စပါးဈေးတွေ မကောင်းပါဘူး။ ပဲဈေးတွေ မငြိမ်ပါဘူး။ ရွှေဈေးတက်၊ ဒေါ်လာဈေးတက်။ ဆီဈေးတက်၊ အခြေခံကုန်တွေ ဈေးတက်နေပါတယ်။ အောက်ခြေလူတန်းစားတွေ ပိုမို ကျပ်တည်းလာပါတယ်။ စီးပွားရေး ကောင်းလာရင် ဒါတွေအားလုံး အဆင်ပြေသွားမယ်လို့ ဆိုပေမယ့် စီးပွားရေးကောင်းတဲ့အထိ မွန်းကျပ်မှုတွေက တောင့်ခံနိုင်ပါ့မလား ဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ဆင်းရဲနွမ်းပါး သူတွေအတွက် လူမှုဘ၀ လုံခြုံရေး Social Protection အစီအစဉ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုထက် မနည်း ဂရုစိုက် ဆောင်ရွက်သင့်တဲ့ အနေအထားကို ရောက်နေပါပြီ။ စီးပွား ဖွံ့ဖြိုးရေးမှာကိုပဲ နွမ်းပါးမှု တိုက်ဖျက်ရေးက အဓိက ဦးစားပေး လုပ်ဆောင်ရမယ့် အချက် ဖြစ်နေပါပြီ။ အခြေခံ လူတန်းစားတွေကြား နေ့စဉ်ထိတွေ့ ဆက်ဆံနေရတဲ့ ကျွန်တော်၊ တန်ဖိုးသင့်ညစာ တုန်းကလိုပဲ အတွေးလေးတစ်ခု တွေးမိပါတယ်။ ရင်ဘတ်ချင်းသူတူတွေ မွေးစားနိုင်ဖို့ ဒါမှမဟုတ် ပိုမိုကောင်းမွန်တဲ့အတွေး လုပ်ဆောင်ချက်တွေ လုပ်ကိုင်နိုင်ဖို့ တင်ပြပါရစေ။
၁။ နွမ်းပါးသူ စာရင်းဆင်းရဲတာ ရှက်စရာ မဟုတ်ပါဘူး။ ဆင်းရဲတွင်းက ရုန်းမထွက်နိုင်မှ ရှက်ရမှာပါ။ တိုင်းပြည်ဆင်းရဲတာ ဖုံးကွယ်ရန် မလိုပါဘူး။ ဒီလို ဖုံးကွယ်ခြင်းကမှ အမှန်တကယ် ရှက်စရာ ကောင်းလှပါတယ်။ တအုံနွေးနွေး ဆင်းရဲမှုစာရင်း တစ်နည်း နွမ်းပါးသူစာရင်းကို ဖော်ထုတ်ကြပါစို့။ ကမ္ဘောဒီးယားမှာဆို Poor 1, Poor 2 ဆိုပြီး အဆင့်ခွဲထားပါတယ်။ လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန Ministry of Social Welfare က အဖွဲ့တွေက ဆင်းရဲတယ်ပြောတဲ့ သူတွေကို လိုက်ကြည့်တယ်။ သေချာ စိစစ်တယ်။ ဓာတ်ပုံတွေ ရိုက်တယ်။ ပိုင်ဆိုင်မှုတွေ မှတ်တမ်းတင်ခိုင်းတယ်။ အဆင့် (၁) လား အဆင့် (၂) လား သတ်မှတ်တယ်။ အဲဒီလူတွေက အခွန်သက်သာခွင့်တွေ၊ လူမှုရေး ကျန်းမာရေး ဆိုင်ရာ အထူးအခွင့်အရေးတွေ ရတယ်။ အလုပ်အကိုင် အခွင့်အလမ်း ပိုရတယ်။ဒီမှာလည်း ဒီလိုလုပ်ရင် ရပါလိမ့်မယ်။ အဂတိတရားကင်းတဲ့ စိစစ်ရေး အဖွဲ့တွေနဲ့ လိုက်စစ်ကာ မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ ကိုယ်ရေး အချက်အလက်တွေကို Bio Data တွေယူပြီး တစ်ခါတည်း Smart Card ထဲကို သွင်းကာ တစ်ဦးချင်း ID တွေ ထုတ်ပေးထားသင့်ပါတယ်။ (ဘာပဲလုပ်လုပ် ကွန်ပျူတာနှင့် လုပ်တတ်ဖို့ Database ကို စနစ်တကျ ထိန်းသိမ်းထားတတ်ဖို့တော့ စတင်အကျင့်လုပ်သင့်ပါပြီ။ ငွေကုန်တာ နှမြောစရာ မဟုတ်ပါဘူး။ စနစ်တကျ မသုံးတာမှ ဖြုန်းတာပါ။ စနစ်တကျ လုပ်တဲ့ အလုပ်မှန်သမျှ ငွေကုန်ရတာ တန်ပါတယ်။) ဆင်းရဲသား မှတ်ပုံတင် သို့တည်းမဟုတ် လိုအပ်ချက် ရှိနေသေးသော လူ့အဖွဲ့အစည်း မှတ်တမ်းပေါ့။ ဘယ်လိုလူတွေကို လိုအပ်ချက် ရှိနေတယ်။ ဘယ်လိုလူတွေကို နွမ်းပါးတယ်ဆိုတဲ့ ဖွင့်ဆိုချက်ကို ပိုင်ပိုင်နိုင်နိုင် မူဘောင်သတ်မှတ်ပြီး တိတိကျကျ အချိန်ယူ အင်အားသုံး ကောက်ခံလိုက်ရင် မကြာပါဘူး။ လိုအပ်ရင် ပြည်တွင်း သို့မဟုတ် ပြည်ပကနေ သေချာဆောင်ရွက်ပေးနိုင်မည့် အဖွဲ့အစည်းကို တာဝန်ပေးရပါလိမ့်မယ်။
၂။ စာရင်းဝင် နွမ်းပါးသူတွေအတွက် အခွင့်အရေးများ(က) ဆန်နိုင်ငံတော်က စပါးကို တောင်သူတွေ ကိုက်ညီမယ့် ဈေးနှုန်းနှင့် ဝယ်ပေးသင့်ပါတယ်။ ပြီးရင် ဒီစပါးတွေကို ကြိတ်ကာ ဆန်ဖြစ်သွားရင် နိုင်ငံခြားကို တင်ပို့ရောင်းချရေးထက် ဆိုခဲ့တဲ့ နွမ်းပါးသူတွေကို ဈေးရင်းထက် သိပ်မကွာတဲ့ လက်ရှိဈေးကွက်မှာ ပေါက်ဈေးထက် သက်သာတဲ့ ဈေးတန်းတစ်ခုနှင့် အထူးရောင်းချပေးရန် လိုအပ်ပါလိမ့်မယ်။ ဖြစ်နိုင်ရင် ဗီယက်နမ်မှာလို ဆန်ကွဲရာခိုင်နှုန်း အချိုးအစားတစ်ခုပါတဲ့ ဆန်မျိုးဖြစ်ပါစေ (အလေအလွင့်နည်းအောင်) တွန်းအားပေး ရောင်းချသင့်ပါတယ်။ ဥပမာ ဆန်ကွဲ ၂၅ ရာခိုင်နှုန်း ပါဝင်သည်ဆိုတာ ဖော်ပြထားတာမျိုးပေါ့။ ဆန်ကွဲပါဝင်သော ဆန်ကိုစားခြင်းအားဖြင့် တိုင်းပြည်အတွက် ရရှိမယ့် အကျိုးအမြတ်ကိုပါ ပြည်သူကို ချပြထားသင့်ပါတယ်။ ဖြစ်နိုင်ရင် တစ်ပါတည်း အဲဒီဆန်တွေကို Fortification လုပ်လိုက်ရင် (အားဖြည့် ဗီတာမင်တွေ ထည့်ပေးလိုက်ရင်) တစ်ချက်ခုတ် သုံးလေးချက် ပြတ်သွားတာပါပဲ။ အရှုံးခံ ရောင်းပေးရန် မလိုပါဘူး။ ဈေးကွက်က ဝိသမ လောဘသားတွေ တင်ထားတဲ့ ဈေးထက် သက်သာတဲ့ဈေးကိုသာ တောင်းဆိုတာပါ။ ဒီလို စပါးဝယ်ကြိတ် ပြည်သူကို ပြန်ရောင်းတဲ့ အစီအစဉ်မှာ အဂတိတရား ကင်းရှင်းရင် ဘဏ္ဍာငွေ ဆုံးရှုံးစရာ မရှိတော့ပါဘူး။ ထိုက်သင့်တဲ့ အမြတ်တောင် ရမှာပါ။
(ခ) ဆေးကုခွင့်ဒီဆင်းရဲနွမ်းပါး Smart Card ကိုင်ဆောင်သူတွေအတွက် အစိုးရဆေးရုံမှန်သမျှ အခမဲ့ ဆေးကုသခွင့်ကို ပေးသင့်ပါတယ်။ မြန်မာပြည်မှာ ကုလို့ရမယ့် အခြေအနေ မှန်သမျှ အခမဲ့ ကုပေးရမှာပါ။ အခမဲ့တော့ပေးမယ်။ သွေးတော့ စစ်မပေးဘူး။ သံလိုက်ဓာတ် မှန်တော့ ရိုက်မပေးဘူးဆိုတာ မဖြစ်သင့်ပါဘူး။ ဈေးကြီးကြီး ဝေးဝေးနီးနီး အဆိုပါ လူနာတွေကို ကုသပေးနိုင်တဲ့ အခွင့်အရေးရအောင် စီမံပေးနိုင်ရပါမယ်။ မြန်မာပြည်မှာ လုပ်နိုင်ပါလျက် လူနာအတွက်လည်း အမှန်တကယ် လိုအပ်နေပါလျက်နှင့် ပိုက်ဆံမရှိလို့ လုပ်မပေးရဘူးဆိုတာ မရှိအောင် စီမံပေးရပါမယ်။ အခုလို မြင်မြင်သမျှ ခယကာ အခမဲ့ကုလည်း အလကားထင်တဲ့ တန်ဖိုးမထားတဲ့ အခြေအနေကိုပါ တစ်ပါတည်း လွတ်မြောက်သွားပါလိမ့်မယ်။ ဆရာဝန် ဆရာမတွေလည်း လုပ်ငန်းခွင်ဟာ ပိုအဓိပ္ပာယ် ရှိလာပါလိမ့်မယ်။
(ဂ) ယာဉ်စီးခွင့်အလုံးစုံ မဟုတ်တောင် ဒီ Smart Card ကိုင်ဆောင်သူတွေအတွက် အထူးနှုန်း သို့မဟုတ် အထူးကာလတွေ ရှိသင့်ပါတယ်။ ဥပမာ Smart Card သမားတိုင်းအတွက် အများပိုင် ဘတ်စ်ကားများကို မည်သည့်အချိန်မှ မည်သည့်အချိန်ကြား စီးနင်းလျှင် အခမဲ့ သို့မဟုတ် တစ်ဝက်ကြေး ဆိုတာမျိုး လုပ်သင့်သလား စဉ်းစားစရာပါ။ ဒါဆို ကားလမ်းပိတ်မှုကိုလည်း အချိန်ကိုက် ပြောင်းရွှေ့နိုင်ရေးမှာ အထောက်အပံ့ ဖြစ်စေမှာပါ။ Smart Card သမားတွေက အခမဲ့ သို့မဟုတ် တစ်ဝက်ကြေးရတဲ့ အချိန်တွေမှာ ပြုံစီးမှာ ဖြစ်တဲ့အတွက် ကျန်သူတွေက အဲဒီအချိန်တွေနှင့် လွဲပြီး မိမိရဲ့ အချိန်ခရီးစဉ်ကို ရွှေ့ပြောင်းစီမံနိုင်ပါလိမ့်မယ်။ ဒါဆို တစ်ချိန်တည်းမှာ ပြုံနေတာ ပြီးဆုံးသွားနိုင်ပါတယ်။
(ဃ) ပညာသင်ကြားခွင့်အတန်းပညာထက်စာရင် အတတ်ပညာတွေ သင်ကြားခွင့်တွေကို စီမံပေးရပါမယ်။ စိတ်ဓာတ်မြှင့်တင်ရေးပွဲတွေ အခမဲ့ လုပ်ပေး။ အကျွေးအမွေးရော လက်ဆောင်ရော စီမံကာ Smart Card သမားတွေ ဘဝမြှင့်တင်ရေးကို ဆောင်ရွက်ပေးသင့်ပါတယ်။ အဲဒီလို ပွဲတွေကနေ အလုပ်လုပ်ပိုင်ခွင့်တွေ အရည်အသွေးမြှင့် သင်တန်းတွေ တက်ပြီးရင် လက်ခံမယ့် အလုပ်တွေကို ဖော်ပြရှင်းပြလိုက်ရင် အလုပ်သမား အခွင့်အရေး အလုပ်ရှင်အခွင့် အရေးတွေကို ရှင်းပြသင်ကြား နားလည်အောင် ရှင်းပြရင်း အရည်အသွေးပြည့် လုပ်သားကောင်းတွေ ပေါ်ပေါက်လာမှာပါ။ ဆန္ဒပြပွဲတွေ အလုပ်ရှင် အလုပ်သမား ပြဿနာ တွေတောင် အပိုင်းကဏ္ဍတစ်ခု အနေဖြင့် ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။
(င) နေထိုင်ရေးSmart Card သမားတွေကို အိမ်ပိုင်ထက်စာရင် အလုပ်ရှိနေသရွေ့ နိုင်ငံသားတာဝန် ကျေနေသရွေ့ (ရာဇဝတ်မှု မကျူးလွန်ဘူး။ ဥပဒေနဲ့ မညီတာ မလုပ်ဘူး) နေထိုင်ခွင့်ရှိတဲ့ အစီအမံမျိုးကို ဆောင်ရွက်သင့်ပါတယ်။ ပုံမှန် အလုပ်ကလေးရနေလို့ အလုပ်ကရတဲ့ ဝင်ငွေထဲက အချိုးအစား သေးသေးလေး တစ်ခုကို သွင်းနေရင် နေစရာ စီမံထားပေးသင့်ပါတယ်။ တကယ်လို့ ရာဇဝတ်မှု ကျူးလွန်ပြီဆိုရင် သူသာမက သူ့မိသားစုကိုပါ နေထိုင်ခွင့် ရုပ်သိမ်းတဲ့အထိ အပြစ်ပေးတာမျိုး ဖြစ်သင့်ပါတယ်။ (ဥပမာ မူးယစ်မှုနှင့် ထောင်ကျတဲ့သူ ရှိနေချိန်မှာ ကျန်မိသားစုက နေထိုင်ရာ နေရာမှာ တစ်ပါတည်း အပြစ်ရှိသူများရဲ့ မိသားစုများအတွက် သတ်မှတ်ထားတဲ့ Social Camp တွေကို ပြောင်းရွှေ့နေရတာမျိုးပါ။ Social Camp တွေမှာ နေ့တစ်နေ့ရဲ့ အစိတ်အပိုင်းတွေကို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ (အမှိုက်သိမ်းတာ၊ သန့်ရှင်းတာတွေ) လုပ်နေရတာမျိုးပေါ့။ တစ်ယောက်မကောင်းတာနှင့် ကျန်သူတွေပါ တာဝန်ယူရတာမျိုးပါ။ ဒါကိုတော့ လူ့အခွင့်အရေး ဥပဒေအရ သေချာစွာ စဉ်းစားဖို့တော့ လိုပါလိမ့်မယ်။ ကူညီနိုင်တယ် ဆိုရင်တော့ ဒါက ဝိုင်းကြီးချုပ် ဥပဒေကို စောင့်ရှောက်ခြင်းပါပဲ။ ပညာရှင်များ ဆက်တွေးပေးကြပါဦး။
ဝန်ကြီးဌာနများဒီလုပ်ငန်းတွေကို ဝန်ကြီးဌာန တစ်ခုက မူသေ တာဝန်ယူရမှာပါ။ ကျန်ဝန်ကြီးဌာနတွေ ကော်ပိုရေးရှင်းကြီးတွေကလည်း နားလည်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ရမှာပါ။
ဝန်ထမ်းများဒီလုပ်ငန်းတွေကို ကြီးကြပ်မယ့် ဝန်ထမ်းတွေက အဂတိ မလိုက်စားဖို့ ဥပဒေအတိုင်း လိုက်နာဖို့ အရေးအကြီးဆုံးပါပဲ။ အစိုးရ အဆက်ဆက် ချမှတ်ထားတဲ့မူက ကောင်းတာ များပေမယ့် လက်တစ်လုံးခြား စီမံသူတွေ အဂတိတွေကြောင့် ကျဆုံးရတာပါ။ ဝန်ထမ်းတွေကို လုံလောက်တဲ့ လခပေးလိုက်ပါ။ လာဘ်စားရင် ပြတ်ပြတ်သားသား အရေးယူပါ။ ငဲ့မနေပါနှင့်။ ဒါဆို အတော်သန့် သွားပါမယ်။ ယခုအစိုးရ တက်ကာစ ဝန်ထမ်းတွေ အဂတိတရား လိုက်စားရန် ခဏတန့်သွားပါသေးတယ်။ နောက်ပိုင်း အရေးလည်း မယူရော အရှိန်အဟုန်ဖြင့် လိုက်စားကြတော့တာပါပဲ။ ပိုဆိုးသွားပါတယ်။ ဝန်ထမ်းတွေကို လခတိုးပေးပါ (လုံလောက်အောင် တိုးပေးပါ။) ကုန်ဈေးနှုန်းတွေ လိုက်တက်လာရင် ဝိသမ လောဘသားတွေကို Anti Trust Law (နိုင်ငံတော်အား အယုံအကြည်မဲ့စေမှု) လိုမျိုး ဥပဒေထုတ်ကာ ပြတ်ပြတ်သားသား အရေးယူပေးပါ။ လောက်အောင် တိုးထားရဲ့သားနှင့် စည်းကမ်းနှင့် မညီတဲ့ ဝန်ထမ်း တကယ်အပြစ်ရှိရင် ဖမ်းပါ။ ထောင်ချပါ။ ဖြုတ်လိုက်ပါ။ အစိုးရကလည်း ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဥပဒေထုတ်ကာ စောင့်ရှောက်ပေးစေလိုပါတယ်။တိုင်းပြည်က မချမ်းသာဘူး။ ချမ်းသာမှ ပြည်သူကို ကြည့်နိုင်မှာပေါ့။ ဘတ်ဂျက် မရှိဘူး။ ဘယ်လိုလည်ပတ်မလဲလို့ ပြောစရာရှိ လာပါတယ်။ အခွန်ကရမယ်လို့ ပြောချင်ပါတယ်။ စဉ်းစားမိတာက တစ်နေ့တစ်နေ့ နိုင်ငံအနှံ့အပြားက စားသောက်ဆိုင်တွေမှာ စားသောက်တဲ့နေရာက လက်ရှိကောက်ခံနေတဲ့ ၁၀ ရာခိုင်နှုန်းသော အခွန်တွေကို Earmarking Tax အနေဖြင့် ဆင်းရဲနွမ်းပါး ဘတ်ဂျက်ကို ဝင်လိုက်ရင်ကို မဆိုးလှပါဘူး။ ချမ်းသာသူတွေ အစားများများစား ဆင်းရဲသားတွေကိုပါ ထောက်ပံ့တယ်ဆိုတဲ့ အမြင်မျိုးလည်း ဖြစ်စေမှာပါ။ စားသောက်ဆိုင်တွေလည်း ရောင်းကောင်းစေ။ အခွန်လည်းများ များရစေ။ စားသုံးသူတွေကလည်း အခွန်ထမ်းခြင်းသည်ပင်လျှင် ကုသိုလ်တစ်ရပ်လို့ ယုံကြည်လာမှာပါ။ တကယ် စနစ်တကျ စီမံရင် တစ်နေ့တစ်နေ့ ရန်ကုန်တစ်မြို့တည်းတင် သိန်းထောင်နဲ့ချီတဲ့ အခွန်တွေ ရမှာပါ။တချို့တွေက ယူဆကြပါတယ်။ အားလုံး ရေနစ်နေတယ်။ ကမ်းကို ကိုယ်လွတ်ရုန်း အရင်ကူးရမယ်။ ကမ်းရောက်မှ ကယ်ဆယ်ရေး လုပ်ဖို့ စီစဉ်မယ်တဲ့။ သဘောမတူပါဘူး။ အလွတ်မရုန်းနိုင်ဘဲ ကိုယ်သည်ပင် ဆွဲခံတွဲခံထိပြီး မြုပ်သွားပါလိမ့်မယ်။ ကမ်းရောက်ရေးနှင့် ရေနစ်သူ ရေလန့်သူ နည်းပါးစေရေးကိုလည်း လုပ်ဆောင်ရပါလိမ့်မယ်။ Social Protection သည်ပင်လျှင် စီးပွားရေး တိုးတက်စေခြင်းအတွက် အခြေခံ အထောက်အပံ့ ဖြစ်စေမယ်လို့တောင် ယုံကြည်မိပါတယ်။တစ်နိုင်ငံလုံး လုပ်ဆောင်ရန် အဆင်သင့် မဖြစ်သေးဘူး ဆိုရင်တောင် ဒေသတစ်ခုကိုပဲ ပိုင်းခြားသတ်မှတ်ပြီး စံပြရှေ့ပြေး (Pilot Project) လုပ်သင့်ပါတယ်။ တစ်နှစ်ကြာ အချိန်ယူ နောက်နှစ်ကျတော့ အကောင်အထည်ဖော်၊ လုပ်ရင်းသုံးသပ်ကာ နှစ်နှစ်သက်တမ်းပြည့်ရင် တစ်နိုင်ငံလုံး သို့မဟုတ် သတ်မှတ်ဒေသကြီးများအားလုံး လွှမ်းခြုံမိစေရန် စီမံဆောင်ရွက်သင့်ပါတယ်။ ဒါဆို အခုအစိုးရ သက်တမ်းအတွင်းမှာ ပြီးမြောက်အောင်မြင်မှုကို မျက်ဝါးထင်ထင် တွေ့မြင်သွားနိုင်ပါတယ်။လုပ်ရမှာတော့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ မဖြစ်နိုင်တာ မဖြစ်သင့်တာ မရှိပါဘူး။ ဖြစ်သင့်တဲ့ ဖြစ်နိုင်တဲ့ အလုပ်တွေမို့ တိုင်းပြည်တိုးတက်ဖို့ အခြေခံ နင်းပြားတွေဘ၀ တိုးတက်သာယာလာဖို့ စနစ်တကျ တိုင်းပြည်တိုးတက်ချင်တဲ့ စိတ်ကူးတူသူ အားလုံးရဲ့ အားကိုယူပြီး စီမံဆောင်ရွက်သင့်ပါကြောင်း တင်ပြရေးသားလိုက်ရပါတယ်။










