ညှိုး တစ်ချောင်းခံ၍ ကြိုးစည်းပြီး လက်ညှိုး ဆွဲထုတ်လိုက်ပါ။
■ အကိုက်ခံရသည့် ခြေနှင့်လက် မလှုပ်ရှားစေရန် ဝါးခြမ်းဖြင့် ကျပ်စည်းထိုးပါ။
■ မြွေကိုက် ဒဏ်ရာကို ဆပ်ပြာနှင့် ရေသန့်သန့်နှင့် ဆေးပါ။
■ ရရာရေနှင့် ကျင်ငယ်ရည်ပင်လျှင် အသုံးပြုဆေးပါ။
မလုပ်သင့်တာတွေပြောပြီး
ခွဲစိတ်ဘက်ဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးက ယခုအခါ မြွေကိုက်ခံရသည့် နေရာကို ဓားဖြင့် ခွဲစိတ်၍ သွေးများ ညှစ်ထုတ်ခြင်း၊ စုပ်ထုတ်ခြင်းတို့ မပြုလုပ်တော့ကြောင်း၊ ဤသို့ မြွေကိုက်ခံရသည့်နေရာကို ဓားဖြင့် ကြက်ခြေခတ် ခွဲစိတ်ပြီး ညှစ်ထုတ်ခြင်းမှာ ကောင်းကျိုးပေးသည်ထက် ဆိုးကျိုးဖြစ်သော မြွေဆိပ် ပိုမိုပျံ့နှံ့မှုကို အားပေးကြောင်း၊ ခွဲစိတ်ခြင်းဖြင့် ဒဏ်ရာကြီးပြီး မြွေအဆိပ် ခန္ဓာကိုယ်ထဲ ပိုမိုပျံ့နှံ့မှုကို အားပေးကြောင်း၊ မီးစနှင့်ထိုးခြင်းကိုလည်း မလိုကြောင်း စသည်တို့ကို တောင်သူဦးကြီးနှင့်တကွ မသိသေးသော ဆေးအမှုထမ်း တို့ကိုပင်လျှင် ပြောပြရန် လေ့လာရေးထွက်မည့် ဆေးကျောင်းသား/သူများကို မှာကြားလိုက်ပါသည်။
မြွေအန္တရာယ် ကာကွယ်ရေး
ဆေးကျောင်းသားများ လေ့လာရေး ထွက်စဉ် ကျေးလက်ရောက်ပါက ပညာပေး ဟောပြောပွဲပြုလုပ်ပြီး ဟောပြောရန် တာဝန်ကျသူ ဆေးကျောင်းသူ/ဆေးကျောင်းသားများက ရှာဖွေရရှိခဲ့သမျှသော မြွေအန္တရာယ် ကာကွယ်ရေး အချက်အလက်တို့ကို ဟောပြောမှု သဏ္ဌာန်ဖြင့် စာရွက်မဖတ်ဘဲ ပြောပြနိုင်ရန် လေ့ကျင့်ရပါသည်။ တောင်သူဦးကြီးတို့၏ ညာဘက်လက်နှင့် ခြေမျက်စိ ပတ်ဝန်းကျင်တွင် မြွေကိုက်မှုနှုန်း များခြင်းကြောင့် စပါးရိတ်စဉ်တွင် ညာဘက်လက်နှင့် ခြေထောက် အောက်ပိုင်းကို အဝတ်ထူထူ (သို့မဟုတ်) ရရာရွက်ဖျင် စသည်တို့ဖြင့် ပတ်ထားပြီး မြွေပေါသောဒေသတို့တွင် စပါးရိတ်လျှင် အန္တရာယ်ကင်းပါသည်။ ဤသို့ ဟောပြောရန် လက်တွေ့ လုပ်ကြည့်လိုက်၊ ဟောကြည့်လိုက် နှင့် အလုပ်ရှုပ်နေသော ဆေးကျောင်းသူ၊ ဆေးကျောင်းသားများမှာ ဦးကြီးတို့ နားလည်ရေးအတွက် ကြိုးစားခြင်းတစ်မျိုး ဖြစ်ပါသည်။
လက်တွေ့လုပ်ပြပါသည်
မြွေကိုက်လျှင် ကြိုးစည်း၍ ဆေးရုံသို့ ပို့ရမည်ဟု ပြောခဲ့ဖူးသော စကားကို သမားတော်ကြီးတစ်ဦးက လက်တွေ့ ဆေးကျောင်းသားများကို လုပ်ပြပါသည်။ ကြိုးစည်းရမည့် နေရာမှာ မြွေကိုက်ခံရသော နေရာ၏ အထက်ပိုင်းဖြစ်သည်။ အထက်ပိုင်းဆိုရာမှာ “အရိုး တစ်ချောင်းတည်းရှိသော နေရာ” ဖြစ်ရမည်။ ဥပမာ- လက်မောင်း (သို့မဟုတ်) ပေါင်မှာ စည်းရပါမည်။
လက်မောင်းနှင့် ပေါင်ကို ကြိုးစည်းရာတွင် သွေးလွှတ်ကြောခုန်မှု မပျောက်အောင် သတိမူရပါမည်။ သို့ဖြစ်၍ ကျပ်ကျပ် မစည်းမိစေရန် ပထမ လက်ညှိုးတစ်ချောင်းခံပြီး ကြိုးစည်းပါ။ စည်းပြီးပါက လက်ညှိုးကို ဆွဲထုတ်လိုက်ခြင်းဖြင့် သွေးလွှတ်ကြောခုန်မှု မပျောက်ဘဲ သွေးပြန်ကြောကိုသာ ဦးစားပြု စည်းထားရာ ရောက်ပါမည်။
ဝေဒနာရှင် မလှုပ်ရှားရ
လှုပ်ရှားသွားလာမှု မများစေရန် အကိုက်ခံရသည့် ခြေလက်များ မလှုပ်အောင် ဝါးခြမ်း သစ်သားချောင်းတို့နှင့် ကျပ်စည်းပေးရပါမည်။ လူနာကို လမ်းမလျှောက်စေရပါ။ ထမ်းပိုး၍ ဆေးရုံသို့ ခေါ်ယူခဲ့ရပါသည်။ သွေးသွားလာမှု နည်းပါးလျှင် မြွေဆိပ် ပျံ့နှံ့မှုနှုန်း နည်းပါးမည်ဖြစ်သည်။
မြွေဆိပ်ဖြေဆေးအရေးကြီး
အဓိကအရေးကြီးသော ကိစ္စမှာ မြွေဆိပ်ဖြေ အကြောဆေး မြန်မြန်ထိုးသွင်းနိုင်ရန် နီးရာဆေးခန်း အရောက်ပို့ရန် ဖြစ်သည်။ မြွေဆိပ်ဖြေဆေး ရှိမရှိ ဒေသခံလူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ဒေသကောင်စီတို့မှ မြွေအကိုက်များသော ဒေသတို့ရှိ ကျန်းမာရေး ဆေးခန်းတို့ကို စစ်ဆေးမေးမြန်းထားပါက ဆေးမပြတ်ရှိနေမည် ဖြစ်ပါသည်။
ကျေးရွာမှ မြွေကော်မတီရှိသင့်
မြွေဆိပ်ဖြေ အကြောဆေးသည်သာ အသက်ကယ်ရာဖြစ်ပါ၍ မြွေအဆိပ်ဖြေဆေး ထိုးသွင်းမှု ဖြစ်နိုင်သမျှ မြန်အောင် ကြိုးစားခြင်းသည် လူနာ၏ အသက်ကယ်တင်ရာ ရောက်ပါသည်။ ရန်ကုန်၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် မြွေကိုက်မှု အများဆုံးဖြစ်ကြောင်းတို့ကို မြွေကော်မတီမှ ကြီးမှူးကျင်းပသည့် သင်တန်း၌ တင်ပြသွားခဲ့ဖူးပါသည်။
မြန်မာ့ဓလေ့လိုက်နာပါ
ကျေးလက်တို့၏ ရိုးရာမြန်မာ့ဓလေ့များသည် မြွေကာကွယ်ရေးတွင် အရေးပါအရာရောက်ကြောင်း တွေ့ရ၏။ ညဉ့်နက်ချိန်နှင့် မိုးလင်းခါနီးတွင် မြွေဆိုး ကိုက်လေ့ရှိခြင်းကြောင့် ဤအချိန်မျိုးကို သတိမူရန် လယ်ကွင်းဆင်းလျှင် တောသွားလျှင် ခြေသံသော်လည်းကောင်း၊ တုတ်တစ်ချောင်းနှင့် ခြောက်လှန့်၍ သော်လည်းကောင်း၊ ချုံပုတ်ကောက် လှိုင်းပုံတို့ကို ကိုင်မည်တွယ်မည် ရွှေ့မည်ဆိုပါက ပုတ်၍ရိုက် အသံကြမ်းကြမ်းပြုပြီးမှ ကိုင်တွယ်ရွှေ့ပြောင်းကြလျှင် မြွေအန္တရာယ် ကင်းရှင်းကြောင်း မြန်မာဓလေ့ ထုံးတမ်းစဉ်လာတို့ကို မြွေကာကွယ်ရာတွင် မမေ့သင့်ပေ။
ဆေးကုရန် ကြိုးစားပါမည်
■ ဆောလျင်စွာ မြွေဆိပ်ဖြေဆေးဖြင့် ကုခြင်းသည် အသက်ရှင်သည်။
■ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆေးသွင်းကုသနိုင်ရန် ကြိုးစားပါ။
■ လူနာကို ထမ်းပိုး၍ လမ်းမလျှောက်စေဘဲ ဆေးရုံသို့ ယူခဲ့ပါ။
■ လှုပ်ရှားခြင်းဖြင့် မြွေဆိပ်ပိုမို ပျံ့နှံ့စေတတ်ပါသည်။ မြွေကိုက်ခံရသော လူနာကို မလှုပ်ရှားစေရပါ။
ပညာပေးပိုစတာများပြသ
မြွေကာကွယ်ရေးအကြောင်း ဟောပြောရန် တာဝန်ကျသူ ဆေးကျောင်းသူ၊ ကျောင်းသားများ ပြုစုထားသမျှမှာ ဟောပြောရန်သာ မဟုတ်သေးဘဲ နံရံကပ်စာရွက်စာတမ်းတို့ ပါရှိသေးသည်။ “စုပေါင်းကာကွယ် မြွေအန္တရာယ်၊ စုပေါင်းဖြေရှင်း မြွေအန္တရာယ်ကင်း” ဆိုသော စာတန်းလေး စာရွက်ဖြူပေါ် မင်နီ စာလုံးကြီးများနှင့် တစ်မျိုး၊ “မြွေဆိုးကိုက်လျှင် သတိယှဉ် စောလျှင်ပြုစုကြ၊ လူနာကယ်က ဆေးဦးမှ အသက်ချမ်းသာရ” ဆိုသော မင်အပြာ စာလုံးကြီးများနှင့် တစ်မျိုး၊ နံရံကပ် ကြော်ငြာဆော်သြမှုများကို ဦးကြီးတို့အတွက် ကြိုးစားထားကြပါသည်။
မြွေပွေးကိုက်လျှင်
၁။ လူ့သွေး၏ သဘာဝအခြေအနေများကို ထိခိုက်ပျက်စီးစေသည်။
၂။ အကိုက်ခံရသော နေရာ၌ နာကျင်ပြီး လျင်မြန်စွာ ရောင်တက်လာမည်။
၃။ ချွေးစေးများထွက်မည်။ ရေအလွန်ငတ်မည်။
၄။ ချောင်းပြင်းစွာဟပ်လျှင် သွေးများပါမည်။
၅။ သွေးပေါင်ချိန်ကျမည်။
၆။ အစွယ်ရာများမှ သွေးများ အဆက်မပြတ် ထွက်နိုင်သည်။
၇။ ပါးစပ်၊ နှာခေါင်းစသည့် ဒွါရများမှလည်း သွေးများထွက်တတ်သည်။ ဆီးတဖြည်းဖြည်း ချုပ်လာနိုင်သည်။။
မြွေဟာက်ကိုက်ခံရလျှင်
■ အာရုံကြောနှင့် ဦးနှောက်ကို ထိခိုက်စေနိုင်သည်။ အရေးကြီးဆုံး ဤအချက်ကို သတိမူပါ။
■ အကိုက်ခံရသောနေရာ၌ နာကျင်ပြီး ရောင်လာမည်။
■ မူးပြီး အော့အန်မည်။ ရေငတ်မည် စသည့်အချက်အလက်တို့ကို သမားတော်ကြီးတို့မှ ဆေးကျောင်းသား/ကျောင်းသူများသို့ အထူးမှာကြားပြောပြသော အချက်အလက်တို့ ဖြစ်ပါသည်။
ဆေးကျောင်းသူကို မြွေကိုက်လို့တဲ့
လက်တွေ့ ကွင်းဆင်းပြီး ဗဟုသုတဖလှယ်ရေး ပညာပေးဟောပြောပွဲများ ကျေးလက်အရောက်တွင် ပြုလုပ်သော နေ့တစ်နေ့၌ “အမယ်လေး လုပ်ကြပါဦး” ဟု ဆေးကျောင်းသူတစ်ဦး၏ အလန့်တကြား အော်သံကြားလိုက်ရာ “မြွေနှင့်တူတယ်။ မြွေကိုက်ခံရရင် ဆေးရုံအမြန်ပို့ရအောင်” ဟု ဆေးကျောင်းသူ/ကျောင်းသားတို့က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ သို့ပါသော်လည်း စုံစမ်းကြည့်ပါမှ သိရသည်မှာ မြွေမဟုတ်ပါဘဲ ဆရာဝန်မလောင်းကို ကျွတ်တွယ်လျက် သွေးထွက်နေခြင်းမျှသာ ဖြစ်ကြောင်း၊ မြွေအကြောင်း တောင်သူဦးကြီးတို့ကို ဟောဖို့၊ ပြောဖို့၊ ပညာပေးဖို့ ကြိုးစားနေသည့် ဆေးကျောင်းသူ/ကျောင်းသားတို့ ကျွတ်တွယ်သည်ကို မြွေကိုက်သည့်အဖြစ် စိုးရိမ်တကြီး မှားယွင်းစွာ ထင်မြင်ယူဆသွားသည့် အကြောင်း နောက်ဆုံးတင်ပြလျက် ဤတွင် မြွေအကြောင်း ရပ်နားလိုက်ပါရစေ။
တောင်သူဦးကြီးများသို့ ဆေးကျောင်းသူ၊ ကျောင်းသားများ၏ မြွေအကြောင်း
Most Read
Most Recent
3 hours ago










