အကောင်းဆုံးသော အကာအကွယ်

အကောင်းဆုံးသော အကာအကွယ်
Published 24 September 2016
ဒေါက်တာဖြိုးသီဟ

လေးစားရတဲ့ ဆရာတစ်ယောက်က ပြောဖူးတယ် The best contraception is Development ပါတဲ့။ သားဆက်ခြား လုပ်ငန်းတွေကြောင့် အမျိုးသမီးတွေ၊ မိသားစုဘဝတွေ တိုးတက်ပြောင်းလဲလာနိုင်တယ်ဆိုတာ မှန်ပေမယ့် တစ်ဖက်မှာလည်း ဖွံ့ဖြိုးတိုးတက်မှု အားနည်းရင် နည်းသလောက် လုပ်ငန်းတွေ မအောင်မြင်တတ်ဘူး ဆိုတာကိုလည်း တွေ့ရတယ်။ ချင်းပြည်နယ်ဆိုရင် သိပ်ကောင်းတဲ့ ဥပမာပေါ့။ အမျိုးသမီးတွေက စီးပွားရေး အဆင်မပြေ၊ အသိပညာအားနည်း၊ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲ၊ ဒီကြားထဲဘာသာ စကားပြဿနာ  (Language barrier) က ရှိသေးတော့ သားဆက်ခြားတဲ့ အလုပ်ကို ပုံမှန်လုပ်ဖို့မပြောနဲ့၊ အရေးကြီးမှန်း သိအောင်ကို ပြောရတာ တော်တော်ခက်တယ်။ ဒီဆေးတွေ သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုး ဒါတွေဖြစ်တတ်ပါတယ်ဆိုရင် သူတို့က သိပ်ကြောက်သွားတတ်ကြတယ်။ ဖြစ်လာရင် ဘယ်သူနဲ့ပြရမလဲ၊ ရွာကနေ မြို့တက်လာဖို့ ဆိုတာကလည်း မလွယ်ဘူး၊ ငွေကုန်ကြေးကျလည်း မခံနိုင်ဘူး။ ဒီတော့ နည်းနည်းပါးပါး ဖြစ်တာပါ၊ မပြင်းထန်ပါဘူး ဆိုရင်တောင် သူတို့အတွက်က သိပ်စိုးရိမ်စရာ ဖြစ်နေတတ်တယ်။ဖွံ့ဖြိုးတဲ့ဒေသတွေမှာ ဆိုရင်တော့ အမျိုးသမီးတွေက စားဝတ်နေရေးအတွက် နိစ္စဓူ၀ ပူပန်မနေရတော့ဘူး။ ကျန်းမာရေးကို အာရုံစိုက်နိုင်တယ်။ ငွေပိုငွေလျှံရှိတော့ ကျန်းမာရေးအတွက် သုံးနိုင်တယ်။ ကျန်းမာရေး စာစောင်တွေ ဖတ်တယ်၊ လက်လှမ်းမီတယ်။ ဒီတော့ အသိပညာ ပေးရတာလည်း လွယ်တယ်။ ဒါကြောင့် အကောင်းဆုံးသော သားဆက်ခြားနည်းဟာ ဖွံ့ဖြိုးတိုးတက်မှုလို့ ဆရာက ပြောတာ။အခုပြည်သူအများ စိတ်ဝင်စားနေကြတဲ့ “ညှဉ်းပန်းနှိပ်စက်ပြီး လျော်ကြေးပေး ကျေအေးလိုက်တဲ့ ကိစ္စတွေက နယ်တွေမှာဆို တအားများပါတယ်။ မီဒီယာတွေပေါ် တက်မလာလို့သာ လူသိပ်မသိကြတာ။ ကလေးတစ်ယောက်ကို မတော်မတရားကျင့်လိုက်၊ ပြီးရင် အုပ်ချုပ်ရေးမှူးက လာညှိပေးမယ်၊ ငွေ လေး၊ ငါးသိန်းလောက်ယူလိုက်၊ ပြီးရင် အမှုပိတ်။ ဒါတွေက မကြာခဏကို ကြားနေရတာပါ။အဲဒီလို ကိစ္စတွေမှာ ပြဿနာ နှစ်ခုရှိတယ်။ တစ်ခုက တရားဥပဒေစိုးမိုးရေး။ တရားဥပဒေ စိုးမိုးမှုဆိုတာ ဘာလဲ။ အရှင်းဆုံးပြောရရင် ကျွန်တော်တို့ ငယ်ငယ်က တရှိုက်မတ်မတ် ကြည့်ခဲ့ရတဲ့ ဇာတ်လမ်းတွဲတွေထဲကလိုပဲ။ အပြစ်သာ ကျူးလွန်ထားရင် ဘယ်သူပဲ ဖြစ်နေပါစေ၊ တရားဥပဒေနဲ့အညီ အပြစ်ပေး အရေးယူခံရမယ်။ Rule by law ဥပဒေထုတ် အုပ်ချုပ်တာ မဟုတ်ဘူး၊ Rule by law ဥပဒေ နဲ့အညီ အုပ်ချုပ်တာ။ ဒီတော့ လူတွေကတော်ရုံနဲ့ အပြစ် မကျူးလွန်ရဲတော့ဘူး။ ကျူးလွန်ခဲ့လည်း ထိထိရောက်ရောက် အပြစ်ပေးခံရတယ်။ ဒီတော့ အမှုအခင်းနည်းမယ်၊ ပြည်သူတွေဘ၀ လုံခြုံမယ်။ကျွန်တော် သတိထားမိသလောက် ပြီးခဲ့တဲ့ အစိုးရလက်ထက်ကစပြီး ဆင်းရဲချမ်းသာ အရင်ကထက် ပိုကွာဟလာတယ်။ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေဝင်လာ၊ ဘယ်သူတွေ အကျိုးအမြတ်ရလဲဆိုတော့ ဒီလူဒီလူတွေပဲ။ ကျန်ပြည်သူတွေရဲ့ ဘဝက သိပ်ထူးမလာဘူး။ ခုအစိုးရသစ် လက်ထက်မှာလည်း ကောင်းကောင်းသာ မကိုင်တွယ်နိုင်ရင် ဒီလိုထပ်ဖြစ်ဦးမှာပဲ။ ဆန်ရှင်တွေ ရုပ်သိမ်းလိုက်တယ်။ ဘယ်သူတွေ အဓိက ပျော်နေသလဲဆို ခရိုနီတွေပဲ ပျော်နေတာ။ ခရိုနီစနစ်နဲ့ အကျင့်ပျက် ခြစားမှုတွေကို ထိထိရောက်ရောက် မဖယ်ရှားနိုင်ဘူးဆို ရုပ်သမျှဆန်ရှင်၊ ဝင်လာသမျှ ရင်းနှီးမြှုပ်နှံမှုတွေက သူတို့အတွက်ပဲ ဖြစ်နေလိမ့်မယ်။ဆင်းရဲချမ်းသာက အရမ်းကွာဟလာတဲ့အခါ လူတချို့အတွက် ငွေဆယ်သိန်းဆိုတာ မပြောပလောက်ပေမယ့် တချို့အတွက်ကျတော့ တစ်ခါမှ အဲဒီလောက် တစ်လုံးတစ်ခဲတည်း မကိုင်ဖူးဘူးဆိုတာမျိုးတွေ ဖြစ်နေတယ်။ အဲဒီအခါ တရားဥပဒေကမှ အကာအကွယ် မပေးနိုင်ရင် ငွေမရှိသူတွေရဲ့ ဘဝဟာ ပိုပိုပြီး နိမ့်ကျလာဖို့ပဲ ရှိတယ်။ အဓမ္မကျင့်လိုက်၊ လျော်ပေးလိုက်၊ နှိပ်စက်လိုက်၊ လူသိသွားရင် အလျော်ပေးပြီး ကျေအေးခိုင်းလိုက်နဲ့ ဖြစ်နေတော့မှာပေါ့။ကြာလာရင် ဒါလေးများ လျော်ကြေးပေးလိုက်၊ ပြီးတာပဲဆိုပြီး မြင်လာကြမယ်။ တရားဥပဒေဆိုတာ ဂရုစိုက်စရာလို့ကို မထင်တော့ဘူး။ ပိုက်ဆံရှိသူတွေရဲ့ အမြင်မှာ ဆင်းရဲသားတွေ၊ အလုပ်သမားတွေဟာ ဘာတန်ဖိုးမှ မရှိတဲ့သူတွေလို ဖြစ်လာနိုင်တယ်။ အားကြီးသူ နိုင်စတမ်းဆိုသလို ငွေရှိဖို့ပဲလိုတယ်။ ငွေကပဲ ကိုယ့်ကိုကာကွယ်ပေးနိုင်တယ် ဆိုတာမျိုး ဖြစ်လာကြရင် လူ့အဖွဲ့အစည်းအတွက် ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။တကယ်တော့ ဥပဒေဆိုတာ ပြည်သူတွေကို အကာအကွယ်ပေးဖို့ပါ။ ငွေမရှိလည်း၊ ဆင်းရဲသားဖြစ်လည်း၊ ပညာမတတ်လည်း နိုင်ငံသားတိုင်းဟာ ဥပဒေရဲ့ အကာအကွယ်ကို ရရမှာပါ။ အဲဒီအကာအကွယ် မရှိတဲ့အခါ ငွေအား၊ ခန္ဓာအား၊ လူအား၊ ပညာအားသာတဲ့သူတွေရဲ့ အနိုင်ကျင့်မှုတွေကို ခါးစည်းခံနေကြရပါလိမ့်မယ်။ ဘဝလုံခြုံမှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် တရားတဲ့သူကြီးတွေက တရားတဲ့ ဥပဒေတွေနဲ့ ပြည်သူတွေကို အကာအကွယ် ပေးနိုင်ကြဖို့ လိုပါတယ်။ဒါဖြင့် ဥပဒေနဲ့အညီ အရေးယူတိုင်းပြီး သွားပြီလားဆိုတော့ မပြီးသေးဘူး။ နောက်ထပ်ပြဿနာ တစ်ခုရှိသေးတယ်။ ဘာလဲဆိုတော့ ဆင်းရဲမွဲတေမှု။ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က မော်လမြိုင်မှာ Project တစ်ခု လုပ်ခဲ့ရဖူးတယ်။ အဓမ္မပြုကျင့်မှုတွေကို ကာကွယ်၊ တုံ့ပြန်ဆောင်ရွက်ရတဲ့ စီမံချက်၊ အဓမ္မကျင့်ခံရတဲ့ ကလေးတွေကို ကျွန်တော်တို့က ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု လုပ်ပေးရတယ်၊ နောက်ချိတ်ဆက်ထားတဲ့ ရှေ့နေအဖွဲ့က ဥပဒေရေးရာပိုင်းကို အခမဲ့ ဆောင်ရွက်ပေးတယ်။ အဲဒီတုန်းက ရှေ့နေတစ်ယောက် ပြောဖူးခဲ့တာလေး သတိရနေမိတယ်။တစ်ခါတစ်ခါကျ ကိုယ်ကတော့ ဥပဒေအရ အရေးယူနိုင်ဖို့ ကြိုးစားနေပေမယ့် ခံလိုက်ရတဲ့ ကာယကံရှင် ကိုယ်တိုင်က နှစ်ဦးနှစ်ဖက် အဆင်ပြေနေပြီပဲ၊ ဆရာမတို့က ဘာလို့ ဝင်ရှုပ်နေတာလဲဆိုပြီး အပြောခံရဖူးတယ်တဲ့။ မသိရင် သူတို့ကပဲ တစ်ခုခု လိုချင်လို့ အမှုပွဲစား လုပ်နေသလိုလို။ တစ်ခါတလေ ကျူးလွန်သူကို အရေးယူနိုင်တဲ့ အခါကျတော့လည်း ခံလိုက်ရသူကို ကြည့်လိုက်တော့ ပျော်နေလားဆို ဟင့်အင်း မပျော်ဘူး၊ ဘာလို့ဆို သူတို့အတွက် ဘာမှမှထူးမသွားဘဲ။ လျော်ကြေးယူလိုက်တဲ့သူက ဟိုမှာ အိမ်တွေဘာတွေ ပြင်ဆောက်လို့၊ ရင်းနှီးလုပ်ကိုင်စားလို့။ ဟိုတစ်နှစ်က သမီးလေး ကိစ္စဖြစ်တုန်းက ရတာလေးနဲ့ အိမ်ပြင်လိုက်တယ်လေ ဆိုပြီးတောင် သူ့ကိုလာပြောနေသေးတယ်တဲ့။ကျွန်တော်တို့ကသာ တရားဥပဒေ စိုးမိုးဖို့ဆိုပြီး ပြောနေကြပေမယ့် ဆင်းရဲသူတွေရဲ့ အမြင်က တစ်မျိုးဖြစ်ရင် ဖြစ်နေတတ်တယ်။ ဒါကြောင့်လည်း လူကုန်ကူးမှုတွေကို ဘယ်လောက် ပညာပေးပေး၊ ဘယ်လောက် အရေးယူယူ၊ ဒီနေ့ထိ မပပျောက်သေးတာပဲ။ ဆင်းရဲလွန်းတဲ့ အခါမှာ လူတွေဟာ ကောက်ရိုးတစ်မျှင်ဆိုလည်း ဆွဲရတော့တာလေ၊ မဆွဲရင် သေဖို့ပဲ ရှိတော့တာကိုး။အောက်ခြေသန်းတစ်ထောင်ဆိုတဲ့ စာအုပ်မှာ ဖတ်ဖူးတယ်။ တိုင်းပြည်တွေ ဘာကြောင့် ဆင်းရဲရသလဲဆိုရင် ထောင်ချောက် လေးခုကြောင့် ဆင်းရဲရပါသတဲ့။၁။ ပဋိပက္ခ (ပြည်တွင်းစစ်) (Conflict)၂။ သဘာဝသယံဇာတ (Natural resources)၃။ ကုန်းတွင်းပိတ် အနေအထား (Landlocked countries)၄။ ညံ့ဖျင်းသော အစိုးရ (Bad governance)ကြည့်လိုက်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ထောင်ချောက်လေးခုထဲက သုံးခုမှာ ကောင်းကောင်းကြီး မိနေတာကို တွေ့ရပါလိမ့်မယ်။ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ရဲ့ဒဏ်ကို ခံခဲ့ရတယ်။ ခုထိလည်း မရပ်သေးဘူး။ သဘာ၀ သယံဇာတကျတော့ လုံးဝမရှိတာ မဟုတ်ဘူး။ ရှိလွန်းလို့ ကျိန်စာသင့်သွားတာ။ အဲဒီမှာ အားနည်းတဲ့ အုပ်ချုပ်မှုနဲ့ အကျင့်ပျက် ခြစားမှုတွေ ပေါင်းလိုက်တော့ နိုင်ငံပိုင်ကနေ တစ်စုတစ်ဖွဲ့ပိုင် ဖြစ်သွားခဲ့ရတော့တယ်။ ဒီတော့လည်း အဆင်းရဲဆုံး စာရင်းဝင် ဖြစ်နေတာ၊ ဒီလိုအဖြစ်ဆိုးတွေ မြင်နေကြားနေရတာ ဘာများဆန်းတော့လို့လဲ။လက်နက်အားကိုး၊ ဓနအင်အားအားကိုးနဲ့၊ ဟိုနိုင်ငံကို အနိုင်ကျင့်၊ ဒီနိုင်ငံကို စွက်ဖက်၊ လုပ်နေတာလည်း မကောင်းသလို ဟိုနိုင်ငံလည်းအောက်ကျို့၊ ဒီနိုင်ငံမှာလည်း အနှိမ်ခံဖြစ်နေရတာလည်း မကောင်းပါဘူး။ခုလို တစ်လငွေ သောင်းဂဏန်းနဲ့ သူများ အိမ်ပို့ထားရတာ ဒီမိသားစုပဲရှိတာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံလည်း ဒီလိုပဲလေ။ ငွေလေး မဖြစ်စလောက်အတွက် ကိုယ့်တိုင်းပြည်က လူတွေကို သူများအိမ်မှာ နိမ့်ကျတဲ့ အလုပ်တွေလုပ်ဖု့ိ လွှတ်နေရတာပဲဟာ။ ငွေလေးသောင်း ဂဏန်းဆိုတာ နည်းတယ်လို့သာ ပြောနေကြတာ၊ ကိုယ့်အိမ်မှာသာနေရင် အဲဒီလောက်တောင်ရမှာ မဟုတ်ဘူး။ ဒီတော့လည်း လွှတ်ရတာပေါ့။ ဘယ်တတ်နိုင်မလဲ။ အဲဒီအခါကျ ခုလိုပဲ အနိုင်ကျင့်နှိပ်စက်မှုတွေ ခံရတော့တာပေါ့။ဒါကြောင့် ကိုယ့်ကလေးကို သူများအိမ်ပို့၊ အနှိပ်စက်မခံစေချင်ဘူးဆိုရင် ကိုယ့်အိမ်မှာ စီးပွားရေး အဆင်ပြေအောင် ကြိုးစားရပါလိမ့်မယ်။ ဒီခေတ်က ပညာခေတ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တပ်ချင်း ကျူးကျော်ကြတယ်ဆိုတာ ရှားသွားပြီ။ ပညာနဲ့ ကျူးကျော်တယ်၊ စီးပွားရေး အင်အားနဲ့ သိမ်းပိုက်တယ်။ ဒါကြောင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေ ဂုဏ်သိက္ခာရှိရှိနဲ့ ကမ္ဘာ့အလယ်မှာ ရပ်တည်နိုင်ဖို့ဆိုရင် ပညာတတ်အောင်၊ စီးပွားရေးမှာ နောက်ကျကျန်မနေအောင် လုပ်ကြရလိမ့်မယ်။ကျွန်တော့်ဆရာပြောသလို ပြောရရင်တော့ တကယ်ဆို ပြည်သူတွေအတွက် အကောင်းဆုံးသော အကာအကွယ်ဟာ တခြား မဟုတ်ပါဘူး၊ ‘ဖွံ့ဖြိုးတိုးတက်မှု’ ပါပဲ။

Most Read

Most Recent