လူသားတိုင်း မွေးဖွားချိန်ကနေ အသက်အရွယ် အိုမင်းချိန်အထိ အနုပညာဖန်တီးမှုတွေနဲ့ ထိတွေ့ပတ်သက်နေကြရပါတယ်။ အနုပညာဖန်တီးမှု အဖုံဖုံကိုလည်း ပုံစံမျိုးစုံနဲ့ ခံစားသက်ဝင်ကြရသလို ကိုယ်တိုင်လည်း မွေးရာပါ ဗီဇအလျောက်၊ ဝါသနာအလျောက် ခံစားမှု အနုပညာရသအမျိုးမျိုးကို ရွေးချယ်တတ်ကြပါတယ်။ ဒီလို လူသားတိုင်းနဲ့ ပတ်သက်မှုရှိနေတဲ့ အနုပညာဖန်တီးမှုတွေထဲက တစ်ခုကတော့ ရုပ်ရှင်အနုပညာပါ။ ဘဝဇာတ်ခုံ အဖုံဖုံကို သဏ္ဌာန်လုပ် သရုပ်တူစေလို့ ကြည့်ရှုခံစားချိန် နာရီပိုင်းလေးအတွင်းမှာ ရသစုံခံစားရရှိစေနိုင်တဲ့အတွက် ရုပ်ရှင်ဇာတ်ကားတွေကို ခံစားမှုအနုပညာက လူတိုင်းနီးပါး ရွေးချယ်ခံစားတတ်တဲ့ အနုပညာဖန်တီးမှုတစ်ခုလို့လည်း ဆိုရမှာပါ။
ဒီလို ခံစားနှစ်သက်သူ များပြားလှတဲ့ ရုပ်ရှင်ဆိုတာက မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာခဲ့တာ နှစ်ပေါင်း ၁၀၀ တိုင်ပါတော့မယ်။ ၁၉၂၀ ပြည့်နှစ်မှာ တရားဝင် စတင်ပေါ်ထွက်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဖန်တီးမှုဟာ လက်ရှိမှာတော့ ၉၆ နှစ် တိုင်ခဲ့ပါပြီ။
ရာစုနှစ်တစ်ခုတိုင် ဖြတ်သန်းစီးဆင်းလာခဲ့တဲ့ မြန်မာ့ရုပ်ရှင် ရေစီးကြောင်းက အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းခဲ့တဲ့ အချိန်ကာလတွေရှိခဲ့သလို သဲသောင်ပြင်တွေ ပေါ်ထွန်းလို့ ရေစီးဖို့တောင် ခက်ခဲခဲ့တဲ့ အပြင်းအထန် ရုန်းကန်ရတဲ့ အခြေအနေတွေကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒီလို ရေစီးတစ်ခါ ရေသာတစ်လှည့်ဆိုသလို ဖြတ်သန်းစီးဆင်းခဲ့တဲ့ မြန်မာ့ရုပ်ရှင်ခရီးလမ်းက လက်ရှိအချိန်မှာလည်း ချောမွေ့တဲ့ ပန်းခင်းလမ်းကို လျှောက်လှမ်းနေတာတော့ဖြင့် မဟုတ်နိုင်ပါဘူး။ အရေအတွက်များပြားလှတဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေ လုပ်နေကြပေမယ့် ရုံတင်ပြသစရာ ရုံနည်းပါးတဲ့ အခက်အခဲတွေ၊ ရုံအုပ်စုတစ်ခုတည်းကပဲ ဦးဆောင်စိုးမိုးထားတာတွေ၊ ပရိသတ်အားပေးမှု အနေအထားကို မှန်းဆနိုင်ဖို့ ခက်ခဲတာတွေ အပါအဝင် အခက်အခဲပေါင်းများစွာ ရှိနေကြဆဲပါ။ ဒါကြောင့် မြန်မာ့ရုပ်ရှင်ရဲ့ လက်ရှိအခြေအနေက အလျင်အမြန်အဖြေရှာဖို့ လိုအပ်နေတဲ့ ပုစ္ဆာတစ်ပုဒ်လည်း ဖြစ်လို့နေပါတယ်။
မြန်မာ့ရုပ်ရှင်တွေက လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအချိန်မှာတော့ အခက်ခဲဆုံး အချိန်ကာလတစ်ခုကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသေးတယ်။ မြန်မာရုပ်ရှင် ဇာတ်ကားတွေအပေါ် ပရိသတ်စိတ်ဝင်စား အားပေးမှု လျော့နည်းခဲ့တာကြောင့် ဒီဗွီဒီရုံတွေ အစားထိုးပြသခဲ့ကြသလို ဖလင်ရှားပါးမှု အခက်အခဲကိုလည်း ဒီနည်းစနစ်နဲ့ပဲ ဖြေရှင်းခဲ့ကြပြန်ပါတယ်။ အရင်ကတည်းက ရှိနေခဲ့တဲ့ ဗီဒီယိုစနစ်အပြင် ထပ်တိုးပြသမှုတစ်ခုဖြစ်လာတဲ့ ဒီဗွီဒီ ဇာတ်ကားပြသမှု ဈေးကွက်က အခိုင်အမာရှိခဲ့ဖူးပါတယ်။ ဒီလို တစ်ပွဲတိုးဖြေရှင်းနည်းတွေ နဲ့ ကျားကန် ရပ်တည်လာခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ အသက်ရှူပေါက် တစ်ခုအနေနဲ့ ထွက်ပေါက်ရစေခဲ့တာကတော့ ရယ်မောပျော်ရွှင်စရာ ဟာသဇာတ်ကားတွေ ဖန်တီးရိုက်ကူးလာခြင်းပါ။
နေ့စဉ် နေထိုင်မှုဘဝမှာ ဘဝအမောတွေ ရင်ဆိုင်ကြုံတွေ့ရသလို အခက်အခဲတွေ၊ ပင်ပန်းဆင်းရဲမှုတွေ၊ ထွက်ပေါက်ပိတ်နေမှုတွေနဲ့ ရုန်းကန်နေထိုင်ရသူတွေအတွက် ဟာသရုပ်ရှင် ဇာတ်ကားတွေကြည့်ရှုရင်း နှစ်နာရီစာ ရယ်မောနိုင်မှုက ထွက်ပေါက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟာသဇာတ်ကားတွေ ရုံတင်ပြသတဲ့အခါတိုင်း မဖြစ်မနေ သွားရောက်ကြည့်ရှုရင်း အချိန်ခဏတာ ပျော်ရွှင်ရတဲ့ ခံစားမှုကို ရွေးချယ်လာကြပါတယ်။ ဒါကြောင့် မြန်မာရုပ်ရှင်ဇာတ်ကားတွေရဲ့ အချိုးအကွေ့တစ်ခုက ဟာသဇာတ်ကားတွေနဲ့ အတူ ပြန်လည်ရှင်သန် နိုးထလာခဲ့ပြန်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေ၊ လူငယ်သရုပ်ဆောင်တွေ၊ ဇာတ်ပို့ဇာတ်ရံတွေ အစရှိတဲ့ သရုပ်ဆောင်အများစုက ရယ်မောပျော်ရွှင်စရာ ဇာတ်ကားတွေပဲ ရွေးချယ် ရိုက်ကူးလာကြသလို ဟာသအမူအရာတွေ ပိုင်နိုင်စွာ လုပ်ဆောင်နိုင်ဖို့ပဲ အားစိုက်ထုတ်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ မြန်မာ့ရုပ်ရှင်ဈေးကွက်မှာ ဟာသရုပ်ရှင်ဇာတ်ကားတွေရဲ့ အခြေအနေက ထိပ်တန်းနေရာကို နှစ်အနည်းငယ်ကြာ နေရာယူ ရပ်တည်လာခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ် ဝန်းကျင်မှာတော့ နှစ်ကာလ အပိုင်းအခြားတစ်ခုအထိ ဟာသဇာတ်ကားတွေနဲ့သာ အနုပညာရသခံစားနေရသူ ရုပ်ရှင်ချစ်သူတွေက အတန်ငယ် ငြီးငွေ့လာကြပြန်ပါတယ်။ ဒီအချိန်မှာပဲ ရုပ်ရှင်လောကရဲ့ နောက်ထပ် အချိုးအကွေ့တစ်ခုလို့ဆိုနိုင်မယ့် ရိုးမန့်စ်၊ ဒရာမာ ဇာတ်ကားတွေက ပရိသတ်နှလုံးသားကို ဆွဲဆောင်လာကြပြန်ပါတယ်။ “အာဒမ်ရယ် ဧဝရယ် ဒသရယ်” ရုပ်ရှင်ဇာတ်ကားက လူငယ်ပရိသတ်အများအပြားရဲ့ နှလုံးသားကို ဆွဲဆောင်ယူငင်နိုင်ခဲ့သလို တခြားရိုးမန့်စ် ဇာတ်ကားတွေ၊ ဒရာမာ ဇာတ်ကားတွေကလည်း ပရိသတ်အားပေးမှုကို အရယူနိုင်ခဲ့ပြန်ပါတယ်။ ဒီလိုပရိသတ်အားပေးမှု အရှိန်အဟုန်မြင့်လာတာနဲ့အမျှ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖန်တီးမှု အရေအတွက်လည်း တစ်စထက် တစ်စ ဆတိုးအရေအတွက်နဲ့ တိုးမြှင့် ရိုက်ကူးလာကြပြန်တယ်။
ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုအရေအတွက် သိသာစွာ မြင့်တက်လာနေပေမယ့် ပြသစရာ ရုံအရေအတွက်ကတော့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ရုံ ၅၀ ဝန်းကျင်လောက်ပဲ ရှိပါတော့တယ်။ ဒါ့အပြင် ဝင်ငွေအရ သိသာစွာ အားထားနိုင်တဲ့ ရုံအရေအတွက်ကလည်း နည်းပါးလွန်းတာကြောင့် ဒီလိုရုံအနည်းစုမှာ ပြသနိုင်ဖို့အတွက် ရုပ်ရှင်ဇာတ်ကား တစ်ကားက ရိုက်ကူးပြီးတာနဲ့ ပြသနိုင်ဖို့ကို နှစ်နဲ့ချီပြီး စောင့်စားကြရပြန်ပါတယ်။ ရုပ်ရှင်ဇာတ်ကား ဖန်တီးမှု ကုန်ကျစရိတ်တွေကလည်း ဆတိုးအနေအထားနဲ့ မြင့်မားလာပြန်ပါတယ်။ ဒီအချိန်မှာပဲ နောက်ထပ် အပြောင်းအလဲတစ်ခုအနေနဲ့ ဗီဒီယိုဈေးကွက် အနေအထား သိသာစွာ ယိုင်နဲ့ကျဆင်းမှု အခြေအနေက ဖြစ်ပေါ်လာပြန်ပါတယ်။ ဗီဒီယိုဈေးကွက်အနေအထား ကျဆင်းလာတာနဲ့အမျှ ရုပ်ရှင်ရိုက်ကူးမှုဘက်ကို ခြေဦးလှည့်မှု များပြားလို့လာခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးမှု ကုန်ကျစရိတ်မှာလည်း အကုန်အကျခံ ရိုက်ကူးတဲ့ ဇာတ်ကားတွေရှိသလို ကုန်ကျစရိတ် နည်းပါးစွာနဲ့ အဖြစ်သဘော ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ပေါ်ထွက်လို့ လာခဲ့ပါတယ်။ တစ်ဖက်မှာတော့ ပြသစရာ ရုပ်ရှင်ရုံအရေအတွက်က သိသာစွာ ရှားပါးနေဆဲပါ။
လက်ရှိအချိန်မှာ ရုပ်ရှင်လောကအတွင်း ကသိရှိရတဲ့ ကိန်းဂဏန်းတွေအရ ပြသဖို့ ဆင်ဆာခွင့်ပြုပြီး ဇာတ်ကားအရေအတွက် ၈၀ လောက် ရှိနေပြီး ပြသခွင့်ဆင်ဆာ တင်ပြဖို့ အဆင်သင့်ဖြစ်နေတဲ့ ရုပ်ရှင်ဇာတ်ကား ၄၀ ဝန်းကျင် ရှိနေပါတယ်။ ဒါ့အပြင် ရိုက်ကူးဖို့ ဇာတ်လမ်းခွင့်ပြုချက်ကျပြီး ဇာတ်လမ်းအရေအတွက်က ၁၅၀ ကျော် ရှိနေပြန်ပါတယ်။ လက်ရှိ ဆင်ဆာခွင့်ပြုပြီး ဇာတ်ကားတွေက ပုံမှန် တန်းစီစနစ်နဲ့ ပြသသွားမယ်ဆိုရင် နောက်ထပ် အနည်းဆုံး နှစ်နှစ်ကနေ လေးနှစ် အထိကို စောင့်ဆိုင်းပြသကြရမှာပါ။ လက်ရှိ ပြသနေတဲ့ ဇာတ်ကားတွေဆိုရင်လည်း ၂၀၁၁၊ ၂၀၁၂ ခုနှစ်ဝန်းကျင်က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဖြစ်လို့ နေပြန်ပါတယ်။ ဇာတ်ကားရိုက်ကူးမှု အရေအတွက်က တစ်ရှိန်ထိုး မြင့်တက်နေပေမယ့် ဇာတ်ကားတွေရဲ့အရည်အသွေးကတော့ သိသာစွာ မြင့်မားမလာခဲ့ပါဘူး။ ဒီလိုရင်မောစရာ ကိန်းဂဏန်းများစွာနဲ့ အခက်တွေ့စပြုလာတဲ့ ရုပ်ရှင်လောကရဲ့အခြေအနေအတွက် အဖြေရှာဖို့ကို ရုပ်ရှင်ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
ရုပ်ရှင်ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးခဲ့တဲ့ အချက်တစ်ခုကတော့ တိကျတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ပါဝင်တဲ့ စာချုပ်ချုပ်ဆိုမှုတွေ ပြုလုပ်ဖို့ပါပဲ။ ဇာတ်ကား ရိုက်ကူးမယ်ဆိုရင် သရုပ်ဆောင်တွေရဲ့အချိန်မတိကျမှုတွေ၊ ဇာတ်ကား ရိုက်ကူးချိန်မှာပဲ သီချင်းသွားဆိုတာ၊ ပွဲသွားတက်တာ စသဖြင့် နားလည်မှုနဲ့ လုပ်ကိုင်နေမှုတွေ၊ ဇာတ်ကားတစ်ကားမှာ အဓိကလိုအပ်ချက် တစ်ခုဖြစ်တဲ့ဇာတ်ညွှန်းကအစ ရိုက်ကွင်းပေါ်ရောက်မှ ဖြစ်သလိုရေးတာတွေ၊ DCP ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲ ရိုက်ကူးနေကြပေမယ့် အရည်အသွေး မမီတာတွေ စတဲ့ အလွဲပေါင်းစုံကို တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တဲ့ စာချုပ်စနစ်နဲ့ ပြေလည်နိုင်ဖို့ ကြိုးပမ်းမယ်ဆိုတဲ့ ဆွေးနွေးမှုပဲ ဖြစ်ပါတယ်။ စာချုပ်စနစ်နဲ့ ကျင့်သုံးရာမှာ ဇာတ်ကားမရိုက်ကူးခင် ထုတ်လုပ်သူနဲ့ ပါဝင်မယ့် အနုပညာရှင်၊ အတတ်ပညာရှင်တွေ ကျေလည်အောင် ဆွေးနွေးဖို့ လိုအပ်မှာဖြစ်ပြီး တစ်ဦးချင်းရဲ့အနုပညာကြေးတွေ၊ ဇာတ်ကားရိုက်ကူးမှုမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေ၊ ထုတ်လုပ်သူဘက်က အပြန်အလှန် လုပ်ကိုင်ပေးရမယ့်အချက်တွေကို အတိအကျ ချုပ်ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒီလို ချုပ်ဆိုခြင်းအားဖြင့် စာချုပ်ပါ စည်းကမ်းဖောက်ဖျက်သူကို ဥပဒေအတိုင်း အရေးယူနိုင်တာကြောင့် စည်းကမ်းတကျ အနုပညာဖန်တီးမှုတွေ ဖြစ်ပေါ်လာနိုင်မှာပါ။ ဒါ့အပြင် အနုပညာရှင်တွေရဲ့အနုပညာကြေးတွေ၊ ဇာတ်ကားရုံတင်တဲ့အခါ ရရှိလာမယ့် ဝင်ငွေတွေ အားလုံးကို တိကျစွာ ထည့်သွင်းရမှာဖြစ်လို့ ဝင်ငွေကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ် လုပ်ငန်းလို့ ဆိုနိုင်သူတွေရဲ့ လျှော့ပေါ့အခွန်ဆောင်မှု ပြဿနာကိုလည်း တစ်နည်းတစ်ဖုံ ဖြေရှင်းနိုင်မှာပါ။ ဒါကတော့ ဆွေးနွေးဆဲ အချက်တစ်ခုသာဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ကတော့ ကြိုးစားနေဆဲသာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ လက်တွေ့ အကောင်အထည်ပေါ်လာမယ်၊ စာချုပ်ပါ စည်းကမ်းချက်တွေအတိုင်း ဘယ်လောက်အထိ လိုက်နာနိုင်ကြမယ် ဆိုတာကတော့ ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဇာတ်လမ်းကျောရိုး တူညီမှုပြဿနာ၊ အနုပညာရှင်တွေရဲ့ အချိန်မတိကျမှု၊ စည်းကမ်းဖောက်ဖျက်မှု အခြေအနေတွေက ကြားသိတွေ့မြင်နေရဆဲပဲ ဖြစ်ပါတယ်။
ရုပ်ရှင်လောကရဲ့အားနည်းချက်တွေကို စာချုပ်ချုပ်ဆိုမှု တစ်ခုတည်းနဲ့တော့ ဖြေရှင်းနိုင်မှာ မဟုတ်သေးပါဘူး။ ရုပ်ရှင်လောကရဲ့ အဓိက လိုအပ်ချက်တစ်ခုဖြစ်တဲ့ ရုပ်ရှင်ရုံ နည်းပါးမှုပြဿနာအတွက် အဖြေရှာရပါဦးမယ်။
ဒီအခြေအနေအတွက်လည်း ရုပ်ရှင်ရုံတွေ အများအပြား ပိုင်ဆိုင်လုပ်ကိုင်နေတဲ့ ရုံအုပ်စုကြီးတွေက ကြိုးစားနေသလို သရုပ်ဆောင် အကယ်ဒမီလွင်မိုး ဦးဆောင်ပြီး ရုပ်ရှင်လောကသား အများအပြားပါဝင်နေတဲ့ Maze Company ကလည်း မြန်မာနိုင်ငံတစ်ဝန်းမှာ ရုပ်ရှင်ရုံတည်ဆောက်မှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေကြပါတယ်။
ရုပ်ရှင်လောကအတွက် နောက်ထပ် စိန်ခေါ်မှု တစ်ခုကတော့ ရုပ်ရှင်ပြသမှုစနစ်ပါပဲ။ လတ်တလော ကျင့်သုံးနေတဲ့ စနစ်အရ ဆင်ဆာခွင့်ပြုပြီး ဇာတ်ကားက တန်းစီစနစ်နဲ့ စောင့်ဆိုင်းပြသရတာဖြစ်ပြီး ဇာတ်ကားပြသတဲ့ ပထမဆုံး ရက်သတ္တပတ်ဝင်ငွေနဲ့ ဇာတ်ကားပြသခွင့်ရမယ့် ရက်သတ္တပတ်ကို ဆုံးဖြတ်တာဖြစ်ပါတယ်။ B Channel လို့ ခေါ်ကြတဲ့ ရုပ်ရှင်ရုံတွေမှာတော့ ဆင်ဆာခွင့်ပြုချက်ရပြီး ရုပ်ရှင်ဇာတ်ကားတွေအနေနဲ့ တန်းစီစနစ် မဟုတ်ဘဲ ရုံပိုင်ရှင်နဲ့ ညှိနှိုင်းပြသနိူင်မှာပဲ ဖြစ်ပါတယ်။ ပုံမှန်တန်းစီစနစ်အနေနဲ့ ပြသမယ်ဆိုရင် ဇာတ်ကားတစ်ကား ရိုက်ကူးချိန်နဲ့ ရုံတင်ပြသချိန်က အနည်းဆုံးနှစ်နှစ်ကနေ အများဆုံး လေးနှစ်လောက်အထိ စောင့်ဆိုင်းပြသရမှာပါ။ B Channel မှာ ပြသမယ်ဆိုရင်တော့ ဒီလိုစောင့်ဆိုင်းရတဲ့ အခက်အခဲကို ကျော်လွှားနိုင်ပေမယ့် ရုံအရေအတွက် နည်းတာ၊ ဝင်ငွေအချိုးအစား ကွာဟတာ အပါအဝင် အခက်အခဲများစွာနဲ့ ထပ်မံရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
ဒါတွေကတော့ ရုပ်ရှင်လောကရဲ့အရေးပေါ်ဖြေရှင်းဖို့ လိုအပ်နေတဲ့ အခြေအနေတွေထဲက တချို့ပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ပြသနေတဲ့ အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို တစ်ပြိုင်နက်တည်း ဒါမှမဟုတ် ရက်အနည်းငယ်သာ နောက်ကျပြီး ကြည့်ရှုခွင့်ရနေတဲ့ အခြေအနေမျိုးဖြစ်တာကြောင့် မြန်မာဇာတ်ကားတွေရဲ့ အရည်အသွေးပိုင်းကလည်း မဖြစ်မနေ မြှင့်တင်ဖို့ လိုအပ်လာပြန်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးလာမှုနဲ့အတူ ပရိသတ်တွေရဲ့ရွေးချယ်နိုင်တဲ့ အခွင့်အလမ်းတွေကလည်း တစ်စထက်တစ်စ ပိုမိုများပြားလာနေပါပြီ။ ဒါကြောင့် ရင်မာစရာကိန်းဂဏန်းများစွာနဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီလို့ဆိုရမယ့် မြန်မာ့ရုပ်ရှင်လောကအတွက် အဖြေတစ်ခုကို အလျင်အမြန် ထုတ်ကြရပါတော့မယ်။ တစ်ဦးကို တစ်ဦး အပြစ်ဖွဲ့ လက်ညှိုးထိုးနေကြမယ့် အချိန်တွေမှာ ဘယ်လိုပြင်ဆင်နိုင်မယ်ဆိုတဲ့ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်ချ ဆောင်ရွက်မှုတွေကိုသာ အစားထိုးဆောင်ရွက်မှလည်း ရင်မောစရာ အခြေအနေတွေကနေ ရုန်းထွက်နိုင်ကြမှာပါ။ ထိပ်တန်းဝင်ငွေရသူတွေ အနေနဲ့ ရပ်တည်နေကြတဲ့ သရုပ်ဆောင်တွေရဲ့အခြေခံ အတွေးအခေါ်တွေကစလို့ ရုပ်ရှင်လောကရဲ့ အလွှာစုံက ပြင်ဆင်မှုတွေ ပြုလုပ်ကြမှလည်း ပရိသတ်တွေရဲ့ ရွေးချယ်မှုကို ဆက်လက်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ မကြာခင်နှစ်များဆီမှာပဲ ရောက်ရှိလာတော့မယ့် မြန်မာ့ရုပ်ရှင်လောက ရာစုနှစ်ပြည့်အချိန်မှာ လတ်တလော ကြုံတွေ့နေရတဲ့ ရင်မောဖွယ် ကိန်းဂဏန်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှု အခြေအနေကနေ ရုန်းထွက်နိုင်မလား ဆိုတာကိုတော့ ပိတ်ကားပြင်ထက်မှာ ဆက်လက် စောင့်ကြည့်သွားရမှာပါ။










