ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အကျပ် အတည်းရဲ့ ထွက်ပေါက်ကို မရှာနိုင်သရွေ့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲဟာ လမ်းလွဲနေဦးမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း ရှိ၊ မရှိ ဆိုတာကို ငြင်းခုံဆွေးနွေး နေရဦးမယ်ဆိုရင်တော့ အချိန်ပိုကြာဦးမှာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကကော ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းရဲ့ ထွက်ပေါက် ဖြစ်လာမလား စဉ်းစားစရာပါ။ အမျိုးသားအကျပ်အတည်းလို့ဆိုရမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအကျပ်အတည်းဟာ တကယ်တော့ မြန်မာ့နိုင်ငံရေး ကူးစက်ရောဂါဆိုးကြီးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလျက် ရှိနေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းရဲ့ ကနဦးအစဟာ ပြင်သစ်ဇာတ်လမ်းပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ့်အုပ်စုနဲ့ အသစ်ရေးမယ့် အုပ်စုအကြားက အယူအဆ၊ နည်းနာနဲ့ ဗျူဟာအငြင်းပွားခဲ့တဲ့ အချိုးအကွေ့တစ်ခုပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်မယ့်ဘက်ကို ပုံအောလိုက်ပြီးတဲ့နောက် အသစ်ရေးဆွဲရေးဟာ အားမတန် မာန်လျှော့ခဲ့ရကာ ပြင်သစ်ဇာတ်လမ်းကနေ ပြင်ဇာတ်လမ်း ဖြစ်ခဲ့ရပါတယ်။ ဒီချုပ်ကမကထပြုခဲ့တဲ့ ပုဒ်မ (၄၃၆) ပြင်ဆင်ဖို့ ဆန္ဒပြုတဲ့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ လက်မှတ်ငါးသန်းဟာ ပထမအကြိမ် လွှတ်တော် အစည်းအဝေးတွေထဲမှာပဲ ပျောက်ဆုံးခဲ့ရပါတယ်။ အခု ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေထဲမှာ လက်မှတ်ငါးသန်းဟာ ဆက်ပျောက်ဆုံးနေဆဲပါ။ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတိ သက်သက်သာ ပြင်ဆင်နိုင်ခဲ့ပေမယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအစမှာ တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအသံဟာ လုံးလုံးပျောက်နေကာ လတ်တလော အကျပ်အတည်း မဟုတ်တော့သယောင် မာယာများနေသလားလို့ စဉ်းစားစရာ ဖြစ်နေပါတယ်။
လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အလားအလာ နည်းတယ်ဆိုတာကို ပထမအကြိမ် လွှတ်တော်ကာလ ပြင်ဆင်ရေး ခြေလှမ်းတွေအရကြည့်ရင် အထင်းသား မြင်သိနိုင်ပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းက သဘောမတူရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်လုံးတစ်ပါဒတောင် ပြင်လို့မရနိုင်တာကို လူသိရှင်ကြား သက်သေပြုလိုက်တာနဲ့အတူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်တွင်း ဗီတိုအာဏာပိုင်ရှင်တွေ ဖြစ်တယ်ဆိုတာ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ဖြစ်လာခဲ့ပါတယ်။ လွှတ်တော်တွင်းကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကို ကျော်လွှားဖို့ အလားအလာနည်းပါးကာ ထွက်ပေါက် ပိတ်သွားတဲ့သဘောလို့လည်း သုံးသပ်ကြပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ သဘောတူတဲ့အချိန်၊ သင့်လျော်တဲ့အချိန်အထိ လွှတ်တော်ထဲက ထိုင်စောင့်နေရမယ့်သဘော ဖြစ်နေပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေ) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ လက်မှတ်ထိုးပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေအရလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကို ကျော်လွှားနိုင်ကောင်းရဲ့လို့ စဉ်းစားခဲ့တာလဲ ရှိပါတယ်။ အဲဒီအခင်းအကျင်းမှာ အချက်နှစ်ချက် စဉ်းစားသင့်ပါတယ်။ ပထမအချက်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံမှာ ဘယ်လိုဘယ်ပုံ အဆုံးအဖြတ် ရယူမလဲဆိုတာကို စဉ်းစားရမှာပါ။ ဒုတိယအချက်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံရဲ့ ဆုံးဖြတ်ချက်တွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးတဲ့သဘော သတ်မှတ်မလားဆိုတာကို စဉ်းစားဖို့ပါ။
ဘယ်လို ဆုံးဖြတ်မလဲဆိုတဲ့ကိစ္စကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ ဖော်ပြထားပါတယ်။ အဲဒီမူဘောင်နဲ့ပဲ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရော၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံရော လုပ်ခဲ့တာပါ။ အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက မူဘောင်ကို ရေးဆွဲ သဘောတူညီမှုရယူရမယ်လို့ အင်န်စီအေ အပိုဒ် ၂၀ (ခ) မှာ ဖော်ပြထားတော့ အင်န်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကပါ သဘောတူထားတဲ့ မူဘောင်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် အပိုဒ် ၆.၁ က ဆွေးနွေးညှိနှိုင်းရမည့် ကိစ္စရပ်များအားလုံးကို လုပ်ငန်းကော်မတီအဆင့်တွင် အကျေအလည် ဆွေးနွေး အဖြေရှာမည်လို့ဆိုပါတယ်။ အပိုဒ် ၆.၂ မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် လုပ်ငန်းကော်မတီအသီးသီးမှ တင်ပြလာသော ကိစ္စရပ်များအနက် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များအပါအဝင် အရေးကြီးသော ကိစ္စရပ်များကို ညီလာခံတက်ရောက်သူ အစုအဖွဲ့ တစ်ဖွဲ့ချင်းစီမှ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရရှိ၍ တက်ရောက်သူ စုစုပေါင်း၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲဖြင့် ဆုံးဖြတ်နိုင်သည်လို့ သတ်မှတ်ထားပါတယ်။
မူဘောင်မှာပါတဲ့ ဆုံးဖြတ်မယ့်စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာထက် မခက်ရင်တောင် မလွယ်တာကတော့ အသေအချာပါ။ နောက် အရေးကြီးသော ကိစ္စရပ်များဆိုတဲ့ ပြဋ္ဌာန်းချက်ကလည်း နယ်စည်းမခြားထားတဲ့သဘော၊ လိုတဲ့ကိစ္စ ဆွဲထည့်နိုင်တဲ့ သဘော ရှိနေတာကို တွေ့ရပါတယ်။ ညီလာခံ တက်ရောက်တဲ့ အစုအဖွဲ့ တစ်ဖွဲ့ချင်းစီက ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရဖို့ဆိုတာ ခက်ခဲသလို တက်ရောက်သူအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရဖို့ဆိုတာလည်း အတော့်ကိုခက်ခဲပါတယ်။ ဒါ့အပြင် အရင်ညီလာခံ နှစ်ကြိမ်စလုံးအတိုင်း တပ်မတော်ကိုယ်စားလှယ်တွေကို သီးခြားအစုအဖွဲ့ တစ်ခုအဖြစ် သတ်မှတ်မယ်ဆိုရင် (၂၁) ရာစု ပင်လုံအဆုံးအဖြတ် ရယူတဲ့နေရာမှာ တပ်မတော်ကိုယ်စားလှယ်တွေဟာ ဗီတိုအာဏာ ထပ်ရသွားပြန်တဲ့သဘော ဖြစ်နေမှာပါ။
အရေးကြီးသော ကိစ္စရပ်တွေမှအပ အခြားကိစ္စတွေကို သဘောတူဆုံးဖြတ်ချက် ရယူတဲ့နေရာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာလောက်ကို ခက်ခဲနေပြန်ပါတယ်။ မူဘောင်အပိုဒ် ၆.၃ မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် လုပ်ငန်းကော်မတီ အသီးသီးမှ တင်ပြလာသော ကိစ္စရပ်များအနက် အပိုဒ် ၆.၂ ပါကိစ္စရပ်များမှအပ အခြားကိစ္စရပ်များကို ညီလာခံတက်ရောက်သူ အစုအဖွဲ့တစ်ဖွဲ့ချင်းစီမှ အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက် ထောက်ခံမဲရရှိ၍ တက်ရောက်သူ စုစုပေါင်း၏အနည်းဆုံး ၆၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲဖြင့် ဆုံးဖြတ်နိုင်သည်လို့ ဖော်ပြထားပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်သုံးခုပေါင်း အစုအဖွဲ့တစ်ခုဖြစ်ခဲ့ရင်တောင် အဲဒီအဖွဲ့ရဲ့ ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းဟာ လက်ရှိမူဘောင်ပါ ကိုယ်စားလှယ်ဦးရေ သတ်မှတ်ချက်အရ တပ်မတော်ကိုယ်စားလှယ်တွေ ဖြစ်နေတာကြောင့် တပ်မတော်ဟာ ကိုယ်စားလှယ်စုဖွဲ့မှုအရကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံမှာ ဗီတိုအာဏာ ဆက်ထိန်းထားတဲ့သဘောလို့ ဆိုနိုင်မှာဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကနေ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အစည်းအဝေးတွေ ကျင်းပတဲ့အခါ မူဘောင်ပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူဆုံးဖြတ်ချက် ချမှတ်ခြင်းအခန်းက အပိုဒ် ၆.၂ နဲ့ အပိုဒ် ၆.၃ ကို မဖြစ်မနေ ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။ အပိုဒ် ၆.၁ နဲ့ ၆.၂ ကို မပြင်နိုင်သရွေ့တော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းရဲ့ ထွက်ပေါက် ဖြစ်လာနိုင်စရာ အကြောင်း လုံးဝမရှိနိုင်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကလည်း ပိုနေမြဲ ကျားနေမြဲသာဖြစ်နေမှာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံကနေ တပ်မတော်က သဘောတူတဲ့ ဆုံးဖြတ်ချက်တွေပဲ ထွက်ပေါ်လာနိုင်ပါတယ်။
အကယ်၍ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် အပိုဒ် ၆.၁ နဲ့ ၆.၂ ကို ပြင်ဆင်နိုင်ခဲ့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့ရင်တောင် အဲဒီဆုံးဖြတ်ချက်တွေအတိုင်း အတည်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ မရေရာ၊ မသေချာတာကို သတိပြုမိပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေ) အပိုဒ် ၂၀ (စ) မှာ ပြည်ထောင်စု သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်းလို့ ဖော်ပြထားပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၊ အပိုဒ် ၁၃ မှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများကိုလည်းကောင်း၊ ပြည်ထောင်စု သဘောတူစာချုပ ်တစ်ရပ်လုံးကိုလည်းကောင်း၊ အနီးဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက် ရယူရမည်လို့လည်း ဖော်ပြထားပါတယ်။ လုပ်ထုံးလုပ်နည်းတွေကို ရှင်းရှင်းလင်းလင်း မဖော်ပြထားပါ။ ဘယ်လိုလုပ်ထုံးလုပ်နည်းတွေလဲဆိုတာ အခုထက်ထိ မရှင်းလင်းသေးပါ။
အင်န်စီအေ၊ အပိုဒ် ၂၂ (ဃ) နဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် အပိုဒ် ၁ (ဃ) မှာ ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုလုပ်ရန် သဘောတူသည်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖြည့်စွက်ဖို့၊ ပယ်ဖျက်ဖို့ဆိုရင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တွေဟာ လုပ်ထုံးလုပ်နည်းတွေပဲလို့ သတ်မှတ်လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း ကျော်လွှားရေးဟာ ဆင်ပြောင်ကြီး အမြီးကျမှတစ် ဖြစ်တော့မှာပါ။ အဲဒီနည်းလမ်းနဲ့ပဲ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် ရယူရမယ်ဆိုရင် (၂၁) ရာစုပင်လုံတလျှောက် ဆွေးနွေး အတည်ပြုခဲ့သမျှ သဲထဲရေသွန် ဖြစ်ရတော့မှာပါ။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ရဲ့ အပိုဒ် ၁၇ မှာတော့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင်ပါရှိသည့် အချက်အလက်များအနက် ပြင်ဆင်ရန်လိုအပ်သော အချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေမှု ပူးတွဲကော်မတီ (UPDJC) တွင် ဆွေးနွေးပြီး ပြင်ဆင်ဖြည့်စွက် အတည်ပြုနိုင်သည်။ ထိုပြင်ဆင်ဖြည့်စွက်ချက်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင်ပါရှိသည့် သဘောတူညီချက်များနှင့် ဆန့်ကျင်ခြင်း မရှိစေရလို့ ဖော်ပြထားပါတယ်။ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ရဲ့အစည်းအဝေးတွေမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြင်နိုင်၊ မပြင်နိုင် စောင့်ကြည့်ရမှာပါ။
အချုပ်ဆိုရသော် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့အစည်းအဝေးတွေမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၊ အပိုဒ် ၆.၂ နဲ့ အပိုဒ် ၆.၃ ကို ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့အညီ၊ အများစု သဘောဆန္ဒနဲ့ အဆုံးအဖြတ် ရယူနိုင်ရေး မပြင်ဆင်နိုင်ရင်၊ ပြည်ထောင်စု သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်ရဲ့အတည်ပြုချက် ယူတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေနဲ့ စပ်လျဉ်းတဲ့ သဘောတူညီချက်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆက်လုပ်ရမယ်ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းရဲ့ ထွက်ပေါက်ဖြစ်လာနိုင်စရာ အကြောင်း လုံးဝမရှိပါကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲဟာလည်း သောင်မတင် ရေမကျ ဆက်ဖြစ်နေဦးမှာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။










