ပြီးခဲ့တဲ့ ၉-၉-၂၀၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလ ရပ်ကွက်မှာ “မေတ္တာပီတိ အထောက်အကူပြုဆေးခန်း” ဖွင့်ပွဲကို ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ မြို့နယ်၊ ရပ်ကွက်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်တွေ၊ ကျောင်းသားလူငယ်လေးတွေ၊ ရပ်ကွက်အတွင်းမှာရှိတဲ့ ပရဟိတ လူငယ်လေးတွေ၊ ရပ်မိရပ်ဖတွေနဲ့ ရပ်ကွက်သာယာရေး ကော်မတီအဖွဲ့တွေ စုစုစည်းစည်း ညီညီညွတ်ညွတ် တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ရပ်ကွက်နေ ပြည်သူတွေနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ညီညွတ်စုစည်းမှု၊ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် အနှစ်နှစ် အလလက မျှော်လင့်ခဲ့တဲ့ ယခုလို ပရဟိတဆေးခန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ရပ်ကွက်ကျန်းမာရေး အထောက်အကူပြု ပရဟိတဆေးခန်း ဖြစ်မြောက်ရေး ဦးဆောင်ကြိုးပမ်းခဲ့ကြတဲ့သူတွေဟာ အသက် ၈၀ ကျော်နဲ့ ၇၀ ကျော်တွေ ဖြစ်နေတာဟာလည်း ထူးခြားလှပါတယ်။ သူတို့အသက်အရွယ်နဲ့ အေးအေးချမ်းချမ်းနေရမယ့် အရွယ်တွေ ဖြစ်ပေမယ့် ရပ်ကွက်သူ ရပ်ကွက်သားများရဲ့ သာရေးနာရေး၊ ကျန်းမာရေး၊ မျိုးဆက်သစ် လူငယ်လူရွယ်များ ပရဟိတစိတ်ဓာတ် ရှင်သန်လာရေး၊ ရပ်ကွက်အတွင်း အုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖ၊ ရပ်ကွက်သာယာရေး အဖွဲ့များ စည်းလုံးညီညွတ်ရေး စိတ်ဆန္ဒတွေကြောင့် ဦးစီးဦးဆောင် လုပ်နေတဲ့အကြောင်း သိရပါတယ်။သူတို့ဘ၀ တစ်သက်တာတစ်လျှောက် ယခုလို စည်းလုံးညီညွတ်မှုရှိတဲ့ အနေအထားမျိုးကို ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ရကြောင်း ယခုလို ရပ်ကွက်အတွင်း ကျန်းမာရေး အထောက်အကူပြု ပရဟိတဆေးခန်း ပေါ်ပေါက်လာခဲ့ခြင်းဟာလည်း ရပ်ကွက်နေ ပြည်သူလူထုနဲ့ အုပ်ချုပ်သူ အဖွဲ့အစည်းတွေရဲ့ စည်းလုံး ညီညွတ်မှုကြောင့်ဖြစ်ကြောင်း၊ ပြည်သူမပါရင် လူမှုရေး လုပ်ငန်းဖြစ်စေ၊ နိုင်ငံရေးဖြစ်စေ၊ ငြိမ်းချမ်းရေးဖြစ်စေ ဘယ်အရာမှ အထမမြောက်နိုင်ကြောင်း၊ ယခင်က ရပ်ကွက်လူထုဟာ ယခုလို ပူးပေါင်းပါဝင်မှု အားနည်းခဲ့ကြပြီး ကိုယ်နဲ့မဆိုင်သလို နေခဲ့ကြကြောင်း၊ ယခင်အစိုးရ အဆက်ဆက် ပရဟိတ ဆေးခန်းဖြစ်ပေါ်လာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပေမယ့် အားပေးထောက်ခံမှု မရရှိခဲ့ကြောင်း၊ အားပေးကူညီ ထောက်ပံ့မည့်သူများကလည်း ယခုလို အများအကျိုးအတွက် မကူညီရဲကြကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့နဲ့ ရပ်မိရပ်ဖများ၊ ရပ်ကွက်အထောက်အကူပြု အဖွဲ့ဝင်များဟာလည်း အချင်းချင်း စည်းလုံးညီညွတ်မှု မရှိခဲ့ကြကြောင်း၊ ရပ်ကွက် လူငယ်လူရွယ်များကလည်း ခေတ်ဆိုးစနစ်ဆိုးကို ဖြတ်သန်းလာခဲ့ကြတဲ့အတွက် ပရဟိတ စိတ်ဓာတ်များ အားနည်းခဲ့ကြကြောင်း ဦးဆောင်သူတွေက ရှင်းပြခဲ့ကြပါတယ်။အများပြည်သူ အကျိုးစီးပွားအတွက် ပရဟိတ လုပ်ငန်းတွေ လုပ်ကြတယ် ဆိုပေမယ့် အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ အတိုက်အခိုက်တွေ ရှိစမြဲပဲ ဖြစ်ပါတယ်။ ထို့အတူပါပဲ နိုင်ငံတော် တည်ဆောက်ရေး ကဏ္ဍတွေမှာလည်း ကိုယ်ကိုယ်တိုင်လည်း မကူညီချင်၊ သူများတွေ ကူညီတာကိုလည်း မနာလို မရှုစိမ့်တွေသူတွေ နယ်ပယ် အသီးသီးမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ရှေ့ကလည်းမသွား၊ နောက်ကလည်း မလိုက်ချင် ဘေးကကန့်လန့် တိုက်နေကြသူတွေ ရှိနေကြပါတယ်။ စာရေးသူ ဖွင့်ပွဲသွားရောက်ခဲ့တဲ့ မေတ္တာပီတိ ပရဟိတဆေးခန်း မဖြစ်မြောက်ရေး ဟန့်တားနှောင့်ယှက်တဲ့ သူတွေရှိနေတဲ့အကြောင်း ရပ်ကွက် တာဝန်ရှိသူတွေက ပြောပြကြပါတယ်။ ရပ်ကွက်နေ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ သက်ကြီးရွယ်အိုတွေ ဆင်းရဲနွမ်းပါးသူတွေ၊ ညရေးညတာ အချိန်မတော် ဆေးရုံဆေးခန်းသွားဖို့ အခက်အခဲဖြစ်မယ့် အနေအထားတွေကို အချိန်နဲ့ တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်မယ့် ပရဟိတ ဆေးခန်းလိုမျိုးကို မဖွင့်လှစ်နိုင်အောင် နှောင့်ယှက်ကန့်ကွက် ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့သူတွေဟာ အငြိမ်းစားယူထားပြီး ရပ်ကွက်အတွင်း နေထိုင်ကာ အကျင့်ဆိုးကို အမွေဆိုးရထားတဲ့ သူတွေဖြစ်တဲ့ အကြောင်းလည်း ပြောပြကြပါတယ်။ရပ်ကွက်နေ ပြည်သူတွေအတွက် ဖွင့်လှစ်မယ့် ပရဟိတဆေးခန်းမှာ တာဝန်ယူ ဆောင်ရွက်ပေးကြမယ့် ဆရာဝန်ကြီးတွေ ဆရာမကြီးတွေဟာလည်း တခြားသူတွေ မဟုတ်ဘဲ ရပ်ကွက်အတွင်းမှာ နေထိုင်ပြီး အငြိမ်းစား ယူထားသူတွေ၊ လက်ရှိတာဝန် ထမ်းဆောင်ဆဲသူတွေက အလှည့်ကျနဲ့ တာဝန်ယူ ပေးသွားကြမယ့် အကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ရပ်ကွက်အတွင်းမှာ အဖြူရောင် အလင်းတန်း လူငယ်ပရဟိတ အဖွဲ့က အခမဲ့ စာသင်ပေးမှုတွေ ပြုလုပ်ပေးတဲ့အပြင် လူမှုရေး၊ အလှူအတန်းနဲ့ သာရေး၊ နာရေးတွေမှာလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကြောင်း၊ ရပ်ကွက်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုတွေ အနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစီးပြီး ကိုယ်ထူကိုယ်ထ စနစ်နဲ့ ခြင်ဆေးဖျန်းမှုတွေ ရေနုတ်မြောင်းဖော်မှုတွေ၊ နောက်ဖေးလမ်းကြား အမှိုက်ရှင်းမှုတွေကြောင့် ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ကြတဲ့ အိမ်ထောင်စုတစ်စုမှ မရှိတဲ့အပြင် ပညာရေး၊ ကျန်းမာရေး၊ သာရေး၊ နာရေးတွေနဲ့ ပတ်သက်ပြီးလည်း အခက်အခဲတွေ မရှိကြတဲ့အကြောင်း သိရပါတယ်။ပရဟိတ အဖွဲ့အစည်းများ နိုင်ငံအနှံ့ ပေါ်ထွန်းလာခြင်းဟာလည်း နိုင်ငံတော် အနာဂတ်အတွက် ကောင်းသော နိမိတ်ပုံရိပ်များပဲ ဖြစ်ပါတယ်။ အတိဒုက္ခရောက်နေကြတဲ့ ကိုယ့်ပြည်သူ အချင်းချင်းကို စစ်အစိုးရခေတ် အဆက်ဆက်က ကူညီချင်တိုင်း လှူချင်တိုင်း လှူလို့မရခဲ့ကြပါဘူး။ ပရဟိတစိတ်ရှိတဲ့ ပြည်သူတွေ အနေနဲ့ ဒီလိုနေ့မျိုးတွေရောက်ဖို့ အသက်ပေါင်းများစွာ စတေးခဲ့ကြရပြီး အခက်အခဲပေါင်း၊ ပြဿနာပေါင်း၊ ဒုက္ခအပေါင်း၊ စိတ်ဆင်းရဲမှုပေါင်းများစွာ ကြုံတွေ့ခဲ့ကြရပြီးလည်း ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ အုပ်ချုပ်သူ အာဏာပိုင် အဖွဲ့အစည်း အဆင့်အဆင့်ကလည်း ပရဟိတ လုပ်ငန်းတွေကို အားမပေးတဲ့အပြင် ကူညီထောက်ပံ့မည့်သူတွေကိုလည်း ကူညီမထောက်ပံ့နိုင်အောင် ဟန့်တားနှောင့်ယှက်ခဲ့မှုတွေကြောင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အတွင်းမှာ အသက်မသေသင့်ဘဲ သေခဲ့ကြရတဲ့သူတွေ၊ ဒုက္ခပင်လယ်ဝေခဲ့ကြရတဲ့သူတွေ များစွာ ရှိခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ပွင့်လင်းမြင်သာလာတဲ့ ခေတ်စနစ်နဲ့အတူ ပရဟိတ စိတ်ဓာတ်တွေ ရှင်သန်လာတဲ့အတွက် ဘေးအန္တရာယ် အမျိုးမျိုးကြောင့် အခက်အခဲ ကြုံတွေ့နေကြရတဲ့ ပြည်သူတွေ အနေနဲ့ အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ပရဟိတ စိတ်ဓာတ်တွေဟာ အသက်အရွယ် အပိုင်းအခြားနဲ့လည်း မဆိုင်သလို လူတိုင်းရင်မှာလည်း မကိန်းအောင်းနိုင်ကြပါဘူး။ ရာထူးရာခံတွေ၊ လုပ်ပိုင်ခွင့်တွေ ငွေကြေးတွေ ဘယ်လောက်ပဲရှိရှိ ပရဟိတ စိတ်ရှိချင်မှ ရှိကြတာပါ။ ငွေကြေးပြည့်စုံပြီး လုပ်ပိုင်ခွင့်ရှိကာ ပရဟိတစိတ်ဓာတ် ရှိကြရင်တော့ အတိုင်းထက် အလွန်ပဲ ဖြစ်မှာပါ။ ယခုနိုင်ငံအနှံ့ ပရဟိတ လုပ်ငန်းတွေ လုပ်ရပ်တွေကို ဆောင်ရွက်နေသူတွေ ကူညီပံ့ပိုးနေကြသူတွေ အများစုဟာ ငွေကြေးခိုင်မာ တောင့်တင်းသူတွေ မဟုတ်ကြပါဘူး။ မိမိတို့မှာရှိတဲ့ လုပ်အား၊ မိမိတို့မှာရှိတဲ့ စေတနာ၊ မိမိတို့မှာရှိတဲ့ ကူညီရိုင်းပင်းလိုတဲ့ စိတ်ဓာတ်တွေ ခွန်အားတွေနဲ့ လုပ်နေကြသူတွေ များပါတယ်။ နိုင်ငံအတွင်း သဘာ၀ ဘေးအန္တရာယ်ကြရောက်တိုင်း အင်တိုက်အားတိုက် ပရဟိတစိတ်ဓာတ် အပြည့်နဲ့ ကိုယ်ကျိုးမဖက်ဘဲ ကူညီဆောင်ရွက်ပေးနေကြတဲ့ လူငယ်လူရွယ်တွေရဲ့ စိတ်ဓာတ်တွေကို မူးယစ်ဆေးဝါးနဲ့ လမ်းလွဲရောက်နေကြတဲ့ လူငယ်တွေ လောင်းကစားနဲ့ အကျင့်စာရိတ္တ ပျက်ယွင်းနေကြတဲ့ လူငယ်တွေ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်ထိုင်ပြီး အွန်လိုင်းတွေပေါ်မှာ အကျိုးမဲ့ အချိန်ဖြုန်းနေကြတဲ့ လူငယ်တွေ အနေနဲ့ အတုယူကြဖို့ လိုပါတယ်။အမှန်တကယ်တော့ ပရဟိတစိတ်ဓာတ်ဆိုတာ မျှဝေခံစားတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသူတွေ အခက်အခဲ ဖြစ်နေသူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ဒုက္ခိတဘ၀ ရောက်နေသူတွေ၊ ခိုကိုးရာမဲ့နေသူတွေရဲ့ ဘဝတွေကို နားလည်ခံစားပြီး ငါတို့လည်း သူတို့လို ဘဝမျိုးတွေမှာ ရောက်နေခဲ့ရင် ဘယ်လိုနေမလဲဆိုတဲ့ စိတ်မျိုးထားနိုင်ကြသူတွေကသာ ဒီလိုအလုပ်မျိုးတွေ လုပ်နိုင်ကြတာပါ။ အထူးသဖြင့် ကိုယ်ချင်းစာစိတ်နဲ့ စိတ်နာစိတ် အပြည့်ရှိသူတွေကသာ ပရဟိတ လုပ်ငန်းတွေကို သယ်ပိုး ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ ငလျင်ဒဏ် အပါအဝင် ရေကြီးရေလျှံ သဘာ၀ ဘေးအန္တရာယ်တွေကြောင့် ဒုက္ခရောက်နေကြတဲ့ အခက်အခဲဖြစ်နေကြတဲ့ ပြည်သူပြည်သားတွေကို နယ်ပယ် အသီးသီးက ပရဟိတစိတ်ဓာတ် အပြည့်ရှိနေကြသူတွေက အချိန်နဲ့ တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနေတဲ့ မြင်ကွင်းတွေဟာ ပြည်သူလူထုအတွင်း ပရဟိတ စိတ်ဓာတ်ရှင်သန်လာတဲ့ အနေအထား တစ်ရပ်ကို မီးမောင်းထိုးပြထားခြင်း ဖြစ်ပါတယ်။မည်သို့ပင် ဆိုစေကာမူ ယနေ့အချိန်အခါမှာ နိုင်ငံအနှံ့ မူးယစ်ဆေးဝါး ပျံ့နှံ့လာမှုတွေကြောင့် လူငယ်ထုအတွင်း အကျင့်စာရိတ္တများ ယိုယွင်းကာ မကောင်းမှု ဒုစရိုက်လွှမ်းမိုးလာပြီး နိုင်ငံတော်အနာဂတ်၊ လူငယ်တွေရဲ့ အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာ အနေအထား တစ်ရပ်ကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။သို့ဖြစ်၍လည်း လူငယ်ထုအတွင်း လွဲမှားနေတဲ့ အကျင့်စရိုက်တွေ၊ စိတ်ဓာတ်တွေကို ရပ်မိရပ်ဖများ တာဝန်ရှိ ပုဂ္ဂိုလ်များက အချိန်မီပြုပြင် တည့်မတ် ထိန်းကျောင်းပေးပြီး မိမိတို့ရပ်ကွက်၊ မြို့နယ်တွေကတစ်ဆင့် လူငယ်ထုအတွင်း ပရဟိတ စိတ်ဓာတ်များ ရှင်သန်လာအောင် ဆောင်ကြဉ်းပေးသွားနိုင်မှသာ လူငယ်တွေရဲ့ အနာဂတ်နဲ့အတူ နိုင်ငံတော် အနာဂတ်လည်း သာယာလှပနိုင်မှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။










